28 Nov 2006

လမင်းငယ်သို့ သီချင်းတစ်ပုဒ်

ဘ၀ရဲ့အစကသိပ်လှ အမိနဲ့အဖရဲ့ အနားနား
ပူပင်စရာတွေဘာမှ ခေါင်းထဲမထည့်
အဖြူရောင်နှလုံးသားလေး ကျွန်တော်ထွေးပွေ့ရင်း
ရိုးသားမှုတွေထမ်းပိုး ပညာရှာဖို့ထွက်ခွာလာ
လူတွေအလယ်ကို စရောက်တော့
ကျွန်တော်လေ အားလုံးအကောင်းမြင်သူပါ

အပေါင်းအသင်းများဆိုလဲ တွယ်တာမိတဲ့စိတ် လွန်ကဲ
ကျွန်တော်ဟာ သာတယ်နာတယ်မစဉ်းစား
အရာရာကိုယ့်ဘက်ကသာ ပေးဆပ်လို့သာ
သိပ်ချစ်ရသူလေးနဲ့ ဆုံလာခဲ့တဲ့အချိန်မှာလည်း
သူမရဲ့ကွပ်လပ်များစွာ ဒိုင်ခံဖြည့်ခဲ့ဘူးပါတယ်

လူတွေကို အကောင်း ကျွန်တော်မြင်ချင်ပေမဲ့
ကိုယ်ကကောင်းတိုင်းလဲ သူတို့ပြန်ကောင်းနိုင်ပါ့မလား
ဆိုးတဲ့သူအတွက် ကျွန်တော်ပြန်လဲ မဆိုးချင်ဘူး
အဖြူရောင်နဲ့ နှလုံးသား အခုတော့ ပျက်စီးပြီလား

လမင်းငယ်သို့ သီချင်းတစ်ပုဒ်

ကို ဆောင်းဦးလှိုင်ရဲ့ သီချင်းလေးတစ်ပုဒ် ... အခုတလော တော်တော်လေး နားထောင်ဖြစ်တယ်

25 Nov 2006

ထွေရာလေးပါး ... ဟိုဟိုဒီဒီ

လွန်ခဲ့တဲ့ တစ်ပတ်လောက်က အခန်းမှာ Heater ပျက်နေလို့ အခန်းတံခါးတွေကို မဖွင့်ရဲဘူး။ တစိမ်စိမ့်နဲ့ လေအေးတွေဝင်လို့ ချမ်းလိုက်တာ။ အိမ်ရှင်က Heater ပျက်နေတာ လာတော့ကြည့်ရှာပါတယ်။ သူလည်း မပြင်တတ်ဘူး။ ဒါနဲ့ လာခဲ့မယ်ဆိုပြီး တစ်ပတ်လောက်နေမှ ပေါ်လာတယ်။ အတော်နောက်တဲ့သူ။ Heater ရသွားတော့လည်း ပြဿနာက နောက်တစ်ခုထပ်ပေါ်လာပြန်တယ်။ ကွန်ပျူတာ ... ဟုတ်ပါသည် ... ကွန်ပျူတာ။ စာကြည့်စာပွဲနဲ့ Heater က နဲနဲ နီးတယ်။ ကွန်ပျူတာကလည်း Fun ဘာဖြစ်နေလဲ မသိဘူး။ ဖွင့်တာအရမ်းကြာပြီဆို ဒေါင်းသွားတယ်။ ဒါနဲ့ Fun ကလေတွေ ကောင်းကောင်းအပြင်ထွက်အောင် ကွန်ပျူတာအောက်မှာ စာအုပ်လေး ခုခုထားရတယ်။ ဒါကိုပဲ တစ်ခါတစ်ခါ ရုတ်တရတ်ကြီး ဒေါင်းသွားတတ်သေးတယ်။ ငါ့နဲ့နော် ဖြစ်လိုက်ရင် အဆန်းကြီးတွေကြီးပဲ။ Service ကိုပြန်ပို့လိုက်ရင် ပိုကောင်းမယ်။ တစ်ခါတလေ Assignment တွေလုပ်နေရင်း Save လုပ်ဖို့မေ့နေတတ်တယ်။ အဲဒီချိန်မှာ ရုတ်တရတ်ဒေါင်းသွားရင် သေလောက်အောင် ခီးတယ်။ တတ်နိုင်ဘူးလေ ကိုယ့်အပြစ်နဲ့ကိုယ်ပေါ့။ ကွန်ပျူတာ အစုတ်လေး သုံးနေရတဲ့ ဘ၀ဆိုတော့။

ဒါနဲ့ အထူးအဆန်းလေးတစ်ခုပြေအုံးမယ်။ ကျွန်တော့်အိမ်ရှင် လင်မယားက အဆန်းဗျ။ ယောက်ျားက ကုလား၊ မိန်းမက တရုတ်၊ ဘယ်လိုရသွားကြလဲတော့ မသိ။ အင်း ... သေချာတာကတော့ ညားလို့ ရသွားကြတာပဲ :D သူ့သမီးလေးကတော့ ငယ်ငယ်လေးနဲ့ တရုတ်စကားတောင်ပြောတတ်နေပြီ။ ကြည့်ရတာ ဘာသာစကားသုံးမျိုးတတ်မဲ့ ပုံစံရှိတယ်။ ကုလား၊ တရုတ်၊ အင်္ဂလိပ်ပေါ့။ နောက်တစ်ခု ရှိသေးတယ်။ ဒီမှာရှိတဲ့ အင်္ဂလိပ်တွေ၊ မွတ် ကိုကိုတွေက ဂျပန်မတွေဆိုရင် မကြိုက်ဘူးလို့ ပြောတဲ့သူခပ်ရှားရှားပဲ။ ကျွန်တော့သူငယ်ချင်း မွတ် တစ်ယောက်ဆိုရင် ဂျပန်မဆိုရင် အသေရရ အရှင်ရရပဲတဲ့။ ဘာတွေလဲတော့ မသိဘူး။ လူမျိုးသဘာဝ မတူတာကိုမှ စိတ်ဝင်စားကြတာလား မသိ။ အဆန်းတွေ အဆန်းတွေ ရှိသေးတယ် ... နောက်မှ ဆက်ရေးတော့မယ်။ ဒီနေ့ တစ်ကိုယ်လုံး တူနဲ့ထုထားသလို ငြောင်းကိုက်နေတယ်။ စာတောင် မနဲရိုက်နေရတယ်။ နောက်နေ့မှတွေ့တာပေါ့ ... ကောင်းသောနေ့ပါ။

22 Nov 2006

နောင်တ ၁၀ မျိုး

၁။ အချိန်ရှိခိုက် ငယ်စဉ်က ပညာ မသင်ခဲ့မိလေခြင်း။

၂။ ဥစ္စာ မစုဆောင်းမိခဲ့လေ ခြင်း။

၃။ သူတပါး၏ အချစ်ကို ဖျက်ဆီးမိခဲ့လေခြင်း။

၎။ သူတပါး၏ အသက်ကို ပြစ်မှားမိခဲ့လေခြင်း။

၅။ သူတပါး၏ မယားကို ပြစ် မှားမိခဲ့လေခြင်း။

၆။ ဥစ္စာပစ္စည်း ရှိလျှက် မလှူမိခဲ့လေခြင်း။

၇။ ဆုံးမစကားကို နားမ ထောင်မိခဲ့လေခြင်း။

၈။ မိဘကို မလုပ်ကျွေး မိခဲ့လေခြင်း။

၉။ ပညာရှိထံ နည်းခံ၍ မသင်ကြား မိခဲ့လေခြင်း။

၁၀။ မြတ်သော အကျင့်ကို မကျင့်မိခဲ့လေခြင်း။

အရမ်းတန်ဖိုးရှိတဲ့ စာသားတွေပါ။ ဖိုးချမ်း ... မင်း အမြဲဦးနှောက်ထဲမှာ စွဲနေအောင်မှတ်သင့်တယ်။ နောင်တ နောင်မှရတာကတော့ အလကားပဲ။ ဘယ်အရာကို မဆို သတိနဲ့ယှဉ် အသိတရားဥာဏ်နဲ့ စဉ်းစားချင့်ချိန်ပြီး အလုပ်လုပ်ကွာ။

[ ကိုရဲလင်း ... အရမ်းပဲကျေးဇူးတင်ပါတယ်ဗျာ ... တကယ်ကို တန်ဖိုးရှိပါတယ် ]

21 Nov 2006

တစ်ခဏတာ ၀င်ဘလော့ခြင်း

ဒီည ညလည်စာကတော့ စားကောင်းတယ်။ ဟဲဟဲ သရေကျအောင် ပြောလိုက်အုံးမယ် ... ဆီထမင်းလေးရယ် ... ငါးရံ့ခြောက်လေးရယ် ပေါ့။ ပြီးတော့ အိပ်ချဉ်ပြေ ကော်ဖီလေးတစ်ခွက်ရယ်။ ကောင်းဗျာ။ အခုတလော စာလုပ်သလိုလို ဘာလိုလိုနဲ့ မနက်ရောက်ရောက်သွားတာ တော်တော်ကြာနေပြီ ... ဟိဟိ။ စာလုပ်လိုက် .... အင်း ... စာလုပ်လိုက်ပေါ့နော်။ ဒီကြားထဲ ညညအေးရင် ခြေအိတ်ထထစွတ်ရတာလည်း အလုပ်တစ်လုပ်။ သူများထက် ငါကပဲ ချမ်းတတ်နေတာလားတော့ မသိ။ ဒီကဆိုင်တွေလည်း X Mas အတွက်ပြင်နေကြပြီဗျာ။ ဟိုက် သုံးနာရီထိုးတော့မယ် ... လုပ်စရာရှိတာ ဆက်လုပ်လိုက်အုံးမယ်။ ဒါနဲ့ လမ်းကြုံတုန်း ကျွန်တော့်ဘလော့ကို cmsmdy.com နဲ့ ၀င်ရင်လည်း ရတယ်နော်။ စာရိုက်ရတာ တိုသွားတာပေါ့ဗျာ ဟဲဟဲ။ ကဲ ... ဘ၀ပေးတာဝန်လေးတွေ ဆက်လုပ်လိုက်အုံးမယ်။ ရွှက် (စာကြည့်ဖို့ စာအုပ်လှန်တဲ့အသံ)

19 Nov 2006

ငါးလ ပြည့်သွားပြန်ပြီ

ဟိုက် ... ဘာလိုလိုနဲ့ ငါးလရှိသွားပြန်ပြီ။ မြန်တယ်နော် ... ပြီးဆုံးသွားတဲ့ထဲမှာ ပြန်မရတော့တာ အချိန်ပဲ။ ဒီလိုနဲ့ လကနေ နှစ်ကို ရောက်လာဦးမှာပါပဲ။ လတိုင်း လတိုင်းမှာ ၁၅ ရက်နေ့လေးကတော့ အမှတ်တရပေါ့။ ငါ ဘယ်လိုမှ မမေ့တဲ့ နေ့လေးပါပဲ။ မင်းလည်း သတိရမယ်ဆိုတာ ငါ သိပါတယ်။

17 Nov 2006

Table Tennis

ငယ်ငယ်ကတည်းက စွဲစွဲမြဲမြဲ ကစားဖြစ်တဲ့ အားကစားကို ပြောပါဆိုရင် Table Tennis ကိုပြောရမှာပါပဲ။ တော်တော်လေး စိတ်ဝင်တစား ဆော့ခဲ့တဲ့ အားကစား တစ်ခုပါပဲ။ ဘောလုံးလေးက သေးသလောက် ဆော့ရတာ အရမ်းပညာသား ပါလှပါတယ်။ ဒီအားကစားရဲ့ ထိပ်ခေါင်တွေကတော့ တရုတ်တွေများပါတယ်။ ငယ်ငယ်တုန်းကတော့ ကောလိပ်ဝင်းထဲမှာ ကစားဖော်တွေအများကြီးနဲ့ ဆော့ဖြစ်ပါတယ်။ နောက်ပိုင်း ကလပ်တွေမှာ သွားဆော့ရတာ ပိုမိုက်တယ်။ မန်းလေးမှာ ဆိုရင် ခလ ဆိုတဲ့ကလပ်မှာ သွားဆော့ရတာ မိုက်တယ်။ ၃၄ လမ်းမှာ ဆရာကြီးတွေနဲ့ပေါ့။ ကျွန်တော်ဆော့တုန်းကတော့ ဘသော်တို့ ရှမ်းလေးတို့က နာမည်ကြီးတွေပဲ နောက် MIT က ကိုဧရာအောင်။ သူတို့ဆော့တဲ့ ပုံစံက တော်တော်လေး မိုက်ပါတယ်။ တစ်ခါတလေများဆိုရင် တစ်နေကုန်ပဲဗျာ ဆော့တာ။ အခု အဲဒီအားကစားနဲ့ မထိတွေ့ဖြစ်တာ နှစ်နှစ်လောက်ရှိတော့မယ်။ ပြန်ဆော့ရင် လက်ကြောင်နေမယ် ထင်တယ် ဟိဟိ။ အထိအတွေ့ သိပ်မရှိတော့ ရင် ဘယ်အရာမဆို အဲဒီလိုပါပဲလေ။ ကျောင်းမှာတော့ ဆော့လို့ရအောင် ကစားဖော်လိုက်ရှာအုံးမယ်။ ပိုဆိုးတာက YouTube က Video လေးတွေကြည့်လိုက်တော့ ပြန်ဆော့ချင်တာမှ ငမ်းငမ်းတက်ဖြစ်သွားတယ်။ အားကစားတစ်ခုခုကို အမြဲထိတွေ့နေရင် စိတ်လည်းကျန်းမာသလို ကျန်းမာရေးရှ့ထောင့်ကကြည့်ရင်လည်း ကောင်းတာပေါ့ဗျာ။ နောက်တစ်ခု စိတ်ဝင်စားတာကတော့ Snooker ပါပဲ။ ဒီမှာတော့ ကလပ်တွေရှိတယ်။ ဒါပေမဲ့ ဈေးကြီး .. ဟိဟိ။ အခုလော့ လုပ်ဖြစ်တာက စာရိုက်တဲ့ လေ့ကျင့်ခန်းတွေပဲများတယ် ... ဟားဟား။ အားကစားလေးလည်း လိုက်စားဦးမှ။


ဒီ Video ကြည့်မိလိုက်တာ ပြန်ဆော့ချင်စိတ်တွေ တဖွားဖွား ပေါ်လာတော့တာပါပဲ။ သူတို့လို ပရိုတွေ ဆော့တာကြည့်ရတာ အရမ်းအရသာရှိတယ်။


အမှတ် တစ်မှတ် ရဖို့ကည်း အသေအလဲပဲ ဆော့ရတယ်။ ချန်ပီယံတွေ ဆိုရင်ပေါ့။ ကျွန်တော်တော့ မပါဘူး။ ဟီးဟီး


ဒီလောက် တော်တဲ့ကောင်တွေ ... တစ်ခါမှ မတွေ့ဘူးဖူး။ ကြည့်ပြီး ရီနေရတယ် ... ဟားဟား။

ကျေးဇူးပါ Norton

Norton Internet Security 2006 ကို ဒေါင်းလုပ်လုပ်ပြီးသုံးလိုက်တာ ဟို မျိုးမစစ်တဲ့ VirusBurster ဆိုတဲ့ကောင်တော့ ကြွသွားပြီ။ ကျေးဇူးတင်လိုက်တာ Norton ရယ်။ မင်းသာမကယ်ရင် ဒုက္ခ။ သြ ... ပြောရအုံးမယ် ... Norton အသစ်ကိုပြန်ပြီး အင်စတော လုပ်တော့ အဟောင်းကို အရင်ဖျက်ပေးရတယ်ဗျ။ သိလားတော့ မသိဘူး။ ဖျက်တာကလည်း Add or Remove ကနေဖျက်ရင် တစ်ချို့ Setting လေးတွေကျန်နေတတ်သေးတယ်။ အဲဒါဆိုရင် အသစ်ကို အင်စတောလုပ်လို့မရဘူး။ အဲဒီတော့ Norton ဆိုဒ်ကနေပဲ Norton Removal Tool ကို အရင်သုံးပြီး အဟောင်းကို အရင်ရှင်းလင်းရေးလုပ်ပေးရတယ်။ ပြီးမှ အသစ်ကို ပြန် အင်စတောလုပ်ရတယ်ဗျ။ အခု ကျွန်တော် လုပ်ရင်း ရလာတဲ့ အတွေ့အကြုံလေးပေါ့ဗျာ။ နောက်ဆိုရင်တော့ Norton ပဲသုံးတော့မယ်။ ရှာရှည်တဲ့မှုနဲ့ အာမခံမရတော့ဘူး မှတ်နေတာ တော်သေးတယ်။ Norton တရားသူကြီးနဲ့တွေ့ပေလို့ ... ဟီးဟီး။

နောက်ဆုံးတော့ Norton သုံးတဲ့ ကောင်လေးဟာ သတ္တ၀ါကြီးကို အနိုင်ယူလိုက်သတဲ့
(အိုဗာတင်း ကြော်ငြာကို အားကျလို့)

16 Nov 2006

အခုတော့ ဘယ့်နှယ့်ရှိစ မောင်ဖိုးချမ်း

မောင်ဖိုးချမ်း အခုတော့ ဘယ့်နှယ့်ရှိစ ... ဟန် ... ဒေါင်းလုပ်လုပ်ရတာ အရသာတွေ့တယ်ဆို လုပ်လေ။ ဘယ် မျိုးမစစ်တဲ့ ကလေက၀ ပရိုဂရမ်မာ ရေးတဲ့ VirusBurster နဲ့တွေ့တော့ အလူးအလဲခံနေရပြီမလား။ ကောင်းတယ် ရှာရှည်ချင်အုံး ... လုပ်အုံးလေ ဒေါင်းလုပ်တွေ။ ရှိနေတဲ့ Norton လေးကောင်းနေတာကိုလဲ ရှာရှည်ပြီး AVG ပြောင်းသုံးတယ်။ ကောင်းတယ် အခုတော့ ပလီတဲ့ ခွေး Underwater ကူးနေရသလိုဖြစ်နေပြီမလား။ နောက်ဆုံး သတ်မရရင် ရှုပ်တယ် Format သာချလိုက်တော့ ... မင်းနဲ့တော့ ... ခက်တယ်။

15 Nov 2006

မန္တလေးမြို့ လမ်း၈၀ပေါ်က အိမ်ယာများ နှင့် ...

"၁၉၅၂ ခုနှစ်က ရွှေတစ်ကျပ်သား ၁၂၀ ပေးဝယ်ရချိန်မှာ ဒီအိမ်ကို ကျပ် ၂၅၀၀ နဲ့ ၀ယ်ခဲ့တာပါ။ အခု သိန်း ၂၅၀၀ ပေးပြီး လာဝယ်ကြတာတောင် မရောင်း နိုင်ပါဘူး" လို့ လမ်း ၈၀ တာရဲတန်း ရပ်မှာနေသူတစ်ဦးက ပြောတော့ တန်ဖိုး မြင့်လာတဲ့မြို့လယ်တိုက်တာတွေရဲ့ဈေးနှုန်း ကို အရင်ခေတ်နဲ့ နှိုင်းယှဉ်မိပြန်တယ်။ [ အပြည့်အစုံ ဖတ်ရန် ]

MyanmarTimes မှာ ဖတ်မိတာလေးပါ။ မန်းလေး လမ်း၈၀ပေါ်က တိုက်တာဈေးနှုန်းတွေကို ရေးသားထားတဲ့ ဆောင်းပါးလေးထဲကပါ။ လန့်စရာကောင်းအောင် အိမ်ရာဈေးတွေက မြောက်လွန်းလှပါတယ်။ ဒီခေတ်မှာကလည် အိမ်တစ်အိမ်ပိုင်ဖို့ဆိုတာ မလွယ်သလောက်ဖြစ်နေပါလား။ လမ်း၈၀ဆိုတာကလည်း မန်းလေးရဲ့ အစည်ကားဆုံးနေရာ၊ အသက်သွေးကြောနေရာလို့လည်း ပြောလို့ရတယ်။ အဲဒီတော့ ဆောက်လာလိုက်တဲ့ တိုက်ခန်းတွေ အိမ်ရာတွေကလည်း ကြိတ်ကြိတ်တိုး များပြားလာတော့တာပေါ့။ ချမ်းသာတဲ့လူတွေပဲလေ လုပ်ကြပေါ့။

ချမ်းသာတဲ့လူတွေကတော့ ဆက်လက်ချမ်းသာ ... မွဲတော့ သူများကြတော့လဲ ဖွတ်ကတောင် အဖေခေါ်ရအလောက်ကို ဖြစ်နေပြီ။ အဲဒီကြားထဲမှာကွာနေတဲ့ Space ကို Delete ဒါမှမဟုတ် BackSpace နဲ့ ဖျက်လို့ရရင်လည်း အကောင်းသား။

14 Nov 2006

Happy Birthday! Thinzar



May your special day be ... Surrounded with Happiness

( မွေးနေ့မှာ စိတ်မဆိုးကြေး ... ကလေးလည်း မဟုတ်ဘဲနဲ့ )

13 Nov 2006

ကျုံးရေ ပါဆယ် ဆွဲသောက် ... တောမီး ချွေးထွက်အောင် လှုံပြစ်မယ်

သီချင်းတွေကတော့ အခုတလော ဒေါင်းလုပ် လုပ်လို့လည်းကောင်း နားထောင်လို့လည်းကောင်းဗျာ။ အစ်မအဝေး ကိုလည်း ဟဲလေးသီချင်း အတွက် ကျေးဇူးတင်ပါတယ်။ စက်ထဲမှာ ရှိတဲ့ တချို့ဖိုင်တွေကသာ နားရင်နားရမယ် သီချင်းဖိုင်တွေကတော့ အမြဲ အလုပ်လုပ်နေရတယ် ဟီးဟီး။ ဒေါင်းလုပ်ရသမျှ အကုန်လုပ်နေတယ်။ အလကား ပေးထားတာတွေပေါ့ :D သုံးတဲ့ Downloader တွေကလည်း စုံနေတာပဲ။ အဓိက ကတော့ FlashGet နဲ့ IDM ပါပဲ။ ဆိုဒ်ကြီးတဲ့ ပရိုဂရမ်တွေကတော့ Bitlord လေးနဲ့ အဆင်ပြေတယ်။ တော်တော်လေးလည်း ဂွတ်ပါတယ်။ (notes4PC မှာ ဆော့ဖ်ဝဲတွေ တင်ပေးထားပါတယ်)

သီချင်းကောင်းကောင်းလေးတွေကိုလည်း သူငယ်ချင်းတွေကို နားထောင်စေချင်တယ်။ ဒါကြောင့် ကျွန်တော့် ဘလော့ OdeoPlayer ရဲ့အောက်မှာ သီချင်းတွေကို ဒေါင်းလုပ် လုပ်ဖို့ ပေးထားပါတယ်။ ကျွန်တော် သိသမျှကောင်းမယ်ထင်တဲ့ သီချင်းလေးတွေပေါ့ဗျာ။ လိုချင်တဲ့သီချင်းက အဲဒီစာရင်းမှာ မပါရင်တော့ စီဘောက်မှာ ရေးထားခဲ့ပါ။ ရှိရင်တော့ တင်ပေးထားမယ်။ မရှိရင်တော့ လိုက်ရှာပေးမယ်ဗျာ။ ရှာလို့မ မရရင်တော့ သွေ့ပချိ (စိတ်မရှိပါနဲ့) ပေါ့ဗျာ။

ဘာလို့လည်းဆိုတော့ ကျွန်တော်လည်း အလကား ပေးထားသလောက်ပဲ လိုက်ယူနေရတာဆိုတော့ ... :D ဒါတောင် တချို့သီချင်းတွေက ပေးမှန်း မသိ မပေးမှန်းမသိ ဥာဏ်နီဥာဏ်နက် ဥာဏ်ဖြူတွေ သုံးပြီး မရ ရအောင် ယူထားတာတွေကလည်း ပါသေးတယ် :D အလကားများရလို့ကတော့ ဟိုဟာဒေါင်းလုပ်လိုက် ဒီဟာဒေါင်းလုပ်လုပ်လိုက်ပဲ အခုမှ ဒေါင်းလုပ်ဆိုတဲ့ အရသာ တွေ့နေသလိုပဲ :D ကျွန်တော်တို့ မန်းလေးက သူငယ်ချင်းအချင်းချင်း နောက်ပြောင်ပြီးပြောကြသလိုပေါ့ "မင်းကလေ ... အလကားများ ရလို့ကတော့ ... ကျုံးရေ ပါဆယ်ဆွဲသောက် တောမီး ချွေးထွက်အောင် လှုံမဲ့ကောင်" :D ဟီးဟီး အခု ... ကျွန်တော်လည်း အဲဒီလိုဖြစ်နေပြီ။

12 Nov 2006

ဆောင်း၊ သီချင်း နှင့် နံနက်ခင်း

မန်းလေးမှာတော့ မနက်ပိုင်းမှာ ဆောင်းရာသီရဲ့ သင်္ကေတဖြစ်တဲ့ နှင်းတွေ ကျနေပြီလို့ သိရပါတယ်။ ဒီမှာ နှင်းတော့ မကျသေးပါဘူး။ ဒါပေမဲ့ ချမ်းပါတယ်ဆိုမှ မိုးကအုံ့နေလိုက်သေးတယ်။ တစ်ခါတစ်ခါ လေတွေကတိုက်နဲ့ ရာသီဥတုကို အမြင်ကတ်နေမိတယ်။ ကောင်းတာတစ်ခုကတော့ ... အိမ်လို့ကောင်းတာပဲရှိတယ် :) ။ တစ်ခါတစ်ခါ အတန်းကနောက်ကျသေးတယ်။ နှိုးစက်ပေးထားတာကိုပဲ ဘယ်အချိန်က ကိုယ့်ဘာသာကိုယ် ယောင်ပြီးပိတ်လိုက်ပြီး ပြန်အိပ်လဲ မသိဘူး။ တော်တော်ဆိုးတဲ့ ငါပါလား။ နောက်တစ်ခါ နှိုးစက်နှစ်လုံးလောက် ထားရမလိုဖြစ်နေပြီ။ ၄နာရီလောက်ဆိုရင်ကို မှောင်လာပြီ။ အင်း ... ရာသီဥတုကတော့ ကြိုက်တယ်ပဲပြောရမှာလိုလို မကြိုက်ဘူးပဲပြောရမှာလိုလို ဖြစ်နေတယ်။ ဒါပေမဲ့ မန်းလေးဆောင်းရဲ့ အငွေ့အသက်တွေနဲ့တော့ တစ်ခြားဆီပဲ။

တစ်ခုရှိတာက ဒီမှာမနက်ပိုင်း ဘယ်တုန်းကမှာ အစောကြီး မထဘူးတာပဲ။ ဘယ်ထမှာလဲ ညပိုင်းဆိုညည့်နက်တဲ့အထိ နေနေတာကိုး။ ဒါလည်းကောင်းတာပါပဲလေ။ စတိုင်တစ်မျိုးပေါ့ ... ဟားဟား။ အခုတလောညဆိုရင် စာလုပ်ရင်းနဲ့ သီချင်းတွေနားထောင်တယ်။ တစ်ခါတစ်ခါ ဓာတ်ပုံတွေလျောက်ကြည့်တယ်။ အင်တာနက်လေးရှိတာ အဲဒီတစ်ခုတော့ ဂွတ်တယ်။

သီချင်းကတော့ ရာသီဥတုကိုလိုက်ပြီး နားထောင်တတ်တယ်။ ရှုပ်သွားပြီလားမသိဘူး။ ဥပမာ ... ဒီလိုဆောင်းတွင်းရာသီမှာ ခင်မောင်တိုးရဲ့ ဒီတစ်ကြိမ်ဒီနွေတို့ ပြီးတော့ ဆောင်းဦးလှိုင်ရဲ့ ဇူလိုင်မိုးတို့ နားထောင်ကြည့် ဘယ်လိုမှ ဖီလင်မလာဘူး။ ဘာမှမှ မဆိုင်တာကိုး။ ဒီတော့ နားထောင်ဖြစ်တာက နှင်းဝေတဲ့ဆောင်း၊ ဒီဇင်ဘာည၊ ဒီဇင်ဘာအချစ်၊ ဒီဇင်ဘာနံနက်ခင်း စတဲ့ သီချင်းတွေကို နားတွင်းတွေ့နေတယ် (ခံတွင်းတွေ့တယ်ဆိုတာနဲ့ နှိုင်းပြီးပြောကြည့်တာ)။ အဲဒီသီချင်းတွေကို သူငယ်ချင်းတွေ နားစဉ်ချင်တယ်ဆိုရင်လည်း အဆင်ပြေအောင် သီချင်းများရယူရန်ဆိုတဲ့ စာရင်းမှာ ထည့်ပေးထားပါတယ်။ သူငယ်ချင်းတွေနဲ့ အမြဲပျော်ပျော်နေတတ်တဲ့ ကျွန်တော့်အတွက် အခုတော့ သီချင်းတွေက အခင်ဆုံး သူငယ်ချင်းတွေဖြစ်သွားကြပါပြီ။ သူတို့ကပဲ စိတ်ကို ဆွေးအောင်၊ ၀မ်းနည်းအောင်၊ သတိရအောင်လုပ်ပေးနိုင်သလို ပျော်အောင်လည်း လုပ်ပေးနိုင်တယ်လေ။ ဒီဇင်ဘာနံနက်ခင်းဆိုတဲ့ သီချင်းလေးကတော့ ၂၀၀၄ ရန်ကုန်မှာနေတုန်း တော်တော်လေးကြိုက်ပြီး အမြဲနားထောင်ဖြစ်တဲ့ သီချင်းလေးပဲ။ အဲဒီတုန်းက ဆောင်းတွင်းမှာ မန်းလေးမှာ မဟုတ်ဘဲ ရန်ကုန်ရောက်နေတယ်။ နယူးရီးယားပြီးတဲ့ အထိပေါ့။

FMI အိမ်ယာထဲမှာရှိတဲ့ ဦးရဲမြင့်(စွန့်ဦးတီထွင်) ရဲ့အိမ်မှာသွားနေတုန်း ပျင်းစရာ ကောင်းတဲ့အချိန်တွေဆို သီချင်းတွေနဲ့ပဲ ဖြတ်သန်းခဲ့တယ်။ အသိလို အမျိုးလိုဖြစ်နေတဲ့ အိမ်မှာနေရတာဆိုတော့ ပြဿနာတော့မရှိပါဘူး။ ခက်တာက မနက်ဆို တစ်ယောက်မှ မရှိကြတော့ဘူး။ အလုပ်ကိုယ်စီနဲ့ လစ်ကြပြီ။ ညနေမှတွေ့တယ်။ တစ်ယောက်ထဲ နေ့လည်ပိုင်းဆို စာမေးပွဲအတွက် စာကြည့်လိုက် ပျင်းရင် ကော်ဖီသွားကိုင်လိုက်နဲ့ ဟီးဟီး ပြန်တွေးကြည့်ရင်တော့ ... တမျိုးပဲ။ ညပိုင်းဆို ငယ်သူငယ်ချင်း မောင်ဖိုးတော်လေးနဲ့ ကော်ဖီဆိုင်လေးမှာ ညညသွားသွားထိုင်ရင်း လေသေနတ်ပြစ်ကြသေးတယ်။ သြော် ... ပြန်တွေးကြည့်ရင် တစ်ချို့အရာတွေက လွမ်းစရာကောင်းသလို တစ်ချို့အရာတွေကျတော့လည်း ပျော်စရာအကောင်းသား :)

Happy Birthday! Ma Zu

အစ်မလိုတစ်မျိုး အမေလိုတစ်ဖုံ ကြင်နာစောင့်ရှောက်ခဲ့တဲ့ အစ်မရဲ့မွေးနေ့မှာ ပျော်ရွှင်မှုအပေါင်းတွေနဲ့ပြည့်စုံပြီး၊ ဘ၀ရဲ့ လိုအင်တွေ မတောင်းဘဲနဲ့ ပြည့်စုံနိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ်။ အစ်မလည်း ဒီနေ့မှာ အဖေနဲ့ အမေကို သတိရနေမယ်ဆိုတာ သိပါတယ်။ အမေကတော့ ဖုန်းဆက်ပြီး မွေးနေ့ဆုတောင်းလုပ်ပါတယ်။ ဒါပေမဲ့ အစ်မက အလုပ်သွားနေတော့ မတွေ့လိုက်ရဘူးပေါ့။ မေမေလည်း မမအတွက် ဘုရားမှာဆုတောင်းပေးမှာ မလွဲဧကန်ပါပဲ။ ပြေးကြည့်မှာ ဒီမောင်နှမလေးနှစ်ယောက်ပဲရှိတဲ့အတွက် ... မဇူရေ ... အမေတို့လည်း ကျွန်တော်တို့ကို လွမ်းလောက်ရောပေါ့။

10 Nov 2006

မတောက်တခေါက် စာမျက်နှာလေး

အခုတလော eCommerce Assignment လေးတစ်ခုရယ် အခြား Assignment တွေရယ်လုပ်ရင်း နဲနဲအလုပ်များနေတယ်။ eCommerce site လေးတွေ လုပ်ချင်နေတာတော့ကြာပါပြီ။ အခု စပြီးတော့ လုပ်ဖြစ်ပြီပေါ့။ လုပ်တယ်ဆိုတာကလဲ အခြေခံလောက်ပဲ ရှိပါသေးတယ်။ လေ့လာဖို့အများကြီးလိုသေးတယ်။ ဘာပဲပြောပြော စဖြစ်သွားတာကတော့ ကောင်းတယ်လို့ ကိုယ့်ကိုကိုယ်ထင်မိတာပဲ။

အခုလုပ်ထားတဲ့ site လေးက အခြေခံ အဆင့်လောက်ပါပဲ။ မတောက်တခေါက်လေးပေါ့ဗျာ။ DataBase ကနေ Data တွေကို ပြရုံလောက်ပါပဲ။ အဲဒါကိုက ကျွန်တော့်အတွက် တော်တော်ခက်ခဲနေတယ်။ ဘာပဲဖြစ်ဖြစ် အခုတော့ ပထမအဆင့်ပြီးသွားပြီပေါ့။ ဒုတိယအဆင့်က ShoppingCart လုပ်ရမှာတဲ့။ အခုလောလောဆယ်တော့ အဲဒါလုပ်ဖို့အတွက် သဘောတရားလေးတွေကို လေ့လာနေတယ်။ ဟူး ... ဘွဲ့တစ်ခုရဖို့အတွက်ကတော့ တော်တော်ခက်ခဲတယ်နော် ... မလွယ်ဘူး ငါ့ကောင်ရေ ကြိုးစားဟ။ နောက် တစ်ပတ်မှာလည်း Test တွေ Assignment တွေထပ်လာအုံးမယ်။ ဟင်း ... အခုတလော ဘယ့်နှယ့်မှကို မဘယ့်နှယ့်နိုင်ပါလားနော်

5 Nov 2006

လပြည့်နေ့နှင့် ...



လပြည့်နေ့တွေကိုတော့ တစ်နှစ်ပြီးတစ်နှစ် ကြုံတွေ့နေရဦးမှာပါပဲ

ဘ၀ပြည့်မည့် နေ့တွေကတော့ ဘယ်နှစ်များမှ ဖြစ်လာမလဲ မသိဘူး

4 Nov 2006

တန်ဆောင်မုန်းလပြည့် (သို့) ဆေးပေါင်းခတဲ့ည

ဒီမှာတော့ ဘာတွေခနေလဲတော့ မသိတော့ဘူး။ မယ်ဇလီဖူးသုပ်လဲ ဘယ်နားမှာမှန်း မသိဘူး။ ကြက်သားနှင့်ဘူးသီး ကာလသားချက်လေးလဲ လွမ်းမိတယ်။ လက်ရာကောင်းကောင်းလေးလဲ မစားရတာကြာပြီ။ အခုတလောလည်း စိတ်က ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့။ စာတွေကလည်း အခုတလော ကြည့်စရာတွေများနေတယ်။ ကြည့်လို့ကို မပြီးနိုင်ပါ။ လပြည့်နေ့ဆိုတာ စာကြည့်တာကို ခဏရပ်ပြီး လွတ်လွတ်လပ်လပ် နာရီဝက်လောက် လပြည့်နေ့အကြောင်းလေး တွေနေလိုက်တယ်။

စိတ်အပန်းဖြေတဲ့ အနေနဲ့ပေါ့။ မန်းလေးမှာ လပြည့်နေပျော်ခဲ့တာလေးတွေ မျက်စိထဲမှာ ပေါ်လာတယ်။ လပြည့်နေ့ညတွေဆိုရင် မန်းလေး ကျုံးလမ်းနဲ့ ၇၃ လမ်းတို့လို လမ်းမတွေပေါ်မှာ ဆိုင်ကယ်တွေနဲ့ စည်ကားနေတတ်တယ်။ တစ်ချို့ကလည်း သီတင်းကျွတ်လက်ကျန် မီးပန်းလေးတွေကို လွှတ်ရင်းပေါ့။ အထူးသဖြင့် မင်္ဂလာတံတားနားက မီးတိုင်းကြီးမှာဆိုရင် တော်တော်လေး စည်ကားတာပေါ့။ နောက်တစ်နေရာကတော့ မန်းလေးတောင်ကြီးပေါ့။ လမင်းရဲ့ အေးမြတဲ့ အလင်းရောင်တွေအပြင် မီးရှူးမီးပန်းတွေရဲ့ ရောင်စုံခြယ်သမှုကြောင့်လည်း မန်းလေးတောင်ကြီးက ပိုပြီး သာယာလှပနေတော့သည်။ တောင်ပေါ်သို့တက်ကြသော ဆိုင်ကယ်တန်းကြီးကလည်း မီးရထားတွဲလေးများပမာ။ ဆောင်းဝင်စပြုနေဖြစ်သော မန်းလေးမှာ အအေးဒဏ်ကို အံတုရင်း ပျော်စရာ တန်ဆောင်တိုင်ညချမ်းလေးကို ဖြတ်သန်းရတာကလည်း မန်းလေးသူ မန်းလေးသားတို့အတွက် ပျော်စရာတစ်ခုပင်ဖြစ်သည်။

တန်ဆောင်တိုင်ညတွေကို တွေးမိရင် ရန်ကင်းတောင်ကြီးကို သွားပြီး ကာလသားကြက်ချက်စားခဲ့တာကိုတော့ ဘယ်လိုမှ မေ့မရပါ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတော့ ကျွန်တော်တို့သူငယ်ချင်းတစ်စု မြို့ထဲမှာ သိပ်ပြီး မလည်ချင်တော့တာနဲ့ ရန်ကင်းတောင်ကို သွားပြီး ကာလသားကြက်ချက်စားဖို့ရာ တိုင်ပင်ခဲ့ကြသည်။ ကြက်သားဟင်းချက်ရာတွင် ပိုပြီးပြည့်စုံစေရန် ဟိုအရွက်ခြောက်(မဲမဲလေးတွေဗျာ)လေးတွေကိုလည်း လိုက်ရှာပြီးဝယ်ခဲ့ကြသည်။ လိုအပ်တာများ ရရှိပြီးသည့်နောက် လူစု၊ ပြီးတော့ ဆိုင်ယ်လေးတွေ ကိုယ်စီနဲ့ ၁၉လမ်းမှတစ်ဆင့် ငရဲ့မင်းစေတီတည်ရှိရာ တောင်တော်ထူး ရန်ကင်းတောင်ကြီးဆီသို့ ချီတက်ခဲ့ကြသည်။ လိုအပ်တဲ့ ကြက်သားလေးကတော့ အဲဒီရောက်မှပဲ လိုက်ရှာရန် စီစဉ်ခဲ့ကြတယ်။ ရန်ကင်းတောင်ဘက်မှာတော့ ကြက်သားက ပေါမှပေါ့။ အသားတိုးကြက်ယူမလား၊ တိုက်ကြက်ယူမလား အဆင်ပြေသည်။ သို့သော် ဈေးကြီးသောကြောင့် တိုက်ကြက်ကို မယူခဲ့ကြပါ။ ၀ယ်မဲ့ဝယ်တော့လည်း သမ၀ါယမကောလိပ်ဝန်းထဲက အသိတစ်ယောက်ရဲ့ ကြက်ခြံကနေပဲ သွားပြီးဆွဲခဲ့ကြသည်။ ကြက်သားချက်စားရန် ဂျကာကို လိုက်ရှာလိုက်လာ မိုးညှင်းမှ သူငယ်ချင်းတစ်ယောက်နေသော အဆောင်လေးက ကွက်တိဖြစ်သွာသည်။ သူရဲ့အဆောင်လေးက ရန်ကင်းတောင်ရောက်ခါနီး မြောင်းလေးနားမှာ၊ အင်ဂျင်နီယာ ဦးမောင်မောင်ဖွင့်ထားသော အဆောင်လေးဖြစ်သည်။ ကျွန်တော်တို့ သူငယ်ချင်းတစ်စုအတွက်တော့ တော်တော်လေးအဆင်ပြေသည်။ ဒန်အိုးခွက်ယောက်ကလည်း အဲဒီကပဲ ယူ၍သုံးစွဲရန် အဆင်ပြေသည်။ ကြက်သားစတင်ချက်ရာတွင် ပြဿနာတစ်ခု တက်လေတော့သည်။ ဘာလဲဆိုတော့ ... ကြက် ... ဟုတ်ပါသည် .. ကြက်က အသေမဟုတ်။ အရှင်လတ်လတ်ကြီးတွေ ၀ယ်ခဲ့ကြသည်။ လပြည့်နေဆိုတော့လည်း ကုသိုလ်ကောင်းမှုလေးတွေလုပ်ပြီး ကုသိုလ်ယူနေချိန်မှာ ဘယ်သူမှ မသတ်ချင်။ ထို့ကြောင့် ကြက်သတ်ရန် အခက်တွေ့နေသည်။ ဒါနဲ့ပဲ နောက်ဆုံးဆုံဖြတ်လိုက်တာက အကုသိုလ်ကို ခွဲဝေယူရန်မှ တစ်ပါး အခြားမရှိတော့။ ငရဲအကြီးဆုံးကတော့ ကျွန်တော်နှင့် ပြည်ကြီး(အရူး)ပဲ။ တော်ပြီ .. ကြက်သတ်တာကတော့ ဒါနဲ့ပဲ ရပ်လိုက်မယ်။ လပြည့်နေ့ကြီး ကြက်သတ်တာကို ဆက်မတွေးချင်တော့ဘူး။ ကြက်သားကိုတော့ မိုးညှင်းမှာ သူငယ်ချင်းရဲ့ အသိတစ်ယောက်က လာချက်ပေးသည်။ ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာလည်း ချက်တတ်တာက တစ်ယောက်မှ မပါပါ။ အခုချိန်ဆိုရင်တော့ မပြောတတ်။ တစ်ချို့ကလည်း ချက်ရမှာဘယ်လောက်ပျင်းလဲဆိုရင် Chess တောင် မကစားချင်ကြ။ ကြက်သားဟင်းမကျက်မီ ဟိုမည်းမည်းလေးတွေလည်း ခတ်လိုက်ကြသေးသည်။ အဲဒီမည်းမည်းလေးတွေကတော့ ကြက်သားဟင်းစားပြီးမှ အစွမ်းပြမလားတော့ မသိ။ ခတ်တော့ ခတ်လိုက်တာပါပဲ။ ခဏကြာပြီးနောက် ကြက်သားဟင်းအိုးမှ အနံ့လေးက စားလို့ရပြီး ဖြစ်ကြောင်းသတိလာပေးသည်။ ထို့ကြောင့် သူငယ်ချင်းများ တပျော်တပါး ကာလသားကြက်သားဟင်းလေးကို မြိန်ရေယှက်ရေ အရသာရှိရှိ စွဲခဲ့ကြသည်။ ဒီကြားထဲ လူလိုမသိတတ်တဲ့ခွေးက ကြက်သားအိုးနားရောက်လာလို့ မောင်အရူးလေးက ဒါးနဲ့လိုက်ခုတ်လိုက်သေးသည်။ ရီလိုက်ရတာလည်း ကြက်သားဟင်းတောင် မြိုမကျချင်။ ဒီကောင်ရဲ့ စိတ်ကလည်း မလွယ်။ သူငယ်ချင်းတွေထဲမှာ အဆိုးဆုံးလို့ပြောလို့ရသည်။

ကြက်သား ဟင်းများကို မိန်ရေယှက်ရေ စားသုံးပြီးသည့်နောက် မန်းလေးညချမ်းကို ဖြတ်သန်းရန် မန်းလေးဘက်သို့ ခြေဦးပြန်လှည့်ခဲ့ကြသည်။ အပြန်လမ်းဖြစ်သည့် ပုသိမ်ကြီး-မန်းလေး ဆက်သွယ်ထားသည့် အောင်ပင်လယ် လမ်းကြီးပေါ်မှာတော့ လူသူသိပ်မရှိတော့လှပါ။ ကွင်းပြင်မို့လို့လားတေ့ မသိ အအေးက ပိုလာသည်။ မိန်းလမ်းဖြစ်သည့် ၁၉ လမ်းပေါ်သို့အရောက်မှာတော့ ဆိုင်ကယ်များ ပြိုင်ပွဲလုပ်လား အောင်းမေ့ရသည်။ တော်တော်စည်ကားနေပြီ။ ဆိုင်ကယ် စီးရင်းမီးရှူးလွှတ်တဲ့လူကလွှတ် တနူးရာ လုပ်တဲ့သူကလုပ်နဲ့ ရှုပ်ယှက်ခတ်နေသည်။ ဒီကြားထဲ တချို့နေရာလေးတွေမှာ သိုင်းပြိုင်ပွဲလေးတွေလည်း တွေ့ရတတ်သေးသည်။ ရဲတွေကတော့ စောင့်နေတာပါပဲ။ ဒီကြားထဲကို မရ ဖြစ်ချင်တော့လည်း ကြံဖန်ဖြစ်နေကြသည်။ ဖြစ်ကြတာကလည်း အုပ်စုလိုက်လေးတွေပေါ့။ ဒီအချိန်ဆိုတာကလည်း တစ်ချို့က ရှက်ကီ အရှိန်ကြောင့် ကောင်းနေတတ်သလို ဟိုဆေး သည်ဆေးလေးတွေကြောင့်လည်း စိတ်အရှိန်မြင့်နေကြသည် မဟုတ်ပါလား။

သည်လိုနဲ့ မန်းလေးကျုံးဘေးကို ၀ှီးရင်း မယ်ဇလီဖူးသုပ်လွေးရန် အလို့ငှာ မောင်အရူးရဲ့ မဒီလေး နေထိုင်ရာ ဇာနီယမင်းသူ အဆောင်သို့ ခြေဦးလှည့်ခဲ့ကြသည်။ အဲဒီအဆောင်ကတော့ မန်းလေးမှာ တော်တော်များများ သိကြပါသည်။ ၇၄နှင့်၇၅လမ်းကြား ၃၀နှင့်၃၁လမ်းကြားတွင် တည်ရှိပါသည်။ အဆောင်ရှေ့ကို ရောက်သွားတော့ ဂစ်တာမောင်များက ခိုသံများပေး၍ ဖျော်ဖြေနေလေပြီ။ ကျွန်တော်တို့ကတော့ ဘလာ .. ဘာမှမပါ၊ စားဖို့သက်သက်သာ လာခဲ့ကြသည်။ မောင်အရူးနှင့် မောင်အရူးရည်းစား (ပန်းသီး-အခုတော့ မန်းမပေါ့ .. ရသွားကြပြီကိုး) ကောင်းမှုကြောင့် မယ်ဇလီဖူးသုပ်လေးများ စားခဲ့ရသည်။ အဆောင်သူများရဲ့ လက်ရာကလည်း မဆိုးလှပါ။ သူတို့လည်း တတ်နိုင်သလောက် လက်စွမ်းပြကြသည် မဟုတ်ပါလား။ အဆောင်ရှေ့မှာ ခဏရပ်ထားတုန်း သူငယ်ချင်းသုံးလေးယောက်ကလည်း သူတို့ရဲ့ မျက်စိနဲ့ ပါးစပ်ကို အနားပေးကြ။ အခွင့်အရေးရရင် ရသလောက် အကျိုးရှိရှိ တနာရူးကြသည် .. အဲလေ .. စကားပြောကြသည်။ အဆောင်ရှေ့မှာတော့သိပ်ပြီး မချမ်းခဲ့ကြမှာ။ အဆောင်တစ်ဆောင်ရဲ့ ရှေ့မှာမီးဖိုတွေသည့် အတွက် မ လားခဲ့ကြသည်။ ဘယ်သူမှာတော့မသိ။ ဒါကလည်း လပြည့်ညမှာ နောက်ပြောင်ကြသည် အရသာပဲ မဟုတ်လား။ ပန်းသီးတို့ အဆောင်ရှေ့ရောက်တော့ မယ်ဇလီဖူးသုပ်စားလိုက် မီးလှုံလိုက်နဲ့ .. အတော်လေး ဟန်ကြသည်။ အချိန်ကြည့်လိုက်တော့ ညက တော်တော်ညည့်နက်နေပြီဖြစ်သည့်အတွက် ဆက်လက်ထွက်ခွာရန် ကြေငြာမောင်းထုကြသည်။ ထို့နောက် လည်စရာနေရာ ထပ်မံရွေးလိုက်တော့ ဘုတ်ကျတာက မိန်းဘက်။ တော်တော်စည်သည့်နေရာပေါ့။ ကိုလေးဖြူတို့ ကိုအငဲတို့ ပျော်ခဲ့ကြသည့် ကျောင်းတော်ကြီးပေါ့ဗျာ။ ကျွန်တော်တို့ ခေတ်ရောက်တော့ မိန်းဆိုတာက ဘာမှန်းမသိ အဆောင်ဆိုတာကလည်း ပိုက်ဆံပေး .. နေလို့ရတဲ့နေရာပါလား ဆိုတာပဲ သိတော့သည်။ ကျောင်းသာဖြစ်ပြီး ကျောင်းသားဘ၀ကို သိပ်ခံစားလို့ မရခဲ့။ နောက်ပိုင်းကျောင်းသားလေးတွေ ပိုဆိုးဦးမည်။ မိန်းဘက်မှာကတော့ အပြင်အဆောင်တွေကဘက်မှာ တော်တော်စည်တယ်။ သက်ဆိုင်ရာ သက်ဆိုင်ရာ လူတွေ အလွမ်းသယ်ကြ မယ်ဇလီဖူးသုပ်လေးများစားကြ မုန့်လုံးရေပေါ်လေးများ စားကြနဲ့ .. အလုပ်ကို ဖြစ်နေတာပဲ။ ဒီကြားထဲ တစ်ချို့သူငယ်ချင်းတွေက လက်ယားလို့ ဟိုဟားလေးတွေ ဒီနားရွေ့ ဒီဟာလေးတွေ ဟိုနားရွေ့လိုက်လုပ်ကြသည်။ တော်တော်တော့ ပျော်စရာကောင်းသည်။ ထိုသို့ အ၀ကဲပြီးသည့်နောက်တွင် မန်းလေးမဟာမြတ်မုနိ ကိုယ်တော်ကြီးသို့သွား၍ ပူဇော်ပြီးနောက် အိမ်သို့ပြန်ခဲ့ကြသည်။

တစ်ချို့တွေကလည်း နယူး၇ီးယား အကြိုလေ့ကျင့်သလား ထင်ရသည်။ ညလုံးပေါက် လည်သည့်လူတွေလည်း ရှိသည်။ မန်းလေးလူငယ်ပိုင်းတော်တော်များများမှာ အကျင့်တစ်ခုတော့ ရှိသည်။ အခါကြီးရက်ကြီးများမှာ တစ်ညလုံးဘယ်လောက်ပဲ လည်ခဲ့လည်ခဲ့ မနက်ပိုင်းလင်းခါနီးတွင့် ဘုရားကြီးသို့ သွားရောက်၍ မျက်နှာသစ်တော်ရေ ကပ်ပြီးမှာ အိပ်သို့ ပြန်ကြသည်။ ကျွန်တော်သည်လည်းပဲ သူငယ်ချင်းများနှင့် နယူရီးယားရောက်တိုင်း ထိုသို့လုပ်လေ့ရှိသည်။ မနက်စောစော ဘုရားကြီးမှာ မျက်နှာသစ်တော်ရေကပ် ရွှေဆိုင်းချပြီး ကုသိုလ်ယူရတာကလည်း မန်းလေးသူ မန်းလေးသားများရဲ့ ချစ်စဖွယ် အပြုအမူပဲ မဟုတ်ပါလား။

နောက်ပြီး ဒီနေ့လို့ရက်မျိုးမှာ တောင်ကြီးမှာတော့ မီးပုံပျံပွဲကြီးနဲ့တော်တော် စည်နေလောက်ပြီ။ အခါအခွင့်သင့်ရင်တော့ တောင်ကြီးကိုထပ်သွားချင်သေးသည်။ နောက်တစ်နေရာက မေမြို့၊ တစ်ချို့ မန်းလေးသူ မန်းလေးသားများလည်း မေမြို့သို့တက်ကြသည်။ အန်တ၇ာယ်တော့များသည်။ ကားရော ဆိုင်ကယ်ရော လမ်းမှာ ရှုပ်နေသည့်အတွက်ကြောင့် သိပ်တော့ မသွားချင်လှပါ။ ဒီနှစ် မေမြို့မှာ ပန်းပွဲတော် လုပ်မည်ဟုလည်း သိရသည်။ တော်တော်လေးကို စည်လောက်ရောပေါ့။ အင်း .. အခုဟာက တန်ဆောင်တိုင် လပြည့်ပေါ့ ဘာလိုနဲ့ပြီးသွားမှာပါပဲလေ။ နောက်လည်း နယူရီးယား ခရစ်စမတ် လာဦးမယ်။

ဒီညမှာတော့ သူများတွေပြောကြသလို လမင်းကြီးကို ကြည့်ပြီး ဆုတောင်းရဦးမယ်။ ဆုတောင်းပြည့်တယ်လို့ ပြောကြတာပဲ။ မယ်ဇလီဖူးသုပ်ကတော့ စိတ်ထဲကပဲ အ၀စားလိုက်တော့မယ်။ ဒီမှာ ညပိုင်းအပြင်ထွက်ရင်တော့ တော်တော်အေးနေပြီ။ စိမ့်နေတာပဲ။ အင်း ... ဆောင်း ... လပြည့်ညတွေ ... ကြည့်စရာစာတွေ ... သတိရစရာနေရာတွေ ... လုပ်စရာအလုပ်တွေ...

3 Nov 2006

ဖိုးချမ်း ... အစွန်းရောက် တွေးတောတာတွေဟာ မကောင်းဘူးကွာ ... မင်းမှားတယ်

ဖိုးချမ်း ... ထစ်ကနဲ့ဆို စိတ်ဆတ်တတ်တဲ့ မင်းရဲ့ အကျင့် ... ပြင်သင့်ပြီ

ဖိုးချမ်း ... မင်း ... ပြင်စရာတွေ အများကြီး ကျန်သေးတယ် ... ကြိုးစားဦး

2 Nov 2006

စကားတစ်လုံး > လက်သီးတစ်ချက်

ဖိုးချမ်းရေ ... လက်သီးတစ်ချက် ထိုးခံရတာထက် စကားတစ်လုံး ထိုးခံရတာက ပိုနာတယ်

1 Nov 2006

စက်ဘီစီးခဲ့ စက်ဘီးစီးဆဲ စက်ဘီးဆက်စီးဦးမဲ့မြို့ - ဆူးငှက်

ကျွန်တော်တို့ မန္တလေးနှင့် စက်ဘီး ခွဲခြားမရတဲ့ကြောင်းကို ဆရာဆူးငှက်ရဲ့ ဆောင်းပါလေးနှင့်တကွ တင်ပြလိုက်ပါတယ်။ စက်ဘီးနှင့်ပက်သက်တဲ့ စိတ်ဝင်စားစရာလေးတွေကို ခံစားနိုင်မယ်လို့ ယုံကြည်ပါတယ်။

ဒီပို့စ်အတွက် ရွှေမြတ် (Fido) ကို အထူးကျေးဇူးတင်ပါတယ်။

ကဲ ... ခံစားကြည့်ကြပါဦး ...

လှည်းနောက်မြီးထက်၊
ခြေတွဲလောင်းလေးယှက်ပြီး
သံသာသီတော့ပေ ...
တောင်ခြေမဝေးတဝေး ...
ဖွေးဖွေးတည်နေ၊ စေတီ
ကျောင်းကန် ပြာသာဒ်များနဲ့
ဘုရားဇရပ်တို့ ပျော်စရာပေ
အပါးကပ်လို့ မျှော်တာတွေ
အလားနတ်တို့ပြေ ..၊
အိုအောင်မင်းအောင်
ပေါင်းကြလို့လေ ...၊
တူစုံမောင်မယ်၊
တောင်းဆုကိုချွေ ...၊
မန်းတောင်ရိပ်ကို ခိုသူ
ပျိုဖြူနှမတွေ ....

၁၉၃၀ ၀န်းကျင် ယခုလိုတစ်ဝါတွင်း၌ မန္တလေးသူလေးတွေ လှည်းယာဉ်ကျော့စီးပြီး မန္တလေး တောင်သို့ ဘုရားဖူးလည်သည့် မြင်ကွင်းကို ဆရာမြို့မငြိမ်းက "တစ်ဝါတွင်း" သီချင်းတွင် ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က မန္တလေးသူလေးများက အခါကြီးရက်ကြီးရောက်လျှင်ဖြင့် အချင်းချင်းစုရုံးကာအကြီးအကဲ၊ မိဘများကိုခွင့်ပန်ပြီး တန်ခိုးကြီးဘုရားများသို့ တပျော်တပါးသွားရောက်ကြပေလိမ့်မည်။ သကျသီဟ၊ အိမ်တော်ရာ၊ ချမ်းသာကြီး၊ ချမ်းသာရ၊ ရှင်ပင်ပက်လက်၊ ရွှေကျီးမြင်၊ ရတနာမဉ္ဇူ၊ ဆုတောင်းပြည့်၊ ဆုတောင်းရ ... စသည်ဖြင့် ရှိမှာပေါ့ ...။

ဆရာမြို့မငြိမ်းခေတ်က မန္တလေးသူတွေ မန္တလေးတောင်သို့ ဘုရားဖူးသွားကြတော့ လှည်းနောက်မြီးမှာ ခြေတွဲလောင်းလေးယှက်ပြီး သီချင်းသံပြိုင်သီကြသတဲ့ ...။ သူတို့ စီးလာကြသော လှည်းယဉ်တန်းက ကျုံးနံဘေးလမ်းတစ်လျှောက် ခြူသံလေးတွေ တလွင်လွင်နှင့်မို့ နားဝင်အေးလှသတဲ့ ...။

ထိုခေတ်ထိုအချိန်က မန္တလေးတွင် ဘိုင်စကယ်ဟုခေါ်သည့် စက်ဘီးတွေ တွင်တွင်ကျယ်ကျယ် သုံးစွဲနေလောက်ပြီ။ သို့သော် ထိုစက်ဘီးများကို ယောက်ျားဘသား ကျားကျားလျားလျားကြီးတွေကပဲ စီးကြမည်။ တကယ်တော့ အေဒီ ၁၇၉၀ ပြည့်နှစ်တွင် ပြင်သစ်၌ သစ်သားတန်းကိုဘီးနှစ်ဘီးတပ်ပြီး ခြေနှင့်ကန်သွားသော စက်ဘီးလောင်းလေးပေါ်ပြီးနောက် နောင်နှစ် ၅၀ နီးပါးအကြာအေဒီ ၁၈၃၉ ရောက်မှ ခြေထောက်နှင့် နင်းသွားရသော စက်ဘီးကိုစကော့လူမျိုးတစ်ယောက်က တီထွင်ချိန်တွင် မြန်မာကလည်း ကြေးသွန်းသံသွန်းအတတ်တွေ ကျွမ်းကျင်နိုင်နင်းနေပါပြီ။ ၁၈၆၆ ခုနှစ်၌ ပြင်သစ်ပြည်တွင်ပဲနိဖာသင် (ရှေ့ဘီးကနောက်ဘီးထက် လေးဆကြီးသော) စက်ဘီးတွေ လမ်းပေါ်တွင်ကျယ်စွာ စီးနေချိန်၌ ရတနာပုံ မန္တလေးမြို့တော်ကြီးမှ အိမ်ရှေ့စံကနောင်မင်းသားက ပြင်သစ်၊ အီတလီနိုင်ငံများသို့ မြန်မာလူငယ်တွေကို ပညာတော်သင်စေလွှတ်ကာ ကိုယ်ပိုင်လက်နက်စက်ရုံကအစ အခြားလူသုံးကုန် စက်ရုံများအထိ တည်ထောင်နိုင်ရန် ကြံရွယ်နေပေပြီ။

ကနောင်ကိုယ်တော်ကြီး စောစီးစွာနတ်ရွာစံခဲ့ပေလို့ ...။ သို့မဟုတ်က ၁၈၈၅ ခုနှစ်တွင် ယခုခေတ် စက်ဘီးပုံစံကို အင်္ဂလန်၌ စီးပွားဖြစ် စတင်ရောင်းချနေသောအခါ ရတနာပုံမန္တလေးမှာလည်း စက်ဘီးစက်ရုံရောက်မလာပေဘူးဟု မည်သူပြောအံ့နည်း ...။ ထားပါတော့ ...။ စစ်ကြီးမတိုင်မီ မန္တလေးတွင် အင်္ဂလန် စက်ဘီးတွေ အသုံးပြုလာတာတော့ သေချာသည်။ မန္တလေးမြို့ မျက်နှာဖုံးနာမည်ကျော် အနုပညာရှင် ရွာစားကြီး စိန်ဗေဒါက သူ့ဆင်တိုစက်ဘီးအသစ်ကြီးနှင့် မက်မက်မောမော ဓာတ်ပုံအရိုက်ခံခဲ့သည်။ အင်္ဂလိပ်ခေတ်မှာ ခေတ်ဆန်သည့်မြန်မာမိန်းမပျိုလေးကလည်း ဆံထုံးထုံးကာ ရှန်ဟဲညွန့်ပိုးထည် လက်ရှည်အင်္ကျီဖားဖားနှင့်ဇင်းမယ်လုံချည်ဝတ်ပြီး မိန်းမစီးစက်ဘီးပေါ်တက်ထိုင်၍ စတိုင်ထုတ်နေပြီ။ မြန်မာမိန်းမပျိုလေးစီးနေသော စက်ဘီးက မိန်းမစီးစက်ဘီးပုံချိုးထားသည်။ သည်တော့ အမျိုးသမီးများအတွက်လည်း စက်ဘီးတွေ ၀င်နေပြီပေါ့။ သို့သော် ကျယ်ကျယ်ပြန့်ပြန့်တော့စီးကြဟန် မတူသေး ...။ ယောက်ျားစီးစက်ဘီးကိုတော့ တွင်တွင်ကျယ်ကျယ်စီးကြရောပေါ့။ အဘယ့်ကြောင့်ဆိုသော် မန္တလေး ၁၃၀၀ ပြည့် (၁၉၃၉) အရေးတော်ပုံတွင် ၂၆ ဘီလမ်းပေါ်၌ စက်ဘီးတွေ အတုံးအရုန်းလဲနေသည့် ဓာတ်ပုံမှတ်တမ်းများလည်းရှိသည်။ ထို့ပြင် အရေးတော်ပုံတွင် ကျဆုံးသည့် အာဇာနည်များဈာပန ပို့ဆောင်ပွဲ၌ မန္တလေးတွင် ထိုအချိန်က စတင်သုံးစွဲနေသော ဆိုက်ကားများကလည်း အုပ်နှင့်သင်းနှင့် လိုက်ပါပို့ဆောင်ကြသည့် မှတ်တမ်းဓာတ်ပုံများလည်း ရှိသည်။

တကယ်တော့ ထိုစဉ်ကာလကတည်းက မန္တလေးတွင် စက်ဘီးများတွင်ကျယ်စွာ သုံးနေကြသည်။ မန္တလေးတွင် ဓာတ်ရထားများ၊ မြင်းရထားများစသည်ဖြင့် သယ်ယူပို့ဆောင်ရေးတွင် အရှိန်ရနေပြီး၊ ၀ံသာနုစိတ်ဓာတ်ဖြင့် ဆိုက်ကားများလည်း ၀င်းကြိုဝင်းကြား၊ လမ်းကြိုလမ်းကြားမကျန် ၀င်ထွက်သယ်ပို့နေကြသော်လည်း စက်ဘီးက မန္တလေးအတိုင်းအတာနှင့် အလွန်တာသွား အရာရောက်လှ၏။ မန္တလေးတွင် စက်ဘီးနှင့်ပတ်သက်၍ ပြောစမှတ်တစ်ခုလည်းရှိသည်။ မန္တလေးတွင် စက်မှုလက်မှု အထက်တန်းကျောင်းနေရာမြေ၊ ယခု အမှတ် ၁၄ အထက်တန်းကျောင်းဝင်းနေရာ မြေ၊ မန္တလေးဆေးရုံကြီး မြောက်ဘက်သုံးဆယ်ဝင်းမြေ၊ ၈၁ လမ်းနှင့်လမ်း ၃၂ လမ်းထောင့် တရားဇရပ်ကြီး၊ မန္တလေး ဘိုးဘွားရိပ်သာ၊ မန္တလေး၏ ပထမဆုံးမီးသဂြုင်္ိဟ်စက်စသည်ဖြင့် အများပြည်သူအတွက် လှူဒါန်းထားသော ကုသိုလ်အစုစုအပြင် မန္တလေးမြို့ပေါ်တွင် ၀င်းမြေ၊တိုက်တာအိမ်ခြံ စသည်ဖြင့် များစွာ ပိုင်ဆိုင်ခဲ့သော ထိုမြေ၊ ထိုယာ၊ ထိုဝင်း၊ ထိုအိမ်များကို အများအတွက် ရွက်ပုန်းသီးလှူဒါန်းခဲ့သော ဦးကျော်လှသည် သူစတီးဘရားသား၌ ရုံးအုပ်စာရေးကြီးဝင်လုပ်သောအခါ ရုံးရှိရာ ဂေါဝိန်ဆိပ်သို့ မြောက်ဘုံဘိုင်တန်းရှိနေအိမ်မှ အသွားအပြန်ကိုရာလေးစက်ဘီး ဖြင့်သွားသတဲ့။ သူပိုင်ရာလေး စက်ဘီးက ကာကီစထူထူဖြင့် စက်ဘီးကုန်းကိုဖုံးအုပ်သည်။ ဘောင်များကိုလည်းကာကီစနှင့် ပတ်ချုပ်ထား၏။ စက်ဘီးကိုရပ်လိုလျှင် ဘရိတ်အုပ်ပြီးမရပ် ...။ ဘရိတ်ပွန်းမှာစိုး၍ ဖြည်းဖြည်းချင်းအရှိန်လျှော့ပြီးစီးကာ ရပ်လိုသောနေရာရောက်မှ ခုန်ဆင်းသည်။ အိမ်ရောက်သည်နှင့် စက်ဘီးကို ဖုန်သုတ်လေလျှော့ပြီး တန်းမှာဆွဲထားသည်။ နောက်ရက် ရုံးသွားမှ တန်းကချ၊ လေထိုးစီးသတဲ့ ...။ စက်ဘီးကို ဤမျှညှာတာ...၊ ဤမျှယုယပြီး ရိုသေစွာ ကိုင်တွယ်ပုံကို မန္တလေးရှေးလူကြီးတွေ ပြောစမှတ်ပြုသည်။

စစ်ကြီးမတိုင်မီအထိတော့ မန္တလေးမှာ မန္တလေးသူတွေ စက်ဘီးကိုတွင်တွင်ကျယ်ကျယ် စီးကြပုံမပေါ်သေး ...။ ထို့ကြောင့် ၀ါတွင်းဝါကျွတ်ဘုရားကျောင်းကန်ကို မန္တလေးသူတွေစုပြီး လှည်းယာဉ်စီးကာဘုရားဖူးထွက်ကြပုံကို ဆရာမြို့မငြိမ်းက ရေးသားစပ်ဆိုခဲ့သည်။

"လက်ပံပွင့်တွေ ..
လေအတိုက် ကြွေလိုက်တဲ့အခါ
တ၀ဲဝဲ ၀ဲကာလေယာဉ်ပမာ ...
သြော် ... ချစ်စရာ ချစ်စရာ
မြင်ရပါလေဦးတော့မည်၊
ရိုးတံတွေကျဲ
နေပူထဲ ... မှာ
ရွှေညာသူပျိုဖြူချောတွေ
စက်ဘီးလေးတွေစီးကာကိုယ်စီ
စက်ဘီးလေးတွေစီးကာကိုယ်စီ"

နောက်တော့ မန္တလေးက စက်ဘီးမြို့တော်ကြီး ဖြစ်သွားသည်။ အထူးသဖြင့် မိန်းကလေးများအနေနှင့် စက်ဘီးနှင့်က ပိုမိုခရီးရောက်ဣနြေ္ဒရလာသည်။ ရှေးက မန္တလေးတွင် မိန်းကလေးများအနေနှင့် အရွယ်ရောက်သည်နှင့် ဆိုင်ရာဆိုင်ရာ နီးစပ်သူများထံ ဈေးသင်အပ်ကြသည်က များသည်။ ဈေးသည်အများစုက ဈေးချိုတော်ကြီးမှာမို့ ကိုယ့်အိမ်မှဈေးချိုခရီးကို စက်ဘီးနှင့်သွားကြသည်။ အလားတူ ကျောင်းသွား၊ ရုံးသွား၊ အလုပ်သွား ကိစ္စအတွက်လည်း စက်ဘီးများကို တွင်တွင်စီးကြသည်။ မန္တလေးမြို့ပြဖွဲ့စည်းမှုက ဆင်ခြေဖုံးမှသည် ဈေး၊ ကျောင်း၊ ရုံး၊ အလုပ်ရုံ၊ ဆေးလိပ်ခုံ စသောနေရာများက အဝေးဆုံး သုံးမိုင်၊ လေးမိုင်သာသာမို့ စက်ဘီးက အရာရောက်သည်။ အိမ်ထောင်စုတစ်စုတွင် စက်ဘီးတစ်စီးကမဖြစ်မနေလိုအပ်သော မြို့လည်းဖြစ်၏။ ပျမ်းမျှအားဖြင့် လူဦးရေဆယ်ဦးလျှင်စက်ဘီးတစ်စီး အနည်းဆုံး ရှိရတော့သည်။ ထို့ကြောင့် မန္တလေးသူများ တွင်ကျယ်စွာ စက်ဘီးစီးနေကြပြီဖြစ်သည့် ၁၉၅၉ ခုနှစ် မန္တလေးနှစ် ၁၀၀ ပြည့်နှစ်က လူဦးရေနှစ်သိန်းခွဲတွင် စက်ဘီးစီးရေ နှစ်သောင်းကျော်ရှိနိုင်သည်။ သည်အချိုးအစားက ပြောင်းလဲသွားနိုင်ပါပြီလား ...။ ဒါကတော့ တပ်အပ်သေချာပြောနိုင်သည်။ ထိုအချိန်ကလူဦးရေနှစ်သိန်းခွဲတွင် အိမ်ခြေ ၃၅၀၀၀ ရှိသည်ဆိုတော့ နှစ်အိမ်လျှင်စက်ဘီးတစ်စီးပဲ အနည်းဆုံးထား ... စက်ဘီးစီးရေ ၁၇၀၀၀ကျော် ၁၈၀၀၀ နီးပါးတော့ရှိသည်။ မန္တလေးကား စစ်ကြီးပြီး နောက်ပိုင်း စက်ဘီးနှင့် အတော်ယဉ်ပါးကာ သုံးစွဲမှုပမာဏ တစ်နှစ်ပြီးတစ်နှစ် ပိုမိုကြီးထွားလာခဲ့သည်။ စက်ဘီးတစ်စီးပေါ်ရှေ့ဘောင်တန်း၌တစ်ယောက်တင်၊ နောက်ကယ်ရီယာပေါ်ကလေး ပွေ့ချီထားသော မိခင်တစ်ဦးကို တင်ဆောင်ကာလေး ယောက်စီးနင်းသွားတာလည်းမဆန်းတော့ ...။ ထို့အတူ စက်ဘီးကို ထီးဆောင်း၍လည်း ကျွမ်းကျင်စွာစီးနင်းသည်။ ခေါက်ထီးပေါ်သောခေတ်၌ မန္တလေးသူက ကျော့ကျော့ရှင်းရှင်းစက်ဘီးစီးမပျက်နှင့် ခေါက်ထီးဖွင့်၊ ခေါက်ထီးပိတ်ခဲ့သည်။ စက်ဘီးပေါ်တက်သည်နှင့် လက်တစ်ဖက်က စက်ဘီးလက်ကိုင်ကိုကိုင်ကာ လက်တစ်ဖက်က ထဘီနားစကို ထိန်းသိမ်းပြီးမှစက်ဘီးပေါ်ကျွမ်းကျင်စွာ တက်နိုင်သည်။ စက်ဘီးပေါ်ရောက်တော့ လက်ကိုင်နှစ်ဖက်ကို လက်ဖနောင့်နှင့်ဖိပြီး လက်မောင်းကို ဆန့်တန်းကာခါးကို ဆန့်ဆန့်ကလေးနှင့် ဒူးကိုစေ့ကာလှပသော ကိုယ်ဟန်နေထားနှင့်နင်းနိုင်သည်။

"ဘီးကလေးကိုစီး ...
အချစ်ကလေးကိုတင်ပြီး
ကိုယ်သွားရတာလေ...
အင်မတန်ပျော် ...
စကြ၀ဠာအဆုံးထိနင်းရမလား..."

မန္တလေးမှာ ဆရာ စိုင်းခမ်းလိတ် လည်းစက်ဘီးစီးခဲ့သည်။ အဆိုတော် စိုင်းထီးဆိုင်လည်း စက်ဘီးစီးခဲ့သည်။ အဆိုတော် ဂျေမောင်မောင်လည်း စက်ဘီးစီးခဲ့သည်။ ထို့အတူ ...ထို့အတူ... မန္တလေးသူတိုင်းလိုလိုက စက်ဘီးစီးရင်းလိုရာခရီးကိုကျော့ကျော့ မော့မော့သွားနိုင်သည်။ မန္တလေးတက္ကသိုလ်ဝင်းကြီးထဲက ပင်မဆောင်ကြီး လှေကားအခြေမှာ စက်ဘီးတွေစီရပ်ထားပုံက အင်စတောလေးရှင်း ပြကွက်တစ်ခုပမာ အနုပညာမြောက်နေသည်။ သစ္စာဆောင်ရှေ့မှာလည်း စက်ဘီး၊ ရွှေမန်းဆောင်ရှေ့မှာလည်းစက်ဘီး၊ မြတမာဆောင်ရှေ့မှာလည်း စက်ဘီး ...၊ အုတ်ခုံကြီးသာ ကျန်တော့သောအတုမရှိကျောင်းကြီး၏ မကန်းရုပ်လှေကားခြေမှာယောက်ျားစီး စက်ဘီးတစ်စီးနှင့် မိန်းမစီးစက်ဘီးတစ်စီး ခေါင်းချင်းဆိုင်နေသည်။ ၀င်းလိုက်ရုံမြောက်ဘက် ဒေါ်သောင်းသောင်းစက်ဘီးအပ်ဆိုင်မှာ သောကြာနေ့ဆို စက်ဘီးလက်မှတ်ကုန်နေတတ်သည်။ ၀ါဆိုလ ဇွန်ပန်းပွင့်ရာသီတွင် မျက်ပါးရပ်မြသီတာဇာတ်ရုံ၌ ရုံခါခေါင်းလောင်းမထိုးမီ မီးသတ်ရန်ပုံငွေ စက်ဘီးစတင်းမှာ နေရာပြည့်သွားသည်။ တက္ကသိုလ်နှင့် နန်းတွင်း လူငယ်ဘောလုံးပွဲအပြီး ဗထူးကွင်းမှသည် မစိုးရိမ်မီးပွိုင့်အထိ စက်ဘီးအုပ်ကြီးက မပြတ်တော့။ သီတင်းကျွတ်လဆန်း ၁၀ ရက်နေ့ည လမ်းလယ်ဘုရားပွဲမှာလည်း ၈၂လမ်းပေါ် စက်ဘီးများကပွဲဈေးတန်း လျှောက်နေကြ၏။ မကြာမီ စက်ဘီးအားလုံးအငြိမ့်စင်ဘေး၊ အငြိမ့်စင်နောက်ရောက်သွားကြ၏။ ထိုစဉ်က ၂၅.၆၄ စတုရန်းမိုင် ဧရိယာအကျယ်အ၀န်းရှိမန္တလေးမြို့ အတွင်းမှ စက်ဘီးများကား အခု ထိုအင်အားထက်မယုတ်မလျော့ဘဲ ပို၍ပင်တိုးကာ ၄၅ စတုရန်းမိုင်ရှိ မဟာမန္တလေးဧရိယာအတွင်း ဆင်ခြေဖုံးအများစုစီ ဗဟိုခွာအားပုံစံဖြင့် ကျဲပြန့်သွားတော့သည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က စာရင်းဇယားများအရ မန္တလေး ငါးမြို့နယ်မှာ လူဦးရေ ၇၄၄၉၀၉ ဦးရှိသည်။ မန္တလေးအနီးဝန်းကျင် ပုသိမ်ကြီးနှင့် အမရပူရ နှစ်မြို့နယ်မှာ လူဦးရေ ၃၁၉၉၆၄ ဦးရှိသည်။ ထားပါတော့ ...။ မန္တလေး ငါးမြို့နယ်လူဦးရေပဲ။ ထိုလူဦးရေမှာ ပျမ်းမျှ ငါးယောက်လျှင် စက်ဘီးတစ်စီးရှိတယ်ဆိုပါစို့ ...။ (တကယ်လည်းရှိသည်။) စက်ဘီး စီးရေပေါင်း ၁၄၈၉၈၂ စီးရှိမည်။ ထိုအရေအတွက်ထဲမှ မန္တလေးသူတွေ တစ်ဝက်ကျော်က စက်ဘီးစီးနေကြတာသေချာသည်။ ဒါဆိုရင် မန္တလေးသူတွေက အနည်းဆုံး ၇၄၄၉၁ စီးသော စက်ဘီးများစီးနေဆဲဖြစ်၏။ မန္တလေးအနီးအနား ပုသိမ်ကြီးနှင့် အမရပူရမြို့နယ်များက လာရောက်ကြသူတွေနှင့်ဆိုလျှင် အနည်းဆုံး အစီးရေ ရှစ်သောင်းကျော်သော စက်ဘီးတွေနှင့် မန္တလေးသူတွေကိုယနေ့တိုင် မြင်တွေ့နေရပေဦးမည်။

လွန်ခဲ့သော သုံးနှစ်၊ လေးနှစ်အတွင်း တရုတ်ဆိုင်ကယ်တွေ အစီးရေ သိန်းဂဏန်းမျှဝင်လာတော့ မန္တလေးသည် ဆိုင်ကယ်မြို့တော်ဟုဆိုသူက ဆိုကြ၏။ ၁၀ သိန်းနီးပါးမျှ လူဦးရေတွင် ဆိုင်ကယ်စီးရေ တစ်သိန်းဝင်လာသော်လည်း နဂိုရှိရင်းစွဲ သိန်းချီရှိနေသောစက်ဘီးတွေ ယုတ်လျော့မသွား၊ ပို၍ပင်တိုးလာဦးမှာ ဧကန်မုချဖြစ်သည်။

စက်ဘီးတိုင်းပြည်ဟု သမုတ်အပ်သော တရုတ်ပြည်မှာတော့ ဘီဂျင်းမြို့တော်ကြီးအပါအ၀င် လာမည့်နှစ်များအတွင်း လောင်စာချွေတာမှုအရ စက်ဘီးစီးရေ သန်းချီ၍ တိုးကာစီးကြဦးမှာတဲ့။ ဒါဖြင့် မန္တလေးမြို့ဆိုတာလေးကများ ...။