Skip to main content

Posts

Showing posts from October, 2006

လန်ဒန်စံတော်ချိန် ၁နာရီ နောက်ဆုတ်သွားခြင်း

လန်ဒန်မှာ စံတော်ချိန် ပြောင်းသွားပြီ။ ၁နာရီ နောက်ကိုဆုတ်သွားတယ်။ ဆောင်းဝင်လာပြီ။ မြန်မာစံတော်ချိန်နဲ့ ၆နာရီခွဲလောက် ကွာသွားတယ်။ အအေးလဲ သိသိသာသာ ပိုလာပြီ။ အခုမှ စတွေ့တဲ့ အတွေ့အကြုံပါ။ ဘာကြောင့်လုပ်ရတယ်ဆိုတာ သိချင်တာနဲ့ bbc.com ကနေရှာပြီး မှတ်ထားလိုက်တယ်။ Why Change the Clocks? Twice a year the clocks change, forward in the Spring and then back again in the Autumn. But why? Don't forget to put your clocks back an hour this Sunday, 29 October. It happens twice a year. We all change our clocks and watches by one hour. In the spring, we add an hour, and go onto what is called British Summer Time, while in the autumn, we do the reverse, and adhere to Greenwich Mean Time. [ more ]

ဖေဖေနဲ့မေမေ ... သားမွေးနေ့ရောက်ပြန်ပြီ

မေမေ နဲ့ ဖေဖေ ... ဒီနေ့ သားရဲ့ မွေးနေ့ရောက်ပြန်ပြီ။ သား ... ဒီနေ့ ဖေဖေနဲ့မေမေကို အရမ်းသတိရတယ်။ ဖေဖေနဲ့မေမေ ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့လို့ သား ဒီနေ့ဒီအချိန်ထိ အသက်ရှင် နေထိုင်နိုင်ခဲ့တာပါ။ သား ဒီကနေပဲ ဖေဖေနဲ့မေမေကို ကန်တော့ပါတယ်။ "ဝေးလေလေ မိဘအချစ်တရား ပိုသိလေ" ဆိုတာ သိပ်ကို မှန်တာပဲ။ ဒီနေ့ မေမေနဲ့ဖုန်းပြောပြီတဲ့နောက် သား ဒီစာကို ရေးနေတာပါ။ ဖုန်းပြောနေတဲ့ အချိန်တုန်းက မေမေရဲ့ စိတ်ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ သား မေမေရဲ့ အသံကိုကြားတာနဲ့ နားလည်နိုင်ပါတယ် မေမေ။ သားရဲ့ မျက်ရည်တွေကို သား မထိန်းနိုင်ဘူး မေမေ။ ဖေဖေ့ဆီကိုလည်း သား ဒီနေ့ည ဖုန်းဆက်ပါဦးမယ်။ ဖေဖေနဲ့ မေမေ သားကို ပြောခဲ့တဲ့ ဆုံးမစကားတွေကို ကြားမိတိုင်း သားရဲ့ မျက်ရည်တွေက ဘယ်လိုမှ ဟန်မဆောင်နိုင်ခဲ့ဘူး။ မေမေ ဒီနေ့သားအတွက် ဘုရားကို သွားပေးတဲ့ အတွက်ရော မနက်အစောကြီးထပြီး အိမ်ရှေ့မှာ ဆွမ်းလောင်းပေးတဲ့ အတွက်ရော သား အရမ်းကို ကျေးဇူးတင်ပါတယ် မေမေ။ သားလည်း မေမေနဲ့ဖေဖေအတွက် ညအိပ်ရာဝင်တိုင်း ဘုရားမှာ ဆုတောင်းပါတယ်။ သားသမီးနှစ်ယောက်လုံးရဲ့ ရှေ့ရေးအတွက် နိုင်ငံခြားကို မရောက်ရောက်အောင် ကြိုးစားပို့ပေးခဲ့ပြီး ပညာသင်ကြားစေခဲ့တဲ့ ဖေဖေနဲ့ မေ

Asif, Upton park and CMS

မနေ့က ကျောင်းကနေ အတန်းပြီးတော့ သူငယ်ချင်း Asif နဲ့ သူ့ရဲ့ တိုက်ခန်းကို လိုက်သွားတယ်။ CoursWork အတွက်လည်း အတူတူလုပ်ရင်းပေါ့။ သူနေတာက UptonPark ... London ရဲ့ Zone 3 ထဲမှာပါတယ်။ သွားရတာကတော့ သိပ်မဝေးပါဘူး။ ကျောင်းက Zone 2 မှာဆိုတော့ ခဏလေးနဲ့ပဲရောက်သွားတယ်။ သူက မွတ်စလင်ဆိုတော့ သူနဲ့ အတူတူ နေကြတာကလည်း မွတ်စ်တွေကြီးပဲ။ အားလုံးပေါင်း ၆ ယောက်လောက်ရှိတယ်။ စုငှားပြီးနေကြတာ။ ပျော်စရာကြီးပေါ့။ အိုစမာ့အမျိုးတွေလည်း ပါရင်ပါနိုင်တယ် ဟီးဟီး။ ညစာကိုလည်း အဲဒီမှာပဲ စားခဲ့တယ်။ ကုလားစာ လေးတွေပေါ့။ အမဲခါးပတ် ရယ် အသီးအရွက်ကြော်လေးရယ် ... တော်တော်စားလို့ကောင်းပါတယ်။ လုပ်စရာရှိတဲ့ဟာတွေကိုလည်းလုပ် စားစရာရှိတဲ့ဟာတွေကိုလည်း စားပြီး နာရီကြည့်လိုက်တော့ ည ၁၁ နာရီကျော်နေပြီ။ ဒါနဲ့ပဲ Asif နဲ့ ကျန်တဲ့ သူငယ်ချင်းတွေကို နှုတ်ဆက်ပြီး အခန်းကို ပြန်လာခဲ့လိုက်တယ်။ အခုညပိုင်းတွေကတော့ တော်တော်အေးလာပါပြီ။ လမ်းလျှောက်ရင်း မန်းလေးကျုံးဘေးကိုလည်း သတိရလိုက်သေးတယ်။ အခန်းကို ရောက်တော့ ၁၁ နာရီခွဲကျော်နေပြီ။ Asif ရေ ... မင်းရဲ့ အမဲခါးပတ် ကောင်းမှုကြောင့် ငါလည်း ဗိုက်တွေတော်တော်လေးပြီး အိပ်လို့ တော်တော်ကောင်းသွားတယ်ကွာ။ အရာအားလုံးအတွ

Firefox Ver 2.0 သုံးနိုင်ကြပါပြီ

မီးမြေခွေးလို့ခေါ်ကြတဲ့ Firefox Browser ရဲ့ မျိုးဆက်သစ် Version ထွက်နေပါပြီ။ Version 2.0 ဖြစ်ပြီး ဒီဇိုင်းလေးတွေ ပိုမိုက်လာတာ တွေ့ရပါတယ်။ နောက်ပိုင်းမှာ IE ကိုတောင် သိပ်သုံးမယ် မထင်ကြတော့ပါဘူး။ မီးမြေခွေးကို အဓိက ကြိုက်ရတာကတော့ Security ပိုင်းရယ် ပြီးတော့ Extensions တွေရယ်ကြောင့်ပါ။ Extension တွေကလည်း တကယ်ပြောမယ်ဆိုရင် မသုံးဖူးတာတွေလည်း အများကြီး ကျန်ပါသေးတယ်။ အဲဒီဟာတွေကြောင့်လည်း မီးမြေခွေးက နာမည်ကြီးတယ် ထင်တာပဲ။ အခုလောလောဆယ် ... ကျွန်တော့် ကွန်ပျူတာရဲ့ Desktop မှာရှိတဲ့ IE icon လေးကတော့ သူ့ကို Click လာမလုပ်တာရယ် မသုံးတာကြာတာရယ်ကြောင့် စိတ်ကောက်နေလေရဲ့။ ဆောရီးပါ ... IE ငယ်သူငယ်ချင်းကြီး BillGate ကိုလည်း အားတော့နာပါတယ် ... ဟီးဟီး ... ဒါပေမဲ့လည်း မင်းရဲ့ IE ထက် သုံးလို့ပိုကောင်းနေတော့လည်း မတတ်နိုင်ဘူးကွာ။ ငါ့ကိုခွင့်လွှတ်ပါ။ီ » Download Here «

ဆောင်း ...

ဘာလိုလိုနဲ့ ဒီမှာ ဟိုသီချင်းထဲကလို ရာသီဥတုကြီးကို ရောက်တော့မယ်။ ရောက်တော့မှာ မဟုတ်ပါဘူး ရောက်စကိုပြုနေပါပြီ။ "အလွန်အေးတဲ့ရာသီ ... အလွန်ချမ်းတဲ့ရာသီ" အေးရတဲ့ကြားတဲ့ မိုးကအုံ့နေပြီးတော့ တစ်ခါတစ်ခါ ရွာချလိုက်သေး။ အတော်ဆိုးဝါးတဲ့ ရာသီဥတု။ ဆောင်းရာသီ မနက်ပိုင်းတွေကတော့ သိပ်ပြီး မဂွတ်ချင်ဘူး။ အတန်း နောက်ကျတတ်လွန်းလို့။ ပြီးတော့ကျွန်တော်လည်း ဆောင်းရာသီရောက်ရင် နာမည်အမြဲတမ်း ပြောင်းပြောင်းသွားတယ်။ နာမည်က ကိုရီးယားလိုလို တရုတ်လိုလို နာမည်ပါ ... "စောင်ချုံကွေး" တဲ့ ... ဟားဟား။ တစ်ချို့ရက်တွေမှာဆိုရင် နာမည်နဲ့လုပ်ရပ်နဲ့က လုံးဝ ... Directly Proportional ပဲ။ ဆောင်းမနက်ခင်း မန်းလေးကျုံးဘေးမှာ လေ့ကျင့်ခန်းလုပ်နေကြတာတွေ၊ ကျောင်းစိမ်းလေးတွေနဲ့ ကျူရှင်ကိုဦးတည်ပြီး သွားနေကြတဲ့ ကျောင်းသားလေးတွေ၊ ဆွမ်းခံကြွနေကြတဲ့ ဘုန်းကြီးတွေ ဒါမှမဟုတ် မနက်စောစောမှာ ကြားရတတ်တဲ့ ပဲပြုတ်သည်ကဲ့သို့သော ဈေးသည်တွေရဲ့ အော်သံတွေ၊ မနက်တိုင်းကြားတဲ့ "ငါ့သားလေး မထသေးဘူးလား" လို့ဆိုတဲ့ အဖေ ဒါမှမဟုတ် အမေရဲ့အသံတွေ ... ဟာ ... ဖိုးချမ်း ... မင်းတွေးတာတွေ များသွားပြီ ... တော်တော့ကွာ

Adobe Captivate 2

သုံးပြီးကြပြီလားတော့ မသိဘူး။ ကျွန်တော်တော့ အခုတလော စမ်းပြီး သုံးကြည့်နေတယ်။ အခု စမ်းနေတာကတော့ Trial Ver. ပဲရှိသေးတယ်။ မဆိုးဘူးဗျ။ AdobeProduct တွေကို သုံးရတာစိတ်ချမ်းသာတယ်။ သုံးပြီသလောက်တော့ ဒီဆော့ဝဲလ်လေးက MS PowerPoint လိုပုံစံပါပဲ။ ဒါပေမဲ့ PP ထက်တော့အများကြီးသာတဲ့ Function တွေပါတယ်။ သဘောကျဆုံးကတော့ On-Screen Presentation နဲ့ SW Demonstration တွေဖန်တီးလို့ ရတာကိုပါပဲ။ အသေးစိတ် ထပ်ပြီးကြည့်ဖို့နဲ့ Trial စမ်းသုံးကြည့်ဖို့အတွက် [ ဒီဆိုဒ်ကို ] ဆက်လက်ကြွပါ။ သူ့ရဲ့ဈေးကတော့ အလန်ကြီးပဲ။ US$599 တဲ့။ ဘယ်ဈေးဖြစ်ဖြစ်ပါ။ အချိန်တန်ရင် FullVersion ပေးတဲ့ဆိုဒ်လေးတွေပေါ်ကို ရောက်လာလိမ့်မယ်။ လောလောဆယ်တော့ ဘီတားပေါ့။ ဆရာတုံ(မောင်လှ) ပေးတဲ့အတွက် CrackFile ကို ရခဲ့ပါတယ်ခင်ဗျာ ... ကျေးဇူးပါပဲ ကိုတုံ Crack - http://rapidshare.com/files/9047/CaptureAdapter.rar

ကော်ဖီ

အခုတလော တော်တော် သောက်ဖြစ်နေတယ် (ကော်ဖီ)။ တစ်နေ့ကို နှစ်ခွက် အနည်းဆုံးပဲ။ ကော်ဖီတော်တော် စွဲနေပြီလားတော့မသိဘူး။ ညတိုင်းဆို ကော်ဖီပူပူ ခါးခါးလေး သောက်လိုက်ရမှ နေသာထိုင်သာဖြစ်သွားတယ်။ လဘက်ရည် မသောက်ဖြစ်တာလဲပါမှာပါ။ မန်းလေးမှာတုန်းကတော့ လဘက်ရည်ဟေ့ဆိုရင် မင်းသီဟကို ရောက်ပြီးသား။ ဒါမှမဟုတ် လမ်း၈၀ ဘုံကျောင်းနားက TopChoice။ အဲဒီနှစ်ဆိုင်ကတော့ အကြိုက်ဆုံးပဲ။ အခုတော့ လဘက်ရည်နဲ့ဝေးနေတာ တော်တော်ကြာသွားပြီ။ ဒီကလူတွေ ကော်ဖီကို တော်တော်ကြိုက်ကြတယ်။ ကျွန်တော်တို့ မြန်မာတွေ လဘက်ရည် ကြိုက်သလိုပေါ့ဗျာ။ အခုတော့ ကော်ဖီက သောက်လေ စွဲလေလိုဖြစ်နေပြီ။ ကြိုက်တော့လည်း ... ဒုက္ခ

မန်းလေးသားတစ်ယောက် တွေ့ရှိခြင်း

မန်းလေးသားအချင်းချင်း ဆုံမဲ့ဆုံတော့လည်း Online စစ်မြေပြင်ကြီးမှာ လာဆုံမိတယ်။ သူ့ရဲ့ အင်တာနက် စခန်းလေးကတော့ ... http://waihinhtut.blogspot.com ဝေဟင်ရေ ငါတော့ ဗျောက်ဖောက်လိုက်ပြီ ... ဟားဟား

ဓာတ်တော်ချိုင့် အမှတ်တရ - ၂

ဒါကတော့ ရေတံခွန်မှာ ရေမဆော့ခင် အမှတ်တရပေါ့ဗျာ။ ဓာတ်တော်ချိုင့် ရေတံခွန်ဟာ မေမြို့အနီးစခန်း နားမှာရှိပြီး သွားရတာ အရမ်းဝေးပါတယ်။ အကွေ့ပေါင်း ၂၀ ကျော်ရှိပါတယ်။ အသွားလမ်းကတော့ ကုန်းဆင်းပုံစံမျိုးပါပဲ။ သိပ်တော့ မမောဘူးပေါ့။ ဒါပေမဲ့ ဘယ်လောက်မောမောပါ ရေတံခွန်ကို ရောက်ပြီဆိုတာနဲ့ စိတ်က အလိုလို လန်းဆန်းသွားတယ်။ ရေတံခွန်အောက်မှာ လေကလည်း တဖြူးဖြူးပါပဲ။ အေးလည်းအေးတယ်။ ပြီးတော့ အအေး(ရှက်ကီအပါအ၀င်)နဲ့ ကော်ဖီပဲ ရောင်းတဲ့ ဆိုင်လေး တစ်ဆိုင် နှစ်ဆိုင်လောက် ရှိနေတတ်တယ်။ အဲဒီလို နေရာထိလာဖွင့်တယ်ဆိုတော့ ဈေးကဘယ်လောက်ရှိမလဲ ဆိုတာ သိလောက်ရောပေါ့ဗျာ။ ဒါကလည်း သူတို့ရဲ့ဂွင်ကိုး။ ဂွင်ထဲဝင်လာမှာတော့ ဂျောင်ပိတ်ပြီး ရိုက်တော့တာပေါ့ဗျာ။ အထူးအဆန်းတော့ မဟုတ်ပါဘူး။ "အလောင်းတော်ကဿဖ"က ဆိုင်တွေလည်း အလားတူပါပဲ။ ထမင်းဆီဆန်းတစ်ပွဲ ၃၀၀ ရောင်းတဲ့သူကရောင်း ၅၀၀ ရောင်းတဲ့သူက ရောင်းပေါ့ဗျာ။ အဲဒါက ဆိုင်တွေအကြောင်းပေါ့ဗျာ။ ပြီးတော့ ရေတံခွန်အနီးမှာ ဘုရားလေးနှစ်ဆူ သုံးဆူလည်း ရှိတယ်။ နင်္ဂါးရုံဘုရားတစ်ဆူလည်း ရှိတယ်။ ရေနဲ့ပက်သက်တဲ့ နေရာဆိုတော့ နင်္ဂါးတွေ စောင့်ရှောက်တယ်လို့ ယုံကြည်ကြတယ်လေ။ နောက်ပြီး ကြိုးတံတားလေးလဲရှိတယ်။ ဆွေးမြေ

ဓာတ်တော်ချိုင့် အမှတ်တရ - ၁

အရမ်းသာယာတဲ့ ရေတံခွန်ကြီးရှေ့မှာ အရမ်းခင်ရတဲ့ သူငယ်ချင်းတွေနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံပါ။ ဒီဓာတ်ပုံတွေကို ဒီနေ့မနက်မှ သူငယ်ချင်း WhoWho ကပြန်ပို့ပေးလို့ ရလိုက်တယ်။ ကျေးဇူးပါ ... WhoWho ရေ နင် ... ဒီနေ့ ငါ့ဆိုဒ်ကို လာလည် သွားတာလည်း ငါတွေ့ပါတယ်။ ဒါပေမဲ့ ငါက အဲဒီအချိန် အိပ်ကောင်းတုန်းပဲ ရှိသေးတယ် ... ဟီးဟီး အိပ်ယာ ထထချင်း အင်တာနက်ဖွင့်ပြီး ကြည့်တော့မှ နင်လာသွားတာသိရတာ။ ငါ အရမ်း ကျေးဇူးတင်ပါတယ်ဟာ။ ငါ ဒီကိုလာကတည်းက မယူသွားမိတာ ငါ့အပြစ်ပါ ... ဟီးဟီး။ အခုတော့ ဓာတ်ပုံတွေ အားလုံးပြန်ကြည့်လို့ရပြီ။ နင် Connection မကောင်းတဲ့ ကြားထဲက ပို့ပေးရတာ ငါသိပါတယ်။ အဲဒီ Connection ကလည်း လူတိုင်းက ပြောနေကြတာ ... စုံနေတာပါပဲ။ ပက်ကျိရဲ့ အဘိုး၊ လိပ်ရဲ့အဖေ၊ လမ်းကြိတ်စက်ရဲ့ဘိုးအေ ... မျိုးစုံပါပဲ။ ပြောလဲ ပြောချင်စရာပဲကိုး။ server ကလည်း အင်းခရုမှာထိုင်ထားတာလေ။ ခရုဆိုတော့လည်း သိတဲ့အတိုင်းပဲ။ ကျန်တဲ့ သူငယ်ချင်းတွေကိုလည်း သတိရကြောင်းပြောပေးပါအုံး။ အဲ ... တစ်ခုပြောရအုံးမယ် ... နောက်ထပ် Group ပုံတစ်ပုံ ကျန်သေးတယ်။ နင် မေ့နေတယ်ထင်တယ်။ အဲဒါပို့ပေးဦး။ ငါ ပြန်လာရင်လဲ ထပ်သွားချင်သေးတယ် :)

ဒီနေ့ သင်ခန်းစာ

တစ်ချို့လူတွေလည်း ခက်တယ်ဗျာ။ သူတို့လုပ်ရမှာပျင်းလို့ပဲလား လူမှုရေးပဲ မသိတာပဲလား မသိဘူး။ မေးလိုက်တဲ့ ကိစ္စတစ်ခုကို မသိဘူး၊ မရှိဘူးဘဲ ပြောကြတယ်။ လူအမျိုးမျိုး စိတ်အထွေထွေဆိုတာ တကယ်မှန်တယ်ဗျာ။

VoiceComment with EVOCA

ဘလော့တွေမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ဝက်ပေ့ခ်ျမှာပဲ ဖြစ်ဖြစ် အမ်ပီသရီး ပလေယာတစ်ခုလုပ်လို့ရအောင် ဖန်တီးပေးထားတဲ့ ဆားဗစ်လေးပါ။နောက်ပြီး ကိုယ့်ဘလော့ရဲ့ Visitor တွေဆီကနေပြီးတော့ TextCommnet တင်မကဘဲ VoiceComment ပါရအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ Odeo လိုပုံစံမျိုးပါပဲ။ ဒါပေမဲ့ VoiceComment ပိုသွားတာ တစ်ခုပါပဲ။ နောက်ပြီး Odeo မှာက Mp3 တစ်ခုပဲတင်ပြီးလုပ်လို့ရတယ်။ ဒီမှာကတော့ wav အမျိုးအစားကိုနဲ့ပါ လုပ်လို့ရတာတွေ့ရပါတယ်။ ကျွန်တော်ကတော့ စမ်းပြီးသုံးကြည့်နေပါတယ်။ သုံးချင်တဲ့လူများ http://www.evoca.com/ မှာ သွားရောက်လေ့လာနိုင်ပါတယ်။ ကျွန်တော်က အခု http://www.evoca.com/ မှာ account ဖွင့်ထားပါတယ်။ အဲဒီတော့ ပို့လိုက်တဲ့ VoiceComment တွေက ကျွန်တော်ရဲ့ VoiceComment List မှာလာပြီးဝင်နေပါလိမ့်မယ်။ ပြီးရင်တော့ ဘယ်သူပို့လဲဆိုတာကို အသံကိုနားထောင်ပြီး ခန့်မှန်းကြည့်ရုံပေါ့ဗျာ ... ဟဲဟဲ ... ဘာပဲဖြစ်ဖြစ်ဗျာ ရောက်လာတဲ့သူတိုင်း တစ်ခုခုတော့ ပြောသွားကြပါအုံး ("မန်းလေးမပြန်သေးဘူးလား" ဆိုတဲ့ စကားကလွဲလို့ပေါ့ဗျာ)။ VoiceComment ပေးဖို့အတွက် ကတော့ အဆင့်လေးဆင့်တည်းပဲ ရှိပါတယ်။ > Rec Buttonကို Click လုပ်ပါ။ >ြ

မန္တလေးည တစ်နေရာ

ဆောင်းတွင်း မနက်ခင်း ဒါမှမဟုတ် ညပိုင်းတွေမှာ သူငယ်ချင်းတွေနဲ့ ဒီကျုံးဒေါင့်လေးကိုဖြတ်ပြီး နို့ဟင်းမလိုင်တွေ သွားသွားသောက်ခဲ့ကြတယ်။ မိုးဖွဲဖွဲကျနေတဲ့ အချိန်တွေမှာ ဒီမီးတိုင်ကြီးတဆင့် မိုးဖွဲလေးတွေကို ကြည့်မယ်ဆိုရင်တော့... ဓာတ်ပုံ: Flickr

ဦးဘလော့နှင့် မောင်ဖိုးချမ်း

ဘာလိုလိုနဲ့ ဒီဘလော့ရေးတာ လေးလရှိသွားသလို အိမ်ပေါ်က ဆင်းလာတာလည်း .. အဲ .. အိမ်နဲ့ခွဲခွာလာတာလည်း လေးလရှိသွားပြီ။ ဘလော့ကိုတော့ မှတ်တမ်းအနေနဲ့ရော မန်းလေးအလွမ်းပြေ အနေနဲ့ပါ ရေးဖြစ်နေတယ်။ ကျွန်တော်တို့လို နယ်နှင့်ခံထားရတဲသူ .. ဟာ .. မှားပြန်ပြီ .. အပြင်ကိုရောက်နေတဲ့ သူတွေအနေနဲ့တော့ ဘလော့မှာ စာတွေလိုလို စကားတွေလိုလို .. အခုရေးသလိုပေါ့ဗျာ ပြောရတာ အလွမ်းလည်းပြေသလို အမှတ်တရလည်းဖြစ်တယ်။ ပြီးတော့ ဘလော့ကို လာလည်တဲ့သူတွေနဲ့လည်း နောက်ပိုင်းမှာ မိတ်ဆွေတွေ ဖြစ်သွားတာလည်းရှိတယ်။ ဒါအပြင် ဘလော်ဂါယဉ်ကျေးမှုအရ ကိုယ့်ဆီလာသွားတဲ့အတွက် သူ့ဆီကိုသွားလည် ပြီးတော့ ShoutBox မှာ စကားတွေသွားပြော ပျော်စရာကောင်းတယ်ဗျာ။ ကျွန်တော်ကတော့ အဲဒီလို အမြဲတမ်းပျော်ပျော်ပဲ နေချင်တယ်။ ရောက်ခါစကတော့ဗျာ ပြောမဆုံပေါင် တောသုံးတောင်ပါပဲ။ အခုနောက်ပိုင်းမှာတော့ ဆုံးဖြတ်လိုက်တယ် အရင်တုန်းက မန်းလေးမှာနေသလို ပျော်ပျော်ပဲနေတော့မယ်လို့။ သတိရတာတော့ရတာပေါ့လေ သတိကြီးရနေလို့လည်း ဘာမှထူးလာတာမှ မဟုတ်တာ။ အချိန်အတိုင်းအတာ တစ်ခုပြီးရင် ပြီးသွားမှာပါပဲ။ အဲ ... ShoutBox နဲ့ ပက်သက်လို့ နဲနဲတော့ ပြေရအုံးမယ်ဗျာ။ ကျွန်တော့်လို မြန်မာဘလော့ တော်တော်များများမ

စမူ = ဇယ် = ရည်းစား = စော် = ချစ်သူ

မြန်မာစကားရဲ့ အရှုပ်တော်ပုံလေးတွေကို နည်းနည်းစဉ်းစားမိပြီး ရေးမိတာပါ။ ပြီးတော့ ၈တန်းတုန်းက အင်္ဂလိပ်စာသင်ခဲ့တဲ့ဆရာကြီး ပြောခဲ့တဲ့ဟာလေးကိုလည်း သွားပြီးသတိရမိလို့ပါ။ အဲဒီဆရာကြီးက မန်းလေးရေစစ်ကန်နားလေးမှာနေတယ်။ သူပြောတာက ဘာလဲဆိုတော့ ယောက်ျားလေးတွေက သူ့ချစ်သူမိန်းကလေးတွေကို ခေါ်ဝေါ်သုံးစွဲပုံလေးပါ။ ဒီခေတ်မှာတော့ ကိုယ့်ရည်းစားကို ချစ်စနိုးနဲ့ ခေါ်တဲ့ အသုံးအနှုန်းလေးကတော့ "စော်" တဲ့ ... အင်း ... ခေါ်ရတာတော့ တော်တော် ကသီးကအောက်နိုင်ပါတယ်။ [ ဟေ့ကောင် .. ငါ့စော်ကို တွေ့မိလား ... ကျွန်တော်တို့ ယောက်ျားလေးတွေ အချင်းချင်း မေးလေ့မေးထရှိကြတဲ့ စကားတွေပါ] အင်း ... သေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ ကြားရတဲ့သူအတွက်လည်း ကသီးကအောက်နိုင်လွန်းလှပါတယ်။ ကျွန်တော့်ဆရာကြီးပြောတာကတော့ ဆန်းတယ်ဗျ ကျွန်တော်လည်းမကြားဘူးဖူး ... ဟီးဟီး။ သူတို့လူပျိုတုန်းက "စော်" အစား "စမူ" လို့ခေါ်တာတဲ့ အဲဒီကမှတဆင့် "ဇယ်" ဆိုတာဖြစ်လာတယ်တဲ့ ပြီးတော့ မင်းတို့ ခေတ်ရောက်မှ ရည်းစား ... အဲဒီကမှ "စော်" ဆိုတာကြီး ဖြစ်သွားတာတဲ့။ တော်တော်တော့ စဉ်းစားကြည့်သေးတယ်ဗျ ဘာလို့ "စမူ" လို့ခေါ်သလဲပေါ့ ဟီးဟ

ဘလော့ လောက ... ဘလော့ လောက

သြော် ... Blog လောက နဲ့ Font လောက က သိုင်းလောကထက်ကို ရှုပ်နေပါလား။ ဟားဟား ... Blog လောကမှာဆိုရင် Template လေးတွေရွေးရ၊ Color လေးတွေရွေးရ၊ ပြီးတော့ ဘန်နာလေးတွေလုပ်ရနဲ့ တော်တော်တော့ အလုပ်ရှုပ်တယ်။ ဒီကြားထဲ Cbox တို့ ShoutBox တို့မှာလည်း သွားသွားအော်ရသေးတယ်။ ဟဲဟဲ ... လာသွားတယ်ပေါ့ ... ဘာဖြစ်တယ် .. ညာဖြစ်တယ်ပေါ့ဗျာ။ အဲဒီလုပ်တဲ့ထဲမှာ ကျွန်တော်လည်း ပါတယ်ဗျ။ တရုတ်ကားထဲကလို Blogger ဂိုဏ်းတွေလည်း ဖွဲ့ထားရသေးတယ် ဟားဟား။ ထင်မြင်ချက်အဖြစ်နဲ့ Comment လေးတွေလည်းပေးရသေးတယ် ဟီးဟီး။ ဘာပဲဖြစ်ဖြစ်ဗျာ ကျွန်တော့် အနေနဲ့တော့ အရမ်းပျော်တယ်။ ရေးရတာကိုရော လျောက်လည်ရတာကိုရော။

Domain4eCommerce

eCommerce module မှာ CourseWork တစ်ခုလုပ်ရမယ်။ DatabaseDriven ဆိုဒ်တစ်ခု လုပ်ရမှာ။ အဲဒီအတွက် ကိုယ်ပိုင် Domain ၀ယ်ပြီး Run ရမယ်တဲ့။ ဒီတိုင်းပြလည်း ရနေတာကိုပဲ။ ကျောင်းကလည်း တော်တော်ကွန့်တယ်။ ၀ယ်မယ်လို့လိုက်ရှာတော့ CourseLeader က www.namecheap.com ကို recommend လုပ်တယ်။ ဒါနဲ့ပဲ အဲဒီမှာ ၀ယ်ဖြစ်သွားတယ်။ .com domain အတွက် တစ်နှစ်စာကို 8.8$ ပဲပေးရတယ်။ pound နဲ့ ဆိုရင်တော့ 5p လောက်ပဲကျမယ်ထင်တယ်။ Hosting ကတော့ ကျောင်းရဲ့ server မှာတင်ထားရုံပဲ။ အဲဒါတော့ မဆိုးဘူး။ Course Work အတွက်ကို GoogleGroup မှာလည်း ၀င်ပြီးဆွေးနွေးခိုင်းတယ်။ အပြန်အလှန် ဆွေးနွေးပေါ့။ သိတဲ့လူက ဖြေသွားပေးလိမ့်မယ်။ အဲဒီ function လေးလည်း မိုက်တယ်။ မသိတာရှိမေး သိတဲ့လူဖြေ ဘယ်လောက်ကောင်းလဲ။ အင်တာနက်ထဲကနေရတဲ့ အဲဒီ အကျိုးအမြတ်တွေကတော့ အရမ်းမိုက်တယ်။

GabblyChat (or) LiveChat

ရှာနေတာကြာပြီ။ အခုမှပဲတွေ့တယ်။ တော်တော်လေးလည်း သဘောကျတယ်။ မိုက်တယ်။ ဘလော့ကိုလာလည်တဲ့သူတွေနဲ့ ချက်တင်ပြောလို့ရပြီ။ GTalk ကို ခဏခေါက်ထားလို့ရပြီ။ ဟားဟား။ လုပ်တဲ့နည်းကလည်း လွယ်လွယ်လေးပဲ။ ကုဒ် နှစ်ကြောင်း သုံးကြောင်းလောက်ကို ထည့်လိုက်တာနဲ့ သုံးလို့ရပြီ။ လုပ်ချင်တဲ့သူများ ဒီကိုကြွပါ >> http://gabbly.com/ ပြီးရင် embed seciton ကိုဆက်ကြွ၊ ကုဒ်ကို Generate လုပ်လိုက်။ ပြီးရင် Webpage ဒါမှမဟုတ် Blog မှာထည့်လိုက်၊ ရှင်းနေတာပဲ။ Visitor အသစ်ဝင်လာရင် Alarm ပေးတဲ့ အသံလေးတောင်ပါသေး။ message တွေ ထည့်လိုက်ပြီဆိုလည်း အသံပေးတယ်။ တုန် ..တုန် ဆိုတဲ့ အသံကြားလို့ကတော့ ချက် နေလို့ပဲ .. ဟဲဟဲ။ ညာဘက်မှာရှိတာကတော့ ကျွန်တော့ရဲ့ Live Chat ပေါ့ဗျာ။ အွန်လိုင်းကို ရောက်နေသူအချင်းချင်းတွေ့မိရင် ChatBox မှာနာမည်အသစ်လေးတစ်ခု ပေါ်လာပါလိမ့်မယ်။ တစ်ယောက်ထဲဆိုရင်တော့ ပျင်းစရာကြီးပေါ့။ ညာဘက်မှာရှိတဲ့ Box မှာတော့နာမည် User List မြင်ရမှာမဟုတ်ပါဘူး။ နေရာမဆံ့လို့ ဟဲဟဲ ချုံ့ထားတယ်။ ဒါပေမဲ့ မြင်ချင်ရင် arrow ပါတဲ့ bar လေးကို Click လုပ်လိုက်တာနဲ့ ဘယ်သူတွေရှိတယ်ဆိုတာ မြင်ရပါလိမ့်တယ်။

မင်္ဂလာဆုတောင်း

သူငယ်ချင်း တစ်ယောက်တော့ ဒီနေ့ မင်္ဂလာဆောင်(ထောင်ကျ) သွားပြီ။ တစ်သက်လုံး ပြန်မလွတ်တော့ဘူး။ အိမ်ထောင်သည်ဘ၀ကို တစ်သက်တစ်ကျွန်း ကျသွားတဲ့ အကျဉ်းသားဖြစ်သွားပြီ။ အဲ ... တစ်ခုတော့ရှိတယ်၊ ထောင်ဖောက်ပြီး ပြေးရင်တော့မသိဘူး။ မင်္ဂလာလက်ဖွဲ့ အနေနဲ့ကတော့ "တစ်သက်လုံး အရိုးဆွေးတဲ့အထိ ပေါင်းသင်းနိုင်ပါစေ" ဆိုတဲ့ ဆုတောင်းလေးကိုပဲ ပေးလိုက်တယ်။ အဲဒီထက် ကောင်းတဲ့ လက်ဆောင်ကတော့ ရှာလို့ရမှာကို မဟုတ်ဘူး ... ဟားဟား။ ငါ မန်းလေးမှာရှိနေလို့ကတော့ နှိုးစက်နာရီလေးကို ၀ယ်၊ ည ၂နာရီခွဲ ၃နာရီလောက်ကို Alarm ပေးထားပြီး လက်ဖွဲ့မလို့ပဲ။ ဒါပေမဲ့ လက်မဖွဲ့လိုက်ရဘူး။ စိတ်မကောင်းပါဘူးကွာ။ မင်းတို့ရဲ့ သားသား မီးမီးလေးတွေ ကင်မွန်းတပ်တဲ့ အချိန်ကြမှပဲ ပြန်လာခဲ့တော့မယ်။ ငါကတော့ နာမည်ပေးဖို့အတွက် ကြိုပြီး စဉ်းစားထားတယ်။ ယောင်္ကျားလေးမွေးရင် - ဗိုလ်သင်္ကြန်၊ ဒါမှမဟုတ် သင်္ကြန်ဗိုလ်။ မိန်းကလေးမွေးရင်တော့ သင်္ကြန်မိုး၊ ဧပရယ်ဗိုလ် ဒါမှမဟုတ် ယွန်းသင်္ကြန်ဗိုလ် ပေါ့ကွာ ... ဟဲဟဲ မိုက်တယ်မလား၊ နာမည်တွေက လန်းနေတာပဲ ကြားလိုက်တာနဲ့တင် ရှိန်သွားမယ်။ မင်း ... ငါပြောတဲ့အတိုင်း မမှည့်လို့ကတော့ နာမယ်။

ဘယ်အချိန်ကြည့်ကြည့်

ဘယ်အချိန်ကြည့်ကြည့်ပါ ကျွန်တော်တို့ မန်းလေးရဲ့ ကျုံးကြီးကတော့ လှမြဲလှနေတာပဲ ...

ပြိုင်ကား

ကျောင်းတက်ရတာလည်း တကယ်တော့ ပြိုင်ကားတစ်စီး မောင်းနေရတာနဲ့ သွားပြီးတူနေတယ်။ ပထမဆုံးတွေ့ရတဲ့ အကွေ့အကောက်တွေကို မကျော်နိုင်ရင် နိုင်ဖို့မလွယ်ဘူး။ ကျောင်းရဲ့ပထမဆုံး Semester ဟာ ဂီယာနံပတ်ဝမ်းနဲ့ မောင်းနေရသလိုပဲ။ အဲဒီအချိန်မှာ အရှိန်တော်တော်လေးယူပြီး မောင်းခဲ့မှ နောက်ပိုင်းလမ်းတွေကျရင် ဘာမှမဖြစ်ဘဲ အဆင်ပြေ ချောမွေ့သွားမှာ။ အခုတလောတော့ CourseWork တွေ Project တွေအတွက် Plan ဆွဲပြီး စလုပ်နေရပြီ။ သိတာတွေရော မသိတာတွေရော အများကြီးပဲ။ Formal Method ကတော့ ခေါင်းတော်တော်စားတယ်။ တော်တော်လေး လေ့ကျင့်မှ ရမယ့်သဘောပဲ။ လုပ်ပေဦးပေါ့။ အစကောင်းမှ အနှောင်းသေချာမှာကိုး။

မြန်မာတူး ယူနီကုဒ်

မြန်မာဝမ်း ပြီးတော့ မြန်မာတူး ထွက်လာပါပြီ။ NLP National Language Programmes မှ ပြုလုပ်ပြီး Version က 4.1 ဖြစ်ပါတယ်။ www.mcf.org.mm တွင် စတင်လွှင့်တင်ထားပြီဖြစ်တဲ့အတွက် အသုံးပြုလိုသူများ သွားရောက် ယူငင်အသုံးပြုနိုင်ကြပါပြီ။ အရင် version ဖြစ်တဲ့ မြန်မာဝမ်း က ယူနီကုဒ်စံချိန်စံညွှန်းများကို အပြည့်အ၀လိုက်နာ ထားတယ်လို့သိရပါတယ်။ [ စံချိန်စံညွှန်းများကို အပြည့်အ၀လိုက် နာတာတဲ့ ... ဘာတွေလဲ မသိဘူး ... ပြီးမှ ရှာပြီးဖတ်ကြည့်ရဦးမယ်] ၀န်ကြီးဌာနများ အားလုံးတွင် မြန်မာဝမ်းကို အသုံးပြုလာခဲ့ကြရာ သုံးစွဲရာတွင် အခက်အခဲအချို့ ရှိနေသော်လည်း ယူနီကုဒ်စနစ်ကို အပြည့်အ၀လိုက်နာသော စနစ်တစ်ခုအဖြစ် အားထားအသုံးပြုနေရကြောင်း သိရှိရသည်။ [ဇော်ဂျီကို မေ့နေကြတာလား ... ဟင်] မြန်မာအိုင်တီပညာရှင်များမှ ယူနီကုဒ်စံညွှန်းများကို တစ်စိတ်တပိုင်းလိုက်နာသော font စနစ်များကိုလည်း မိမိအစီအစဉ်ဖြင့် မိမိထုတ်လုပ်လာကြရာ ယူနီကုဒ်စံညွှန်းပြည့်မီမှု ရှိမရှိနှင့်ပက်သက်ပြီး ပညာရှင်အချင်းချင်း အငြင်းအခုံ ဖြစ်ပွားမှုများရှိခဲ့ကြောင်း အင်တာနက် စာမျက်နှာများပေါ်တွင် ဖော်ပြချက်များအရ တွေ့ရှိရသည်။ [ဘာတွေလဲ ... တစ်စိတ်တပိုင်းတွေရော အပြည့်အ၀တွေရော ရှုပ်ေ

Beta Blogger

Beta Blogger ပြောင်းဖြစ်သွားတယ်။ သုံးရတာ တော်တော်အဆင်ပြေတာပဲ။ ဒါပေမဲ့ ကွန့်မန့်အဟောင်းတွေကို ပြန်ပေါ်အောင် ပြန်လုပ်ရအုံးမယ်။ တော်တော်လေးတော့ ကြိုက်တယ်ဗျာ။ မဆိုးဘူး။ ကိုယ်တိုင်သာ မရေးတတ်တာ ဒါမျိုးလေးသုံးရတော့လည်း ကောင်းသား ... ဟဲဟဲ။ ဘန်နာအတွက် Animation တွေကတော့ ပြန်လုပ်ရဦးမယ်။ Size က မကိုက်တော့ဘူး။ XML ကလည်း သူ့ဟာနဲ့သူတော့ အဟုတ်ပဲ။ ဘာမှပြောစရာကိုမရှိဘူး။

မန္တလေးဆောင်း

မန္တလေးမှာ ဟေမာန်ဆောင်း ၀င်လာပြီ ဒီနှစ်မှာ ပိုပြီးအေးမယ်လို့ ခန့်မှန်းနေကြလေရဲ့ ကျောက်တော်ကြီး ဘုရားပွဲလည်း ခြိမ့်ခြိမ့်သဲနေပြီ ဘုရားပွဲက မုန့်လေးတွေကလည်း သတိရစရာ မန္တလေးဆောင်းကို ချစ်တဲ့ငါ မန္တလေး ဆောင်းမနက်ခင်းတွေနဲ့ ဘယ်လောက်တောင် ဝေးနေဦးမှာလဲ ... ?

ရတနာပုံတက္ကသိုလ် ၀န်းကျင်နှင့် ကျောင်းသားဘဝ

ပညာတတ်ဖြစ်လိုပြီး ဘ၀ရည်မှန်းချက် ကြီးမားသူများအတွက် ၀ိဇ္ဇာ၊ သိပ္ပံဘွဲ့ ပေါင်းများစွာကို နှစ်စဉ်ချီးမြှင့်ပေးနေ သော ရတနာပုံတက္ကသိုလ် ၀န်းကျင်သည် ကျောင်းသူကျောင်းသားတို့အတွက် အနားယူ အပန်းဖြေစရာနေရာများလည်း ၀န်းရံလျက်ရှိသည်။ နေထိုင်ရာ အိမ်၊ သို့မဟုတ် အဆောင် များမှ ဆိုင်ကယ်၊ စက်ဘီးများဖြင့် ကားဂိတ်၊ ထိုမှတစ်ဆင့် လိုင်းကားဖြင့် ကျောင်းရှိရာသို့ အရောက်လာရသောကြောင့် ပင်ပန်းနေသော သူတို့အတွက် တောင်သမန်အင်း၊ ဦးပိန်တံတား၊ ထန်းတောရွာများနှင့် အရိပ်ရ အပင်ကြီးများရှိ စားသောက်ဆိုင်တန်းများသည် အပန်းဖြေစရာနေရာများ ဖြစ်လာကြသည်။ ကိုးမိုင်ခန့်ဝေးသော ကျောင်းရှိရာသို့ ရောက်လာပြီးနောက် ဦးဆုံးသွားဖြစ် သည့်နေရာမှာ ကင်တင်း ဖြစ်သည်ဟု အဏုဇီဝဗေဒဘာသာရပ် အဓိကဖြင့် ဒုတိယနှစ်တွင် ပညာသင်ကြားနေသော မောင်ချမ်းငြိမ်းကိုကိုက ပြောသည်။ တစ်ရက်လျှင် အနည်းဆုံး နှစ်ကြိမ်ခန့် ကင်တင်းတွင် ထိုင်ဖြစ်ပြီး ထန်းရည် မကြိုက်သော်လည်း ကြက်ကြော်၊ စနိုက်ကြော်စသည့်အညာ ကျေးလက် အကြော်စုံနှင့် ထမင်းဆီဆမ်း၊ ထမင်းသုပ် စသည်တို့ပါ ရနိုင်သော ထန်းတောရွာ များရှိ ဆိုင်များတွင်လည်း ရံဖန်ရံခါ ထိုင်ဖြစ်သည်ဟု ၎င်းကပြောပြသည်။ ကျောင်းသားအများစုမှာ တစ်ဖက်က ပညာဆည

Torjan Vs CMS (သို့) ဗိုလ်မှူး ... လုပ်အုံး

အခုတလော ဒေါင်းလုပ်တွေ ထိုင်လုပ်နေတယ်။ လိုချင်တဲ့ Software လေးတွေ ebook လေးတွေရတာကတော့ ကြည်နူးစရာကောင်းပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲ ပြဿနာက မောင်မောင် Virus အင်မတန် စိတ်ညစ်ဖို့ကောင်း။ အများဆုံး တွေ့နေရတာက Trojan Horse။ မသာ Virus တွေ အပြင်မှဆိုလို့ကတော့ လမ်းကြိတ်စက် ငှားပြီးကို သတ်ချင်တယ်။ ဒါမှ မဟုတ် လည်ပင်းကို ကြိုးချည်ပြီး စစ်ကိုင်းတံတားပေါ်မှာ ချိတ်ထားလိုက်မယ်။ တော်တော် ခီးစရာကောင်းတဲ့ Virus တွေ။ Norton ကလည်း ရှာတော့ ရှာပေးရှာပါတယ်။ ဒါပေမဲ့ တစ်ခါတလေ သူကလည်း မူနေတယ် .. မသတ်နိုင်ဘူး။ အခုတော့ အကောင်းဆုံးသတ်ရမဲ့ နည်းလမ်းတွေရှာကြည့်နေတာပဲ။ နည်းလမ်းကောင်းလေးများရှိရင်လည်း ကိုယ်ချင်းစာသောအားဖြင့် လမ်းညွှန်ပေးသွားစေချင်ပါတယ် .. ဟီးဟီး။ ဗိုလ်မှူးလုပ်အုံး လို့ပဲ ထပ်ပြောရတော့မှာပေါ့။ အဲဒီ ဗိုလ်မှူးလုပ်အုံးဆိုတဲ့ စကားလေးက ကျွန်တော်တို့ သူငယ်ချင်းတွေ အချင်းချင်း အကူအညီတောင်းတဲ့နေရာမှာ သုံးတဲ့ စကားဝှက်လေးပါ .. ဟဲဟဲ။ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်တော့ ပြီးခဲ့တဲ့ သင်္ကြန်မတိုင်ခင်တုန်းက ဖြစ်ခဲ့တာ ခင်ဗျ။ ဖြစ်ပုံက ဒီလိုပါ ... သင်္ကြန်မတိုင်ခင် ကားငှားဖို့ရှာပုံတော်ဖွင့်နေတဲ့ အချိန်ပေါ့။ ကံကောင်းချင်တော့

Full Moon Day of Thadingyut

ဘာလိုလိုနဲ့ အချိန်ကုန်တာက မသိသာပါလား။ ဒီနေ့ပဲ သီတင်းကျွတ်လပြည့်နေ့ ရောက်ပြီ ... သီတင်းကျွတ်ဆိုတဲ့အတိုင်း ဒုက္ခအပေါင်းကနေ အကုန်လုံး ကျွတ်လွတ်ပါရစေလို့ပဲ ဘုရားမှာ ဆုတောင်းလိုက်တယ်။ ဒီဓာတ်ပုံလေးတွေ ကြည့်မိတော့လည်း မြန်မာပြည်ကို အလွမ်းသား ... Tag: Thadingyut , Myanmar

eBook ရှာပုံတော်

လာပြန်ပြီ ပရောဂျက်အပြင် ... CourseWork တဲ့။ လုပ်ရာမှာက eCommerce နဲ့ AdvancedDatabase အတွက်။ eCom: ကတော့ ကြိုက်တာနဲ့ ဖန်တီးကြပါတဲ့။ DB ကတော့ Oracle နဲ့တဲ့။ ကောင်းဗျာ .. Oracle ကလည်း သိပ်မသုံးဘူးဖူး။ အဲဒါနဲ့ Library သွားပြီး စာအုပ်ငှားပြီး ဖတ်မယ်ပေါ့။ သွားလည်း သွားရော မှန်းချက်နဲ့ နှမ်းထွက်နဲ့က မကိုက်ဘူးဖြစ်နေတယ်။ လိုချင်တဲ့ စာအုပ်တွေက ShortLoan စာရင်းထဲမှာပါနေတယ်။ ငှားပြီး ကြည့်ရင်တောင် ၂နာရီ ၃နာရီ ဆိုတာ အများဆုံးပဲ။ ပြီးရင် ပြန်ထားတဲ့ ... လေပါတီ မမြရင်ပါပဲ။ ၀ယ်ရင်လည်း ပိုက်ပိုက်ထိတယ်။ အဲဒါနဲ့စဉ်းစားတယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲ။ သတိရလိုက်တာက Free eBook တွေ။ နောက်ဆုံးလုပ်ရမှာက အဲဒီမှာပဲရှိတော့တယ်။ အဲဒီအချိန်မှာ ကိုဘုရင့်နောင်လေးကို တော်တော်ကို ကျေးဇူးတင်မိဗျား။ သူပေးတဲ့ website ( www.mininova.org/ ) က movie file တွေတင်မကပဲ ebook တွေရော software တွေပါ download လုပ်လို့ရတယ်။ ဒါပေမဲ့ download လုပ်ဖို့ software လေးတစ်ခုတော့ လိုတယ်။ အဲဒါက bitlord ( www.bitlord.com ). အဲဒီမှာ software လေးကိုယူပြီး ကြိုက်သလောက်သာ ဆွဲချပေတော့ပဲ။ တော်တော် ဂွတ်တယ်။ နောက်ပြီး Computer နဲ့ ပက်သက်တဲ့ ebook တွေ ရနို

Mandalay on Google Earth

ဟိုတစ်နေ့က ကိုမျိုးကျော်ထွန်း ဘလော့မှာ ကွန့်မန့်ပေးရင်း Google ကကောင်တွေကို ကြိမ်ဆဲလိုက်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်တို့မန္တလေးက Google Earth မှာ ၀ါးတားတား ဖြစ်နေတာကိုး။ ရန်ကုန်ကတော့ တော်တော်ကို ကောင်းကောင်းမြင်ရပါတယ်။ ဒါပေမဲ့ ကျွန်တော်ကြိမ်ဆဲတာများ သိသွားလားတော့ မသိဘူး :) Google Earth ကို update လုပ်လိုက်ပြီ။ အဲဒီ သတင်းကို NativeMyanmarForum မှာ ကိုညီလင်းဆက် ၀င်ရေးသွားလို့ သိရတယ်။ ကျေးဇူးပါပဲ ကိုညီလင်းဆက်။ ကျွန်တော်တို့ အဝေးရောက် မန္တလေးးသူ မန္တလေးသားတွေလည်း မန္တလေးမြို့ရဲ့ပုံတွေကိုကြည့်ရင်း အလွမ်းဖြေနိုင်ကြပြီပေါ့ဗျာ။ မောင် ဂူဂယ်တို့ရဲ့ ကျေးဇူးက အင်မတန်ကြီးမားပါပေတယ်။ chat ဆိုလည်း ချက်မို့လို့ earth ဆိုလည်း earth မို့လို့ search ဆိုလည်း search မို့လို့ .. တော်ပါပေတယ်။ ကိုညီလင်းဆက်ပေးထားတဲ့ ဆိုဒ်လေးရှိသေးတယ်။ သူကတော့ ဆော့ဝဲမလိုပဲ အွန်လိုင်းကနေပဲ ကြည့်တာပေါ့။ Flash Earth တဲ့။ ကျွန်တော်ကတော့ အားမရဘူး။ Google Earth ကို Download လုပ်ပြီးကြည့်တယ်။ [ Download Link ] ဘာပဲပြောပြော ဒီနေ့ မန္တလေးက နေရာတော်တော်များများကို ရောက်သွားတယ်။ Google Earth ထဲကနေပြီးတော့ပေါ့။ ဒါပေမဲ့ တစ်ခုရှိတာက မန္တလေ

ပရက်ဂျော ... ပရောဂျက်

ဒီနေ့ ကျောင်းသွားတော့ စိတ်မကောင်းစရာ သတင်းက စလာတယ်။ ပရောဂျက် အတွက် Title ရွေးတော့တဲ့။ Title ရွေးဖို့အတွက် စာရွက်တွေပေးတယ်။ ကြည့်လိုက်တော့ Title တွေက အမျာကြီးပဲ။ ၃၀ လောက်ရှိတယ် (J2EE, JDBC, ComputerNetworking, eCommerce, Graphic, Game, MoblieCommunication, DatabaseSystem, etc.. )။ အဲဒီထဲက ကိုယ်လုပ်ချင်တဲ့ အကြောင်းအရာကို တစ်ခုအနည်းဆုံး သုံးခုအမျာဆုံးရွေးတဲ့။ လုပ်ရမှာတော့ ၁ခုတည်းပါပဲ။ ပိုပိုလိုလိုရွေးခိုင်းတဲ့ သဘော။ ဘာရွေးရမလဲ .. စဉ်းစားတယ်။ ဂျာဗားကိုတော့ မရွေး။ သူ့ကိုရွေးမည့်အစား ကော်ဖီပဲသောက်လိုက်ချင်တယ်။ ခေါင်းတော့ အရှုပ်မခံနိုင် ဟီးဟီး။ Game တဲ့ .. ပိုဆိုး။ ရေးဖို့မပြောနဲ့ ဆော့ဖို့ကို ၀ါသနာမပါတာ။ ဂိမ်းနဲ့ပက်သက်လို့ ငယ်ငယ်တုန်းက Mario ပဲဆော့ဘူးတယ် ဒါတောင် အတင်းဆော့ခိုင်းလို့ ဟီးဟီး။ ဒါနဲ့ပဲ ကိုယ်နဲ့ နဲနဲအဆင်ပြေမဲ့ Title နှစ်ခုကို ရွေးလိုက်တယ်။ eCommerce နှင့် DatabaseSystem။ အဲဒါတွေက အကျွမ်းကြီးတော့မဟုတ်။ အညံ့ကြီးလည်း မဟုတ်။ အကျွမ်းကြီးနှင့်အညံ့ကြားလောက် သွားကျတာပေါ့ ဟားဟား။ Online Project လေးဘာလေး အတွေ့အကြုံယူချင်လို့သာ ရွေးလိုက်တာ။ အဲဒီဟာတွေကလည်း ခေါင်းစားမည့်ဟာတွေ။ ဒါပေမဲ့ ဘာပဲ ပြေ

ဆရာသိစေ ကြားစေသတည်း

ဆိုးခဲ့သမျှ၊ မိုက်သမျှကို မိဘပမာ၊ ခွင့်လွှတ်ရှာသော ဆရာသခင် ကျေးဇူးရှင်။ ဆိုးခဲ့သမျှ၊ မိုက်သမျှကို ကြီးမှပြန်ပြင်၊ အသိဝင်တော့ ဆရာသခင် မရှိတော့ပါ။ ဆရာမရှိ၊ ဖြစ်လေဘိလည်း ရှိသည့်အသွင်၊ စိတ်မှာထင်၍ စာသင်ခဲ့ရာ၊ ကျောင်းရိပ်သာသို့ ခါခါမှန်းကာ၊ ကန်တော့ပါသည် ဆရာသိစေ၊ ကြားစေသတည်း။ မောင်လင်းကြည် (၂၀၀၆ ကမ္ဘာ့ဆရာများနေ့ ဂုဏ်ပြုကဗျာ) Tag: Poem

ပြောနေတာတွေ ကြားနေရတယ်

ဖေဖေနှင့် ည ၁ နာရီလောက်မှာ ဖုန်းပြောဖြစ်တယ်။ ဖားကန့်မှာတော့ မိုးကရွာပြီးသွားပြီတဲ့။ မန္တလေးမှာ ဘယ်လိုအခြေအနေရှိလည်း လို့မေးတော့ ရေတွေ သိပ်မကျသေးဘူးလို့ပြောတယ်။ အိမ်ရှေ့မှာကို တစ်ပေလောက်ရှိတယ်တဲ့။ ကြုံကိုမကြုံဖူးဘူး။ အထူးသဖြင့်မြို့သစ်ဘက်မှာတော့ တော်တော်ဆိုးတယ်တဲ့။ VEC က အန်တီ ဒေါ်ဝင်းဝင်းမေတော့ ဘယ်လိုနေမလဲမသိဘူး။ သူ့ရဲ့အဆောင်တွေက မြို့သစ်မှာ ခြေကုပ်ယူထားတာ။ အခုလို ရေကြီးနေပုံနေဆိုရင် ဒုက္ခပဲ။ မြို့သစ်က သူငယ်ချင်းတွေ သွားရလာရတာ တော်တော်ဒုက္ခ ရောက်နေလောက်ပြီ။ ပြီးတော့ သတင်းတစ်ခု ကြားသေးတယ်။ လာမည့် အောက်တိုဘာ ၉ ရက်နေ့မှာ အရှေ့တောင်အာရှကို ဦးတည်ပြီး ငလျင်ကြီးလှုပ်မယ်လို့ ဂျပန် က ခန့်မှန်းထားတယ်ဆိုပဲ။ သေချာ မသေချာတော့ မသိပါ။ ကြားနေတာပဲ။ ဟိုတစ်လောတုန်းကလည်း မန္တလေးက အသိတစ်ယောက်ကပြောတယ်။ လူတွေ ယတြာတွေ လုပ်နေကြတယ်တဲ့။ ဘာလို့လဲဆိုတော့ ကပ် ဆိုက်မဲ့ကိန်းရှိလို့တဲ့။ ဘာတဲ့ ... မျှစ်နဲ့ကြက်ဟင်းခါးသီးနဲ့ ချက်စားတယ်ဆိုလား။ ဘာတွေမှန်းတော့မသိ။ ဒါတွေကလည်း ယုံရမှာလိုလို မယုံရမှာလိုလိုနဲ့။ တကယ်တမ်းကတော့ ဖြစ်ချိန်တန်ရင် ဖြစ်သွားမှာပဲ။ မျှစ်ကလည်း တားရမှာမဟုတ်ဘူး။ ကြက်ဟင်းခါးသီးလည်း ကယ်နိုင်မှာမဟုတ်ဘူး။ အကြောတက်တ

တော်ပါတော့ သောက်မိုး

ဒီနေ့ ဒီမှာမိုးရွာတယ်။ သဲသဲမဲမဲရွာတာက ၅မိနစ်လောက်ပါပဲ။ နေကောင်းအောင်လောက် ရွာတဲ့သဘောလောက်ပါ။ မိုးအကြောင်းကြားရင်တော့ မန်းလေးကလူတွေ စိတ်ညစ်နေလောက်ပြီ။ ဒီနှစ်ကြမှ မိုးက ဘယ်လိုဖြစ်တာလဲ မသိဘူး။ တအားချနေပါလား။ မန်းလေးရဲ့လမ်းမပေါ်မှာ ရေတွေကြီးပဲတဲ့။ ဒူးခေါင်းလောက် မြှုပ်တဲ့နေရာကမြှုပ် ပေါင်လောက်မြှုပ်တဲ့နေရကမြှုပ်နဲ့။ ကောင်းလိုက်တဲ့ မိုးရေ။ ဖိုရမ် သတင်းတွေအရလည်း မန်းလေးမြို့သစ်ဘက်မှာ ပစ္စည်းဆုံးရှုံးတာတင်မကပဲ အသက်ဆုံးရှုံးမှုတွေတောင် ရှိတယ်လို့ကြားနေရတယ်။ မွေးကတည်းက မန်းလေးမှာနေလာတာ မိုးရွာပြီး ဒီလိုကိစ္စမျိုးတွေဖြစ်တာ ဒီတစ်ခါပဲကြားဖူးသေးတယ်။ သွားရ လာရတာလည်း အဆင်မပြေ တော်တော်ဒုက္ခရောက်တယ်။ တရုတ်ကားထဲကလို ပြောမယ်ဆိုရင် မိုးနတ်မင်းကပဲ မန်းလေးကို သောက်မြင်ကတ်လို့ သောက်ရမ်းရွာနေတာလား မသိ။ တချို့နေရာတွေမှာ ကယ်ဆယ်ရေးတို့ ဘာတို့တွေလည်း လုပ်နေရတယ်လို့ကြားတယ်။ လူတွေတော်တော် ဒုက္ခရောက်တယ်ဗျာ။ ဆက်ရွာရင်တော့ ပြဿနာပဲ။ ခက်တာကလဲ မိုးရွာအောင်သာ ဖန်တီးကြတာ မိုးရပ်အောင်မဖန်တီးကြဘူး။ အရင်တုန်းက မန်းလေးမှာ မိုးမရွာရင် ငါးရံ့မင်းဘုရား ပင့်ပြီး ပရိတ်ရွတ်ကြတယ်။ အခုတော့ ရွတ်စရာကို မလိုအောင်ဖြစ်နေပြီ။ ဒါမှမဟုတ် ဆောင်းဝင်ခ