31 Dec 2006

2006 ရဲ့နောက်ဆုံးနေ့လေးပေါ့

Happy New Year 2007

၃၁ ဒီဇင်ဘာ

ဒီနေ့ ငါ့ရဲ့စိတ်တွေ မန်းလေးကိုပဲ သတိရနေတယ် ... ဟူး။ သူငယ်ချင်းတို့ရေ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုရောက်ပြန်တော့မယ်။ ငါ မင်းတို့ကို အရမ်းသတိရတယ်။ ချမ်းအေးလွန်းတဲ့ မန်းလေးရဲ့ ဟေမာန်ဆောင်းညတွေမှာ လည်ပတ်ရင်း နှစ်သစ်ကိုကြိုဆိုခဲ့ကြတာတွေကို ငါဘယ်တော့မှ မမေ့ပါဘူးကွာ။ ငါ့အဖို့တော့ ဒီမှာ ဘာလုပ်ရမှန်းကို မသိသေးဘူး။ အိပ်ရုံကလွဲလို့ ဘာမှမရှိဘူးပေါ့ကွာ။ ဒါပေမဲ့ ည ၁၀ နာရီလောက်ကျရင်တော့ Central London ကို အပျင်းပြေ သွားမလားလို့လုပ်ထားတယ် ... မသေချာသေးပါဘူး။ စိတ်ပါမှပဲသွားတော့မယ်ကွာ။ သူငယ်ချင်းတစ်ချို့လည်း ပုဂံကိုရောက်နေကြတယ်။ အရမ်းပျော်ဖို့ကောင်းမှာပဲ။ နှစ်သစ်ကို ပုဂံမှာ တစ်ခါမှ သွားပြီး မကြိုဘူးဖူး။ သွားချင်တယ်။

မန်းလေးကျုံးလေးမှာ ဒီနေ့ည အရမ်းစည်ကားနေမှာကို မြင်ယောင်မိတယ်ကွာ။ ဘယ်နှစ်လောက်ကျမှာ မန်းလေးမှာ နယူးရီးယားကို ပြန်ပြီးကြိုဆိုဖြစ်မလဲ မသိဘူးနော်။ သြော် ပျော်ရာမှာမနေရဘဲ တော်ရာမှာပဲ နေနေရပါလား။ ပြန်တော့ဆုံဖြစ်မှာပါ မန်းလေး နှစ်သစ်ညလေးရယ်။ အခုတော့ ဝေးနှင့်နေအုံးပေါ့။

+ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အားလုံးပျော်ရွှင်နိုင်ကြပါစေခင်ဗျာ +

+ စိုးရိပ်ပူပန်ခြင်း ကင်းဝေးတဲ့ ဘ၀တွေ ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ +

24 Dec 2006

ပျော်ရွှင်ဖွယ် XMas ပါခင်ဗျာ

မိသားစု၊ သူငယ်ချင်းများနှင့်အတူ XMas မှာပျော်ရွှင်နိုင်ပါစေ။ ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာများ ကျရောက်ပါစေလို့ ဆန္ဖပြုပါတယ်။

ပျော်ရွှင်ဖွယ် XMas ငြိမ်ဝတ်စွာနားစဉ်ပါ

ManU ကိုဒီည သွားဖြစ်တယ်။ ည ၁၁နာရီလောက် ထွက်ဖြစ်မယ်ထင်တယ်။ အသိတစ်ယောက်ရဲ့ ကားနှင့်သွားမှာဆိုတော့ အဆင်ပြေတယ်။ သုံးရက်လောက်တော့ နေဖြစ်မယ်ထင်တယ်။ ဝေဟင်ရေ ... XMas ည အွန်လိုင်းမှာ တွေ့ဖို့ မသေချာလောက်ဘူး။ ဟိုမှာ သုံးလို့ရရင်တော့ ၀င်ခဲ့မယ်။

ခရစ်ယာန်မဟုတ်တော့ XMas ထက် NewYear ကိုပဲ သတိရတယ်။ မန်းလေး နှစ်သစ်ကူးညတွေ အခုတော့ ငါ မကြိုဆိုနိုင်တော့ဘူးပေါ့။ မန်းလေးXMas ညလေးမှာလည်း စည်ကားနေမှာကို မျက်စိထဲ မြင်ယောင်မိပါတယ်။ မပျော်နိုင်သူများ ပျော်ရွှင်နိုင်ကြပါစေ။ ပျော်နိုင်သူများလည်း ပိုပြီးပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

23 Dec 2006

Flock [ The Social Web Browser ]

For Browsing, For Sharing, For Finding Out

Flock is an amazing web browser built on fast and secure Mozilla technologies. View and share photos with an innovative new photo bar in the browser. Subscribe to your favorite websites to get the freshest content automatically, in summaries that are easy to save and blog. Search more quickly, more effectively, and more richly with the innovative Flock Search Toolbar. Download the Flock beta and you'll be spreading the word that there's a new way to web.


ပြောထားတာတော့ အဟုတ်ပဲ။ ဟုတ်မဟုတ်သိရအောင် ကျွန်တော်တော့ စမ်းပြီး သုံးကြည့်နေတယ်။

22 Dec 2006

ChinaTown, CMS နှင့် ဟိုစပ်စပ် ဒီစပ်စပ် ဓာတ်ပုံများ

အင်တာနက်ပေါ်မှနေ၍ ကမ္ဘာပတ်နေတာ တော်တော်ကြာပြီ :P အဲဒီတော့ နည်းနည်းငြီးငွေ့လာတယ်။ ထို့ကြောင့် ကျွန်တော်မျိုး မနေ့က လန်ဒန်မြို့၏ စည်ကားရာနေရာများသို့ ကင်မရာအစုတ်တစ်လုံး စွဲကိုင်လျက် အစ်မတော်ဘုရားနှင့် လျောက်လည်ခဲ့သည်။ မြို့ထဲမှာတော့ XMas အတွက်ပြင်ဆင်ထားတာတွေ တော်တော်တွေ့ရသည်။ ကင်မရာအစုတ်လေးနှင့် လက်မဆော့မီ ဖုန်းအစုတ်လေး Contract ပြည့်၍ သွားလဲရသေးသည်။ Handset (MOTOKRZR K1) အသစ်တစ်လုံး ရခဲ့သည်။ ဒီမှာ အဲဒီတစ်ခုတော့ ကောင်းသည်။ Service ကိုပဲသုံး HS က အလကား ရပြီးသား။ ထို့နောက် စိတ်လွတ်ကိုယ်လွတ် လျောက်သွားလိုက်ရာ ChinaTown ဘက်သို့ရောက်သွားခဲ့သည်။ ဤတွင် အစာအိမ်၏ တောင်းဆိုမှုကြောင့် တရုတ်ဆိုင်တစ်ဆိုင်တွင်ဝင်၍ လွေးခဲ့သေးသည်။ အတော်ကောင်းလှသော ပင်လယ်စာခေါက်ဆွဲအား အရသာရှိရှိစားသုံးခဲ့သည် :P ထို့နောက် အညတရကင်မရာလေးနှင့် ဟိုစပ်စပ် ဒီစပ်စပ်ပုံများကို ရိုက်ကူးခဲ့သည်။ တစ်ချို့ဓာတ်ပုံများမှာ ညပိုင်းရိုက်ရသည်ဖြစ်၍ သိပ်တော့ အဆင်မပြေလှပါ။ ကြည့်ကြပ်၍ ကြည့်တော်မူကြပါကုန်လော့။

အိမ်က ထွက်လာတုန်းကတော့ သိပ်မမှောင်သေး။ ဒါပေမဲ့ ဒီပုံမှာတွေ့ရတဲ့အတိုင်းပဲ ... မြူတွေတော့ ရှိနေသည်။ ရာသီဥတုကတော့ ချမ်းတုန် ချမ်းတုန် ချမ်းပဲ ... အရက်သမား ရာသီဥတုလောက် သွားကျတာပေါ့

... ဟိုစပ်စပ် ဒီစပ်စပ်ပုံများ ...

နေ့ပိုင်း ဓာတ်ပုံများ ဤတွင် ပြီးသလောက်ရှိ၏။ ကျန်သော ဓာတ်ပုံများကို ဆက်၍တင်ပြချင်ပါသော်လည်း အင်း ... ကျန်းမာရေးက မကောင်း။ နှာရည်စိုရွှဲ တပို့တွဲ ဖြစ်နေသည်။ ဆောင်းတွင်းရောက်လျင် နှာစီးတာက ထုံးစံလိုကိုဖြစ်နေတယ်။ နောက်မှ ဆက်တင်တော့မယ် အခု ၁နာရီခွဲပြီ(မနက်) အိပ်တော့မယ်။ ကောင်းသောနေ့ပါ။

21 Dec 2006

ကာရံလေး

၂၀၀၁ လောက်က တော်တော်နားထောင်ဖြစ်တဲ့ သီချင်းလေးပါ။ အရမ်းခိုက်တယ်။ အဲဒီတုန်းက Okara ဆိုတဲ့အဖွဲ့က ကမ္ဘာကြီးကိုရပ်ပေးဦး ဆိုတဲ့ Album ထွက်တယ်။ ဒီသီချင်းလေးက အဲဒီထဲကပါပဲ။ ဒါပေမဲ့ အဆိုတော်တော့ မတူဘူး။ Album ထဲက ဆိုထားတာက ပိုကောင်းတယ်။ အဲဒီ Album ကိုလည်း လိုက်ရှာသေးတယ် ဘယ်လိုမှ ရှာမရတော့ လက်လျော့ထားလိုက်ရတယ်ဗျာ။

ကြယ်ပွင့်လေးများ ဆင်းသက်ပြီးတော့
ဖန်ဆင်းထားတဲ့ မင်းရဲ့အလှကို
နာရီ မိနစ်စက္ကန့်တိုင်းပဲ မြင်ယောင်နေပြီသိရဲ့လား
ရင်ခုန်သံတွေလဲ ထိန်းချုပ်မရတော့
စိတ်ကူးများလည်း မင်းရဲ့အနား
ကြင်နာစွာ ချစ်သီချင်းလေးများ မင်းအတွက်
သီဆိုချင်တယ် ချစ်သူရယ် မင်းအတွက် ...


powered by ODEO

19 Dec 2006

၆လ ပြည့်သောနေ့

တစ်လတစ်လကလည်း မြန်တယ်ဗျာ။ ဘာလိုလိုနဲ့ အိမ်နဲ့ဝေးတာ ၆လပြည့်သွားပြန်ပြီ။ ဒီလိုရက်ရောက်ရင် ရန်ကုန်လေယာဉ်ကွင်းကြီးက ထွက်လာတာကိုပဲ ပြန်ပြန်ပြီးမြင်မိတယ်။ ဒါပေမဲ့ တစ်နေ့နေ့တော့ အဲဒီနေရာကြီးကိုပြန်ရောက်မှာပါပဲလေ။

အခုကျောင်းကတော့ ခရစ်စမတ်အတွက်ပိတ်သွားပြီ။ ဇန်န၀ါရီ ၂ ရက်နေ့မှ ပြန်ဖွင့်မယ်။ ကျောင်းပိတ်ရက်မှာ အစကတော့ ဘယ်မှ မသွားဘူးလို့ဆုံးဖြတ်ထားတယ်။ စာတွေလည်းကြည့်စရာရှိတယ်။ စာမေးပွဲက ဖေဖော်ဝါရီ ၂ ရက် .. အားပါး .. ဘာမှမလိုတော့ဘူး။ ခရစ်စမတ်ကျရင်တော့ Manchester ကို အသိတစ်ယောက်နဲ့ သုံးလေးရက်လောက် လိုက်သွားလိုက်ဦးမယ်။ အလည်သဘောပေါ့ နောက်ပြီး ရှူ့ခင်းလေးဘာလေး ကြည့်ရင်းပေါ့။ သူကကိုယ်ပိုင်ကားနဲ့ သွားမှာဆိုတော့ အေးအေးဆေးဆေးလည်းရှိလို့ လိုက်သွားဖို့ပြောလိုက်တယ်။ နောက်ပိုင်း ရောက်ချင်မှရောက်မှာလေ။

ခရစ်စမတ်အတွက်လည်း ဒီမှာ ပြင်ဆင်ထားတာတွေက တော်တော်လှတယ်။ လာမည့်တစ်ရက်နှစ်ရောက်လောက်နေရင် မြို့ထဲသွားပြီး ဓာတ်ပုံလေးဘာလေးရိုက်မယ်လို့တော့ စဉ်းစားထားတယ်။ သွားမှာသာ သွားရမှာ တော်တော်အေးတယ်ဗျာ။ ဒီနေ့ကို -1 ရှိတယ်။ အအေးကြောက်တဲ့ ကျွန်တော့်အတွက်တော့ တော်တော်အေးနေပြီလို့ပြောလို့ရတယ်။ မော်စကိုလိုနေရာရောက်သွားရင်တော့ ဒုက္ခ။ ဘယ်လိုနေရမှန်းသိမှာမဟုတ်ဘူး။

အေးရတဲ့ကြားထဲ ဒီနေ့ ဆံပင်ညှပ်ပစ်လိုက်သေးတယ်။ မညှပ်လို့လည်း မရတော့။ အစ်မတော်ဘုရားကလည်း ဆံပင်ရှည်ကြီးကို မျက်စိနောက်နေပြီ။ ကျွန်တော်ကတော့ အစက မညှပ်ဘူးလို့ ဆုံးဖြတ်ထားတာပဲ။ ကေ၀ဲကြီးထားမယ်ပေါ့။ အခုတော့ မရတော့ပါ။ ညှပ်ပြီးသွားပြီ။ ဆံပင်တိုတိုနှင့် နေလို့တော့ကောင်းပါတယ်။ ဒါပေမဲ့ နထင်တွေတော်တော်အေးတယ် :P ဦးထုပ်ဆောင်းထားမှအဆင်ပြေမည်။ ညှပ်ခကလည်း ဈေးကြီးတယ် 9£ ၆လတစ်ခါညှပ်ရတာမို့လို့ နဲနဲတော်သေးတယ်။ မန်းလေးမှာတုန်းကတော့ သိန်းဝင်းပေါ့ဗျာ။ အဲဒီဆိုင်မှာတော့ အဲဗားလိုလိုညှပ်ဖြစ်တယ်။ အင်း ... ဒီကကောင်တွေညှပ်တာလည်း မဆိုးပါဘူးလေ။

ပိတ်ရက်တွေမှာတော့ စာကြည့်လိုက် ပျင်းရင် ဒါမှမဟုတ် စာကြည့်ချင်စိတ်မရှိရင် ဇာတ်ကားတွေထိုင်ကြည့်နေတယ်။ အေးရော။ မောင်ဝေဟင် ပြောပြတဲ့ဆိုဒ်လေးကနေကြည့်ဖြစ်တယ်။ ဇာတ်ကားတွေမှ တပုံကြီး အမုန်းကြည့် အလှူလိုကြည့် ရုံပဲ။ ကြည့်ချင်တဲ့သူများ ဒီဆိုဒ်လေး (http://aznv.tv/en/) မှာ သွားကြည့်ကြပါ။ Register လုပ် ... ပြီးရင် စက်ထဲမှာ winamp ရှိဖို့တော့လိုတယ်။ အဲဒါတွေလုပ်ပြီးရင်တော့ အိုကေပြီ။ ဇာတ်ကားတွေ အပြင် ဇာတ်လမ်းတွဲတွေပါကြည့်လို့ရတယ်။ နောက်ပြီး english စာတန်းထိုးဆိုတော့ ပိုပြီးအဆင်ပြေတယ်။ မောင်ဝေဟင်ရေ ကျေးဇူးပါကွာ။

ပိတ်ရက်အတွင်းမှာ CourseWork လေးတွေကိုလည်း လတ်စသတ်ရဦးမယ်။ ကဲ အလုပ်တွေရှုပ်သလိုနဲ့ အရှုပ်တွေလုပ်လိုက်ဦးမယ်။

18 Dec 2006

သူငယ်ချင်းပြောပြတဲ့ မန်းလေးက ဘောလုံးသတင်း

သူငယ်ချင်းတီလုံး ပြောသွားတဲ့ ဘောလုံးပွဲ ရလဒ်လေးပါ။ ကျွန်တော်ကတော့ ဘောလုံးသိပ်စိတ်မ၀င်စားပါဘူး။ ဒါပေမဲ့ မြန်မာတွေပါဝင်ကစားမှ အားပေးပါတယ်။

Sunday တုန်းကကန်ခဲ့တာဖြစ်ပါတယ်။

U23 MM (1) Vs Malaysia23 (0)

လက်ရွေးစင် အသင်း မြန်မာ (2) Vs အင်ဒို (1) နဲ့ အောင်ပွဲခံခဲ့ပါတယ်

မြန်မာဘောလုံးအသင်း နိုင်နေတယ်ဆိုတော့ ဘာရယ်ညာရယ်မဟုတ်ဘူး ကျွန်တော်လည်း လိုက်ပြီးပျော်မိပါတယ်။ နောက်ပိုင်းပွဲတွေမှာလည်း မြန်မာအသင်းများ ဆက်လက်အောင်ပွဲခံနိုင်ပါစေလို့ ဆုတောင်းပါတယ်ဗျာ။

မန်းလေးဗထူးကွင်းကြီးထဲမှာ လူတွေအရမ်းစည်ကားနေမှာကိုတော့ မျက်စိထဲမြင်ယောင်မိပါတယ်။ ကွင်းကိုလည်း ပြုပြင်မှုတွေ လုပ်ထားတယ်လို့သိရပါတယ်။ တကယ်ကို မန်းလေးအတွက် ဂုဏ်ယူစရာပါပဲ။ သူငယ်ချင်းတွေထဲက ဘောလုံးဝါသနာအိုးများ အသဲအသန်သွားပြီး အားပေးကြမှာကို ကြိုသိနေသလိုပဲ :P ဘာမဟုတ်တဲ့ လက်ဝှေ့ပွဲလုပ်ရင်တောင် ဗထူးကွင်းကြီး အရမ်းစည်နေတတ်တာ အခုလို နိုင်ငံပွဲမျိုးဆိုတော့ ပိုပြီးစည်နေတော့မှာပေါ့ဗျာ။

15 Dec 2006

ဘယ်ရမလဲ ... ဟားဟား

ဒီနေ့မနက်အစောကြီး ထပြီး ကွန်ပျူတာသုံးမယ်လုပ်တော့ ဘယ့်နှယ့်မှ အဆင်မပြေဘူး။ Blue Screen ကြီးပဲတက်တက်လာတယ်။ အင်း အဲဒီထဲက သိလိုက်ပြီ အခြေအနေတော သိပ်မကောင်းတော့ဘူးလို့။ Restart ခဏခဏ ဖြစ်ဖြစ်သွားတယ်။ တစ်ကြိမ်လောက်တော့ နည်းနည်း သီးခံသေးတယ်။ နှစ်ကြိမ် ... နည်းနည်း တင်းလာပြီ။ သုံးကြိမ် ... Format ချပလိုက်တယ်။ ပြတ်ရော။ ပြချင်အုံး BlueScreen ။ အဲဒီဒုက္ခတော့ ရှင်းသွားပါတယ်။ ဒါပေမဲ့ စက်ထဲမှာ သိမ်းထားတဲ့ Data တစ်ချို့နှင့် သီချင်းလေးတွေပါသွားတယ် :P

13 Dec 2006

ဘာလို့ တွေးနေမိပါလိမ့် ?

XMas လည်းနီးလာပြီ
NewYear လည်းနီးလာပြီ
ထို့အတူ
စာမေးပွဲတွေလည်း နီးလာပြီ

ငါ ဘာတွေ တွေးနေမိပါလိမ့် ? သေချာတာတစ်ခုကတော့ XMas နှင့် NewYear က ငါ့ စာမေးပွဲ အတွက် ဘာမှ အထောက်အကူဖြစ်မှာ မဟုတ်ဘူးဆိုတာပဲ။ ဒါပေမဲ့ အဲဒါတွေ ဘာလို့ ငါ့ခေါင်းထဲ ရောက်ရောက်လာတာလဲ ငါ စဉ်းစားလို့မရဘူး။ ငါ့ဦးနှောက်ကို HardDisk တစ်ခုအနေနဲ့ မြင်ကြည့်မယ်ဆိုရင် ငါ့ HardDisk ကို Partition တွေခွဲထားဖို့လိုပြီထင်တယ်။

လျှပ်စစ်ဓာတ်အားနဲ့ ပက်သက်တဲ့ သတင်းလေးတစ်ခုပါ

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချရန်အတွက် သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မည့် ဆည်များ စီမံကိန်းချ ဆောက်တည်မှုကို လက်ရှိ ထိုင်းအစိုးရအသစ် အနေနှင့် ဆက်လက်လုပ်ကိုင်ဖွယ် ရှိနေသည်ဟု သတင်းများအရ သိရပါတယ်ခင်ဗျာ

ရန်ကုန်သတင်းတွေအရလည်း ဗွီဒီိယိုခွေ ငှားစားတဲ့ဆိုင်တွေက လျှပ်စစ်မီး မှန်မမှန်ပေါ်ကို မှီခိုနေတယ်လို့ သိရပါတယ်

ဒါနဲ့ စကားမစပ်ဗျာ ... ကျွန်တော်တို့ ရွှေမန်းလေးမှာတော့ မီးတွေပျက်လိုက်တာ ခဏခဏပဲတဲ့ဗျာ

10 Dec 2006

မေမြို့ (သို့) ပြင်ဦးလွင်

ပြင်ဦးလွင်(သို့) မေမြို့အကြောင်း ( PyinOoLwin on WWW ) အရင်က ပို့စ်တွေရေးဖူးပါသည်။ အခုလည်း ရေးပါဦးမည်။ နောင်လည်း ရေးဖြစ်မှာ သေချာပါသည်။ ဘာကြောင့်ဆိုသော် ထိုမြို့လေးမှာ အရမ်းချစ်ဖွယ်ကောင်း၍ နေချင်စရာ ကောင်းလှသော တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်သောကြောင့်ဟု ဖြေရန်သာရှိပါသည်။ အခုတလော မေမြို့နှင့်ပက်သက်၍ သတင်းတစ်ခု သိထားပါသည်။ မေမြို့တွင် ပြင်ဦးလွင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် စိန်ရတုပွဲတော်ကြီးကို ဒီဇင်ဘာ ၁၀ ရက် ... အဲ ... ဒီနေ့ စတာပေါ့ဗျာ ... ဒီဇင်ဘာ ၁၀ ရက်မှ ၂၀ ရက်နေ့အထိ ခမ်းနားသိုက်မြိုက်စွာကျင်းပပါတော့မယ်။

အဲဒီသတင်းကိုကြားတဲ့ မန်းလေးသူ မန်းလေးသားတိုင်း မေမြို့ကို သွားချင်နေမည်ဆိုတာကတော့ ငြင်းဖွယ်မရှိပါ။ ထို့အတူ ကျွန်တော်လည်း မေမြို့ကို သတိရမိသည်။ အဝေးရောက်နေတဲ့ သူတွေဆိုရင်တော့ ပိုဆိုးတာပေါ့ဗျာ။ မန်းလေးသူ မန်းလေးသားတွေ အတွက်ကတော့ မေမြို့ဆိုတာ မန်းလေးပြီးရင် အချစ်ဆုံးမြို့တစ်မြို့လို ဖြစ်နေပါတယ်။ ကျောင်းပိတ်လို့အားရင် ဒါမှမဟုတ် သင်တန်းတွေမှာ အုပ်စုလိုက် အပျော်ခရီးထွက်ရင်ပဲဖြစ်ဖြစ် မိသားစုလိုက် အပန်းဖြေသွားရင်ပဲဖြစ်ဖြစ် သွားတဲ့ Direction က မေမြို့ပဲ များပါတယ်။

အခုဆိုရင် ပန်းမြို့တော်(သို့) မေမြို့ (သို့) စစ်တပ်မြို့လို့ နာမည်အမျိုးမျိုးတွင်တဲ့ အဲဒီမြို့လေးဟာ အရင်ကထက်စာရင် အများကြီး တိုးတက်စည်ကားလို့လာပါပြီ။

မေမြို့မရောက်ဖူးသူကတော့ ခပ်ရှားရှားပဲလို့ ပြောလို့တောင်ရမယ် ထင်ပါတယ်။ မေမြို့ဆိုပြီး နာမည်ကြီးရတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ ကန်တော်ကြီးအမျိုးသားဥယျာဉ်ဟာလဲ တစ်ခုအပါအ၀င်ပါပဲ။ အခုလည်း အဲဒီဥယျာဉ်ကြီးထဲမှာ စိန်ရတု ပန်းပွဲတော်ဆိုပြီး ကျင်းပမှာဖြစ်ပါတယ်။ အဲဒီပန်းပွဲတော်မှာ တစ်ခြားအစီအစဉ်တွေဖြစ်တဲ့ တေးဂီတဖျော်ဖြေပွဲများ၊ ဆောင်းရာသီဖက်ရှင်ပြပွဲများ၊ ဟာသနှင့်မျက်လှည့်ပွဲတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ အဲဒီအစီအစဉ်တွေကိုတော့ ဒီဇင်ဘာ ၁၄ ရက်မှ ၁၈ ရက်နေ့အထိ ပြုလုပ်သွားမည်လို့သိရပါတယ်။

ကန်တော်ကြီးကို ပွဲတော်ရက်၊ နေ့ထူးနေ့မြတ်တွေမှာ သွားရင်တောင် တော်တော်စည်ကားနေတာ ... ဒီလိုမျိုး ပွဲတော်ကြီးလုပ်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်စည်ကားနေဦးမှာ မြင်ယောင်မိပါတယ်။ ကျွန်တော်လည်း မေမြို့ကို ခြေချမိပြီဆိုတာနဲ့ သွားချင်ဆုံနေရာကတော့ ကန်တော်ကြီးပါပဲ။ ဘာရယ်မဟုတ်ဘူး ... စိတ်ထဲမှာ ကန်တော်ကြီးမြင်ကွင်းတွေကို မြင်လိုက်ရရုံနဲ့ လန်းဆန်းသွားတယ်လို့ ခံစားရပါတယ်။ စိတ်ကို ရေချိုးပေးလိုက်သလိုပေါ့ဗျာ :P အဓိကကတော့ ပန်းရောင်စုံတွေရဲ့ မြင်ကွင်းကြောင့်လို့ပဲထင်ပါတယ်။ အခုကျင်းမည့် ပန်းပွဲတော်မှာ ပြသမည့်ပန်းပွင့်ပေါင်းက ၂.၄ သန်းတဲ့။ ကျွန်တော်တို့သိထားတာက ၅၀ တောင်မပြည့်ဘူး :P သွားရောက်လေ့လာမည့်သူတွေ အတွက်တော့ တော်တော်ဗဟုသုတရမည့် ပွဲလေးပါပဲ။ အထူးသဖြင့် Botany ကိုကို မမ တွေပေါ့ဗျာ။ ပန်းတွေ့လည်း လေ့လာရင်း ??? အင်း ... လေ့လာရင်းပေါ့ဗျာ :P ကျွန်တော် မေမြို့ကို နောက်ဆုံးသွားခဲ့တာကတော့ ဒီနှစ် NewYear မနက်ကြီးမှာပါပဲ။ သူငယ်ချင်းတစ်စုနဲ့ပေါ့။ အိပ်ချင်မူးတူးနဲ့ လိုက်သွားရတာ :P ပျော်စရာတော့ ကောင်းခဲ့ပါတယ်။ အခုမေမြို့အကြောင်းရေးရင်းနဲ့ပဲ အဲဒီ ဓာတ်ပုံတွေ ပြန်ကြည့်ဖြစ်တယ်။ ဒီပုံတွေပေါ့ဗျာ ...

[ သူငယ်ချင်းတွေအားလုံးက မန်းလေး GTCက သူငယ်ချင်းတွေပါပဲ။ ရိုက်ထားတဲ့နေရာကတော့ ကန်တော်ကြီးထဲက ကန်လေးပေါ်က တံတားပေါ်မှာပါ။ အဲဒီကန်လေးထဲမှာတော့ နား အသကုန်ညည်းအောင် အော်တတ်တဲ့ ငန်းဟုခေါ်သော သတ္တ၀ါတွေရယ် ချက်ပြုတ်ကြော်စားလို့ရသော ငါး ဆိုတဲ့ သတ္တ၀ါတွေ နေထိုင်ကျက်စားကြတယ်ဗျ။ တကယ်ကိုပဲ ငါးတွေက ချက်စားချင်စရာ ဧရာမငါးကြီးတွေပါ ဘေးမဲ့လာလွှတ်ထားတဲ့ ရွှေငါးလေးတွေလည်း၇ှိတယ်။ (ငရဲတော့ ကြီးအုံးမယ်)

ကျွန်တော်တို့အဖွဲ့ကို ဓာတ်ပုံရိုက်ပေးတဲ့သူ အတော့်ကို တော်တယ်လို့ပြောရမှာပေါ့ဗျာ ... အပြင်မှာတုန်းက ခြေထောက် အကောင်းလေးတွေ ဓာတ်ပုံထဲကြမှ ခြေပြတ်ဖြစ်တဲ့သူကဖြစ်နဲ့ :P နောက်ခံ Background လေးကတော့ လှရှာပါတယ် :P သဘောကျတာလေး တစ်ခုကတော့ နန်းမြင့် မျှော်စင်ကြီးပါလာတာကိုပါပဲ အဲဒီမျှော်စင်ကြီးကတော့ ကန်တော်ကြီးထဲမှာပဲ ရှိတာပါ။ လမ်းလျှောက်မယ်ဆိုရင်တော့ Alpine ရေသန့် တစ်ဘူးလောက် ၀ယ်ပြီးမှ သွားပါလို့ အကြံပေးပါရစေ :P လျောက်ရတာ တော်တော့ကို ဝေးလို့ပါ ... MiniCar လေးတွေတော့ ရှိပါတယ် တစ်ခါသွား ၂၀၀၀ ဆိုတော့လည်း ဘက်ဂျက်ထိတယ်လေ။ အဲဒီမျှော်စင်ကြီးကိုတက်ဖို့ ပေးရတဲ့အခကြေးငွေကတော့ နည်းနည်း ဈေးများတယ် ကျွန်တော်လည်း အခုအတိအကျ အမှတ်မိတော့ဘူး အခုဆို ၅၀၀ ၀န်းကျင်လောက်တော့ ရှိမယ်ထင်တယ်။ စားသောက်ဆိုင်တွေ ဘာတွေလည်း အဲဒီထဲမှာပဲရှိတယ်။ မျှော်စင် ပေါ်ဆုံးကတော့ မေမြို့တစ်မြို့လုံးကို မြင်ရတဲ့ BirdEyesView ကတော့ ရေရေလည်လည်မိုက်တယ် (မယုံရင် ... သွားသာကြည့်ကြပါ) ကိုယ်တွေ့ကိုယ်တွေ့ :P နောက်ပြီး ကျွန်တော်တို့သွားတုန်းက မျှော်စင်ပေါ်မှာ မူးနေကြတော့ ယမကာလုလင်များကိုလည်း တွေ့ခဲ့သေးတယ် :P (ခွေးမသောက်တဲ့ အရည်တွေသောက် ... အန်တော့ ခွေးလိုအံ ... ဟန် ... ပြီးတော့ Limit များသွားရင် ခွေးလို လေးဘက်ထောက်သွား ဟီဟီး ... ငါကျတော့ မပါတာကျနေတာပဲ) ကဲ ထားပါလေ ... မေမြို့အကြောင်းရေးတဲ့ပို့စ်ကနေ ယမကာပို့စ် ပြီးသွားလိမ့်မယ် :P ] နောက်တစ်ပုံ ဆက်ကြည့်ရအောင်

[ ဒီပုံကတော့ ကန်တော်ကြီးထဲ ရေပန်းလေးတွေရှိတဲ့ နေရာရဲ့ ဘေးမှာ ရိုက်ထားတာပါ။ ရိုက်တဲ့သူ အတော်တော်ပါတယ် သူ့မျိုးတွေပါ ပါအောင်ရိုက်တယ် ... ကြည့်ပါလား .. ထမင်းချိုင့်ကိုင်ထားတဲ့သူရယ် ... ဆိုင်ကယ်ဦးထုပ်ကိုင်ထားတဲ့သူတွေပါ ပါလာတယ် :P ဘယ်က ငနဲတွေလဲ မသိဘူး :P ( ရိုက်ပေးတဲ့သူ ကြားများကြားလို့ကတော့ လာသတ်မှာသေချာတယ် ... ဟန် ... ရိုက်လည်းရိုက်ပေးရသေး ... ငါ့ကိုပြောရမလား ဆိုပြီးတော့ပေါ့ ) ] ဒီပုံကတော့ ဒီလောက်ပါပဲ ... ကဲ ... နောက်တစ်ပုံဗျား ...

[ ဒီပုံကတော့ တီကောင်မကြောက် ပုရွက်ဆိတ်မကြောက် မြက်ခင်းပြင်ပေါ်မှာ ရိုက်ထားတာပါ ရေပန်းတွေရှိတဲ့ကန်ရဲ့ အနီးအနားလေးမှာပါပဲ။ အပျင်းကြီးပြီး အိပ်ချင်မူးတူးနဲ့ လှဲနေတဲ့သူကလည်း လှဲလို့ပေါ့ဗျာ :P ကျွန်တော်တို့ရဲ့အနောက်က သစ်ပင်အုပ်လေးတစ်ခုကတော့ ဝေေ၀ဆာဆာ ရှိရှာပါတယ် ... မသိရင်ဘဲ ... မိုးကြိုးပစ်ထားတယ်လို့ ထင်စရာပါဘဲ ... ဘာလို့ အဲဒီသစ်ပင်အုပ်လေး ခြောက်ကပ်နေလဲဆိုတာတော့ စဉ်းစားလို့ မရပါ ] နောက်ဆုံးတစ်ပုံပြစရာပဲ ကျန်ပါတော့တယ် ... အဲဒီပုံထဲမှာတော့ ကျွန်တော်တော့ မပါပါဘူး။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတွေချည်းပါပဲ။ သူတို့သွားတဲ့ အချိန်ကတော့ ကျွန်တော် မြန်မာ့မြေမှာ မရှိဘဲ အခြားနေရာကို ရောက်သွားပါပြီ။ ဒီပုံလေးပေါ့ဗျာ ...

[ ဒီသူငယ်ချင်းတွေက ကျွန်တော့်ပေါ်ကို အရမ်းကောင်းပြီး အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ အားလုံးက ရှီးဖောတွေကြီးပါပဲ (ကွန်ပျူတာ ဆရာ/ဆရာမတွေ လုပ်နေကြတာပါ) IDCS ဆိုတဲ့ Internetional ဘာညာကွိကွဆိုတာကြီးကို တက်ခဲ့တုန်းကလည်း သူတို့တွေနဲ့ အတူတူ ဆိုးသွမ်းပျော်ရွှင်ချစ်ခင်စွာနဲ့ တက်ခဲ့ကြတာပေါ့ဗျာ။ သူတို့ရိုက်ထားတဲ့နေရာက တော်တော်လှတယ်ဗျ ရောက်ဖူးတဲ့သူတိုင်းတော့ သိတယ်။ တံတားလေးတွေ အဆင့်ဆင့်လုပ်ထားပြီး တောတွင်းထဲကို သွားလို့ရတဲ့ ပုံစံမျိုးလေးပေါ့ဗျာ Elevated Timber WalkWay လို့ ဆိုင်းဘုတ်တပ်ထားတာလည်း တွေ့ရတယ်။ အဲဒီနေရာကို စုံတွဲလေးတွေ တော်တော်များများ ရုပ်ရှင်လာရိုက်ကြတာများတယ် :P လာတဲ့ လူတွေသာပြောင်းသွားကြတယ် ... ဇာတ်ကားနာမည်ကတော့ မပြောင်းဘူး :P နာမည်က "ချစ်ကြသည် ဆိုရာဝယ်" တဲ့ ... ဒီလောက်ဆို သဘောပေါက်ကြမှာပါ :P အဲ ... တစ်ခုတော့ရှိတယ် ... နည်းနည်းသတိထားဗျို့ ယားကေသန်အောင်လုပ်တတ်တဲ့ ခူယားဆိုတဲ့ အကောင်လေးတွေတော့ ရှိတယ် ... သတိထားပြီးချစ်ကြပေါ့ဗျာ ... မဟုတ်လို့ကတော့ ဇာတ်ကားနာမည် ပြောင်းသွားနိုင်တယ် ... "ကုတ်ကြသည် ဆိုရာဝယ်" ဆိုပြီးတော့ပေါ့ :P အဲ ... ကြော်ငြာဝင်လိုက်ဦးမယ် အဲဒီဓာတ်ပုံထဲမှာ မြန်မာဘလော့ဂါတစ်ယောက်လည်း ပါတယ်နော် ... ကိုမျိုးအောင် လို့ခေါ်တယ် ... သူလည်း မေမြို့သားပေါ့ ... အတိအကျပြောရရင် ၂၁မိုင်သားပေါ့ဗျာ။ သူ့ပို့စ်တွေလည်း သိပ်မတွေ့ရဘူး ... သူ .. အလုပ်များနေတယ်ဗျ။ ကံ့ကော်တောမျိုးအောင်နဲ့တော့ ဘာမှမတော်ပါဘူး ... သူက ၂၁မိုင်မျိုးအောင်ပါ :P ... ၂၁မိုင်အကွာအဝေးကနေ သူ့ကိုကြည့်ရင် အရမ်းလှလို့ပါ (သူငယ်ချင်း မျိုးအောင် ... ငါ စတာနော် စိတ်မဆိုးနဲ့ :P ]

ကဲ ... မေမြို့အကြောင်း ဒီနေ့ စိတ်ထဲရှိတာတွေတော့ အကုန်ရေးပြီးသွားပြီဗျာ ... ကျန်တဲ့ မေမြို့နဲ့ပက်သက်တဲ့ အကြောင်းအရာတွေကိုတော့ အကြောင်းတိုင်ဆိုင်ခဲ့ရင်၊ ဒါမှမဟုတ် ရေးဖို့ဖန်လာခဲ့ရင် ဆက်ရေးဦးမယ်။ ဒီနေ့အလုပ်မှာ ပင်ပန်းလာသမျှ ဘလော့မှာ ရေးချင်တာ ရေးလိုက်ရတာ ပင်ပန်းတာ နဲနဲပြေသွားတယ်။ ဒါကလည်း ကျွန်တော့်ရဲ့စိတ်ထွက်ပေါက် တစ်ခုပဲလေ။ အခုအချိန်မှာ မေမြို့ကိုမသွားနိုင်သေးပေမဲ့ မေမြို့အကြောင်း ပိုစ်တွေရေးလိုက်တော့လည်း မေမြို့ရောက်သွားသလိုပါပဲလား။ ဖတ်မိတဲ့သူများလည်း ကျွန်တော့်လို ခံစားနိုင်ကြပါစေ။

သိသင့်တယ်ထင်လို့ပါ >>> ၁၉၁၇ ခုနှစ်က အင်္ဂလန်နိုင်ငံမှာ အမျိုးသမီး ရုက္ခဗေဒပညာရှင် Charlottle WhelerCuffe ၏ အကူအညီဖြင့် ရုက္ခဗေဒဥယျာဉ်ကို စတင်ထူထောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် အမျိုးသားကန်တော်ကြီးဥယျာဉ်အဖြစ် အမည်ပြောင်းလဲခဲ့သည်။ စတင်တည်ထောင်စဉ်က ဧက ၁၅၀ သာရှိခဲ့ပြီး ယခုအခါ ၄၃၆.၉၆ ဧက ရှိကြောင်း သိရပါတယ်။ [ ဒီ ကန်တော်ကြီး သမိုင်းနဲ့ ပက်သက်တဲ့ အချက်အလက်တွေကိုတော့ WeeklyEleven မှ ကူးယူဖော်ပြထားပါသည် ]

ရေးသားခဲ့ပြီးသော မေမြို့ ပိုစ်များ [ ဓာတ်တော်ချိုင့် အမှတ်တရ - ၁ ,ဓာတ်တော်ချိုင့် အမှတ်တရ - ၂ ]

6 Dec 2006

ဆရာတော် ဦးဝိသုတ နှင့် တွေ့ဆုံခြင်း

မနေ့ ကျွန်တော့်အခန်းဘေးက အခန်းကနေ ဘုန်းကြီးပရိတ်ရွတ်သံတွေ ကြားတယ်။ ပထမတော့ အဲဒီအခန်းက အစ်မကြီး ဘုန်းကြီးတရားခွေဖွင့်တာ နေမှာပေါ့လေဆိုပြီး ထင်နေတာ။ နောက်တော့ ဘယ်ဟုတ်မလဲ။ ဘုန်းကြီး ... ဘုန်းကြီးမှ တကယ့်ဘုန်းကြီး သင်္ကန်းကြီးနဲ့ :P ဒါနဲ့ ဘုန်းဘုန်းကို ရှိခိုးပြီး တရားလေး ဘာလေးနာလိုက်သေးတယ် :P ဘုန်းကြီးက မုံရွာသားဗျ။ ဒီရောက်တာ သုံးနှစ်ခွဲလောက်ရှိပြီ။ WembleyStadium နားက ကျောင်းမှာ သီတင်းသုံးတယ်လို့ပြောတယ်။ ပထမဦးဆုံးပဲဗျာ ... လန်ဒန်မှာ ဘုန်းကြီးတစ်ပါးနဲ့ စတွေ့တာ။ တရားလေးဘာလေးနာပြီးနောက် ဘုန်းဘုန်းပြန်ခါနီးမှာ အရာအားလုံးအတွက် ရည်စူးပြီး ၀ထ္ထုငွေ လှူလိုက်သေးတယ်။ ဘုန်းဘုန်းကတော ဆုတွေ အများကြီးပေးတယ်။ အကုန်ပြည့်ရပါ၏ဘုရား လို့ပဲဆုတောင်းမိတယ်။ ဖတ်မိတဲ့သူများ သာဓုခေါ်ကြပါကုန်လော့ :P

အဲ ... ဘုန်းဘုန်းက ပြောသွားသေးတယ်။ နောက်လလောက် သူ့ကျောင်းမှာ ထမနဲထိုးပွဲရှိတယ်တဲ့။ လာခဲ့ပါတဲ့။ ကျွန်တော်လည်း ပြောလိုက်တယ်။ ဆက်ဆက်လာခဲ့ပါ့မယ် ဘုရား ... မရောက်ရောက်အောင်ကို လာခဲ့ပါမယ်ဘုရား။

5 Dec 2006

ချစ်သူငယ်ချင်းကြီး အောင်သူရ

သူငယ်ချင်း ... ငါ ဒီနေ့ မင်းနဲ့ ဖုန်းပြောရတာ အရမ်းဝမ်းသာတယ်ကွာ။ မင်း အာလုံး အဆင်ပြေတာသိရတော့ ပိုပြီးဝမ်းသာတယ်။ ဖုန်းပြောခါစက မင်းငါ့အသံကို မမှတ်မိတာတော့ သိပ်မမိုက်ဘူး :P ဒါလည်း မဆန်းပါဘူးလေး နဲနဲလေးကြာတော့ ဝေေ၀၀ါးဝါးတော့ ဖြစ်မှာပေါ့။ မင်းလည်း မန်းလေးမှာ ပျင်းလိုက်ပျော်လိုက် ဖြစ်နေမယ်ထင်တယ်ကွာ။ ငါလည်း ဒီမှာ အဲဒီလိုပါပဲကွာ။

မင်းတို့ကတော့ နဲနဲတော်သေးတယ်။ နေမျိုးတို့ ဗိုလ်နွေးတို့ ရှိသေးတယ်လေ။ မင်းပြောမှ နယူးရီးယားကို ပိုပြီးသတိရတယ်ကွာ။ ငါတို့သူငယ်ချင်း လေးယောက် နယူးရီးယားမှာ နှစ်တိုင်းလိုလို အတူတူလည်ခဲ့ကြတာ ဒီနှစ်တော့ ငါမရှိဘူး။ မင်းတို့လည်း ပျင်းလောက်ရောပေါ့။ ငါ့ရဲ့ ဟာသတွေကိုလည်း မကြားနိုင်တော့ဘူးလေ :P ဒါပေမဲ့ မပူပါနဲ့ ငါ နယူးရီးယားညကျရင် မင်းတို့ဆီကို ဖုန်း ဆက်ဖြစ်အောင် ဆက်မယ်ကွာ။

မင်းတို့ ဘယ်ကိုရောက်နေ ရောက်နေပေါ့။ အဲဒီညကျရင်တော့ ငါလည်း ဘာလုပ်ရမှန်း မသိသေးဘူး :P တစ်ကောင်တည်းပဲ နယူးရီးယားကြိုရမလား အိပ်ပဲအိပ်နေတာကောင်းမလား ဒါမှမဟုတ် လျောက်သွားရင်နဲ့ ယမကာလေးတွေသောက်ရမလား မစဉ်းစားတတ်အောင်ပါပဲကွာ။ သေချာတာကတော့ မင်းတို့ဆီကို ဖုန်းဆက်ဖြစ်မှာပါပဲ။ မင်းတို့ဘယ်လိုလည်ကြတယ်ဆိုတာသိပြီး ငါလည်း စိတ်ကူးထဲက လိုက်လည်လိုက်တော့မယ်ကွာ :P မင်းလည်း သင်တန်းတွေ တက်နေတာကောင်းတယ်ကွာ။ စီးပွားရေး လုပ်မယ်ဆိုတော့ မင်း Management တက်တာကောင်းပါတယ်ကွာ။ ငါလည်းတက်ချင်တယ် အခုတော့ မဟုတ်သေးဘူး။ အဲဒီဘာသာက လူတိုင်းအတွက် လိုတယ်လို့ထင်တယ်လေ။ နောက်ပြီး စိတ်မကောင်းတာ တစ်ခုက မင်းပြောတဲ့ ဗိုလ်နွေးကြီး သိပ်မဖြေနိုင်တာကိုပဲ။ ဒါပေမဲ့ အဆင်ပြေပါစေလို့ ငါဆုတောင်းပေးပါတယ်ကွာ။ မောင်နေမျိုးလေးကတော့ ဖြေနိုင်တာသိလို့ ၀မ်းသာပါတယ်။ သူ့မှာက ဆရာမ ကစ်ကစ်ပေးတဲ့ ခွန်အားတွေရှိတယ်လေ :P ဒါကြောင့် ဒီကောင်ကြီး ဖြေနိုင်တာလည်း ပါမှာပါ။ ငါလည်း ဒီမှာ စာလုံးဆိုတဲ့ နာမည်ရနေတော့ မယ်ကွာ။ စာတွေနဲ့ လုံးနေရလို့။ ငါ့ကောင်ရေ တကယ်ပါပဲ စာက အပေါ်ကရောက်လိုက် ကိုယ်ကအပေါ်ကရောက်လိုက်နဲ့ :P ဒါပေမဲ့ စာက ကိုယ့်ပေါ်မှာ ရောက်တာက ပိုများနေတယ်ကွာ :P မင်းကိုလည်း မေးမလို့ မမေးလိုက်ရတာ မင်းသီဟကိုရောက်ဖြစ်လားလို့။ ငါတို့ မနက်ဆို မင်းသီဟမှာ စားရင်းသောက်ရင်း တော်ကီပွားခဲ့ကြတာတွေကို သတိရလို့ပါ။ မင်းလည်း ထိုင်တော့ထိုင်ဖြစ်မှာပါ။ ငါသိပါတယ်။

နောက်ပြီး ၁၆ ကျောင်းနားလေးက ငါတို့ရဲ့ ဖောက်သည်ကြီး ကိုမြင့်လွင်ဆီရော မင်းရောက်ဖြစ်တယ်မလား။ ဒုတ်ထိုးနဲ့ သူဌေးဖြစ်နေတာ မန်းလေးမှာ သူတစ်ယောက်ပဲရှိသေးတယ် :P လောလောဆယ် ဒီမှာတော့ ဒုတ်ထိုးဆိုတာ ဓာတ်ပုံပဲရှိတယ်ကွ :P ငါလည်း ပျင်းရင်တော့ ဒီနေရာလေးမှာ မန်းလေးအကြောင်းတွေ ရေးဖြစ်နေတယ်ကွာ။ မန်းလေး အလွမ်းပြေ အနေနဲ့ပေါ့။ မင်းတို့ကတော့ သိပ်ဖတ်ဖြစ်မှာ မဟုတ်ပါဘူး။ မန်းလေးမှာကလည်း ကွန်နက်ရှင်က နှေးတာမှ လိပ်ရဲ့ အဘိုးလောက်ဆိုတော့ သိပ်အဆင်ပြေမှာမဟုတ်ဘူး။ နောက်ပြီး ဘလော့တွေကိုလည်း တိုက်ရိုက်ဝင်လို့မရဘူးကြားတယ်။ ပိတ်ရင်း ပိတ်ရင်းနဲ့ နောက်ဆုံးတော့ ...တာ ဖြစ်မဲ့ကောင်တွေပါကွာ။ ဒါပေမဲ့ ဟိုနေ့က မင်းနဲ့ မောင်နေမျိုး မေးလ်ပို့ထားတာတွေ့တော့ ငါအရမ်းဝမ်းသာပါတယ်။ မင်းငါ့အိမ်ကို လာသွားတယ်ဆိုတာလည်း ငါ့အမေနဲ့ ဖုန်းပြောဖြစ်လို့သိရတယ်။ မင်း ငါ့အမေဆီက အကြံဥာဏ်ကောင်းတွေ ရသွားလိမ့်မယ်လို့ ငါယုံကြည်ပါတယ်။ သိချင်တာရှိရင် သွားသာမေးပါ။ အားမနာပါနဲ့ကွာ ငါ့အမေဆိုတာ မင်းအမေပဲပေါ့။

ဖိုးလုံးကြီးနဲ့ရော လျောက်သွားဖြစ်တယ်မလား။ ဒီကောင်ကြီးက မင်းကို တော်တော်ချစ်တယ်ကွ။ ငါသိတယ်။ ငါလည်း ဖိုးလုံးတို့ညီအစ်ကိုကို သတိရပါတယ်။ ဟိုးအရင်နှစ် တန်ဆောင်မုန်းလပြည့်တုန်းက ငါတို့ သူ့အိမ်မှာ ကြက်သားဟင်းချက်စားတာ မှတ်မိတယ် :P မင်းလည်း ဂိမ်းဆော့တုန်းပဲလို့ထင်တယ်။ မင်းကတော့ ဂိမ်းကို တော်တော်ကြိုက်တယ်နော်။ ငါကတော့ သိပ်ဝါသနာမပါဘူး :P အေးပေါ့လေ ကိုယ်သန်ရာသန်ရာ လုပ်ကြသလိုပေါ့ :P နောက်တစ်ခုက မင်း ... ကျုံးဘေး သွားဖြစ်သေးလားလို့ ငါမမေးလိုက်ရဘူးကွာ။ ငါကတော့ ပြန်လာလို့မှ မင်းတို့မရသေးရင် နှစ်ယောက်လုံးကို ချောင်ပိတ်ပြီး ပေးစားပစ်မယ် :P ဘေးကနေကြည့်ပြီး အားမရတော့ဘူး။ ဟိုတစ်ယောက်ကလည်း လွန်လွန်းတယ်ကွာ။ ဒါပေမဲ့ အချိန်တန်ရင်တော့ မင်းနဲ့ပဲ အဆင်ပြေမှာပါကွာ။ ငါ သိနေပါတယ် :P

မင်း ... ဒီပို့စ်ကို ဖတ်မိတယ်ဆိုရင် ငါ ရေးရကျိုးနပ်ပါတယ်။ ငါကတော့ ဒီလို စိတ်ထဲရှိတာတွေကို ဘလော့မှာ လာလာရေးပြီး အပျင်းပြေအောင် လုပ်နေရတာပဲကွာ။ ဒါလည်း ငါ့ရဲ့ အပျင်းပြေနည်းတစ်မျိုး (၀ါ) အလွမ်းပြေနည်း တစ်မျိုးပေါ့ကွာ။ မင်းငါ့ကို ပြောခဲ့တဲ့ အားပေးစကားတွေအတွက်လည်း ကျေးဇူးပါကွာ။

3 Dec 2006

မန္တလေးဆောင်း နှင့် အတွေးများ



ကျွန်တော် အရမ်းမြင်ချင်နေတဲ့ မန္တလေးဆောင်းရဲ့ ဓာတ်ပုံတွေ ကိုဇော်မိုးအောင်ရဲ့ ကျေးဇူးကြောင့် ကြည့်ခွင့်ရသွားတယ်။ ကျေးဇူး အရမ်းတင်ပါတယ် ကိုဇော်မိုးအောင်။

ဒီပုံလေးတွေဟာ အဝေးရောက် မန္တလေးသားတွေအတွက်တော့ အရမ်းကို တန်ဖိုးရှိလှပါတယ်ဗျာ။ မနက်စောစော ကျုံးကြီးထဲမှာ ရေငွေ့လေးတွေ အထက်ကို ပျံ့လွင့်နေတဲ့ မြင်ကွင်းမျိုး ... ။ ပုံတွေကြည့်ပြီးတော့ ပြန်ချင်စိတ်တောင်ပေါက်တယ်။ ခက်တာကလည်း အတောင်မစုံသေးပဲ ပြန်ရင် ဒုက္ခလှလှတွေ့မှာ ကြောက်တယ်။ (ဟူး ... မတွေးရဲဘူး)

မနှစ်က ဒီလိုအချိန်ကိုလည်း သတိရမိတယ်။ ညပိုင်းတော်တော်များများမှာ MCC - 72 (၂၈ လမ်း မင်းသီဟ ကဖေးအနီး) မှာပဲ ရှိနေတယ်။ အိပ်တော့လည်း အဲဒီမှာပဲ အိပ်ဖြစ်တယ်။ အပေါင်းအသင်းမက်တော့ အိပ်မှာထက် အပြင်မှာ အိပ်တာက ပိုများနေတယ်။ MCC မှာကလည်း ပျော်စရာကောင်းတယ်လေ။ ကျွန်တော့ရဲ့ဆရာ ကိုစစ်ကိုင်း၊ ကိုမိုး၊ ကိုတုံ (မောင်လှ)၊ ကိုဇော်ဇော်အောင် တို့အပြင် ကျွန်တော့်ရဲ သူငယ်ချင်းတွေ ကျောင်းသားတွေပါ ညဆိုရင် ရောက်ရောက်လာတတ်တယ်။

ညဘက် အလုပ်ပြီးလို့ လဘက်ရည်ဆိုင်သွားကြပြီဆိုရင် မဟာနွယ်ဆိုတဲ့ ဆိုင်လေးက ကျွန်တော်တို့ရဲ့ ပုံမှန်နေရာလေးလိုဖြစ်နေတယ်။ တစ်ခါတစ်ခါတော့လည်း ၂၆ လမ်းပေါ်က Date၊ ဒါမှမဟုတ် အောင်တော်မူ ဘုရားနားက Cafe ChitChit မှာလည်း ထိုင်ဖြစ်တယ်။ တစ်ခါတလေတော့လည်း သတ်သတ်လွတ် မုယောစပါး ဖျော်ရည်လေးတွေလည်း သွားသောက်ဖြစ်ကြတယ် :P အဲဒီအခါ ထိုင်ဖြစ်ကြတဲ့နေရာတွေက ၀င်းဝင်း (၂၈လမ်း) ဒါမှမဟုတ် JJ Cafe တို့လို နေရာမျိုးတွေကို သွားဖြစ်တယ်။

အင်း ... အိမ်နဲ့ဝေးမှ အိမ်ရဲ့တန်ဖိုးကို ပိုပြီးသိလာတယ် ဆိုသလိုပဲ အဲဒီအချိန်တုန်းကတော့ အိပ်ဆိုတာ ရေချိုး ထမင်းစားချိန်လောက်ပဲ ပြန်ဖြစ်ခဲ့တာကိုး။ အခု အိမ်ကို တော်တော်သတိရတယ်။ အမေနဲ့ အဒေါ်တွေရဲ့ ထမင်း၊ ဟင်း လက်ရာတွေကိုလည်း သရေကျမိတယ်။ အထူးသဖြင့် ဒီအချိန်ဆိုရင် အိမ်မှာ ကောက်ညှင်းနဲ့လုပ်တဲ့ ခေါပုတ်ကို လုပ်စားကြတဲ့ ကာလပေါ့။ အခုတော့ နေနှင့်ဦးပေါ့ ခေါပုတ်ရာ။ ပြန်လာမှ အ၀စားပြစ်မယ်။ နောက်ကျန်တာတွေ ရှိသေးတယ်။ စိတ်ထဲမှာပဲ ထားလိုက်တော့မယ်။ တော်ကြာ အစားသောင်းကျန်းတယ် ဖြစ်နေမှာစိုးလို့ :P

နောက်တစ်ပတ်ကစပြီး စနေ၊ တနင်္ဂနွေတွေကတော့ လုံးဝဥသုံ ပျိုင်းမဲ့နေ့တွေပဲ။ အလုပ်က မနက် ၇ နာရီကနေ ည ၇နာရီလောက်ထိဆိုတော့ တော်တော်ပျိုင်းတယ်။ တော်သေးတာ ဒါတောင် တစ်ပတ် ၂ ရက်မို့လို့။ ပြန်လာတာနဲ့ ခုတင်က လာပါ အိပ်လှဲ့ပါလို့ ခေါ်နေသလားအောင်းမေ့ရတယ်။ ဘာမှမလုပ်ချင်တော့ပဲ အိပ်ပဲ အိပ်ချင်နေတယ်။ အဲဒါကလည်း မဟုတ်သေး။ စာတွေက ရှိသေးတယ်။ စာ ... စာ ... ဟန် ... မူကြိုကနေ စပြီး သင်လာလိုက်တာ အခုထိကို မပြီးသေးဘူး။ နောက်လည်း ပြီးမှာမဟုတ်ပါဘူးလေ။

နောက်ပြီး ဒီမှာ မကြိုက်တာက ဆောင်းတွင်း မိုးရွာတာပဲ။ တော်တော် ဒုက္ခရောက်တယ်။ အဲဒီလို ရာသီဥတုမျိုးကို အမြင်ကတ်ဆုံးပဲ။ တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလိုပဲ။ ဘယ့်နှယ့် ... ချမ်းပါတယ်ဆိုမှ မိုးကရွာတယ်။ တော်တော် ချစ်ဖို့ကောင်းတဲ့ ရာသီဥတု။

ကျွန်တော်တို့ မန္တလေး ရာသီဥတုပဲကောင်းတယ်။ သူရာသီနဲ့သူကတော့ ပီပြင်အောင်လုပ်ပြသွားတာပဲ။ ဆောင်း ... ချမ်းပြလိုက်တယ်။ ဘာမိုးမှ မပါဘူး .. နေခဲ့။ မိုး ... ဟိုး ... ရွာလိုက်တာ ... ဒီနှစ်ဆို ရေတောင်ကြီးတဲ့ အဆင့်အထိပဲ။ နွေ .. အန်း .. မပြောနဲ့ ရန်ကုန်ကလူတွေ မနေနိုင်ဘူး။ ပူတယ်ကြီး အော်နေတော့တာပဲ။ အဲဒီလောက်ထိ မန္တလေး ရာသီဥတုက ပီပြင်တာ။ ဒီက ရသီဥတုနဲ့ကတော့ ဆီနဲ့ရေ ပဲ။

မန္တလေးအကြောင်း တွေးရင်းရေးရင်းနဲ့ တစ်ခု သတိရမိသွားတယ်။ ၁၆ ကျောင်း ဆရာကန်တော့ပွဲတော့ ဒီနှစ် မတက်နိုင်တော့ဘူး။ ဆရာမတွေကိုတော့ ရည်မှန်း ကန်တော့ရုံပဲ ရှိတော့တယ်။ ကျောင်းမှာလည်း တချို့ဆရာ၊ ဆရာမတွေလည်း ပင်စင်သွားကုန်ကြပြီ။ ၁၀ တန်းတုန်းက အတန်းပိုင် ဒေါ်အေးအေးသန်းဆိုရင် ပင်စင်ယူသွားပြီလို့ကြားတယ်။ ဆရာ ဆရာမတွေကတော့ ၁၆ ရဲ့ဂုဏ်နဲ့လိုက်အောင်ကို တော်ကြတယ်။ ငယ်ငယ်တုန်းကတည်းက ကျွန်တော့်ကိုအရမ်းချစ်တဲ့ ဆရာမ ဒေါ်လှိုင်လှိုင်မြင့်ကတော့ ကျောင်းမှာရှိသေးတယ်။ ဆရာမတော အခုထိ အပျိုကြီးပဲ :P ကြားရင်တော့ သတ်မှာသေချာတယ် :P ဒေါ်ဖြူဖြူတင်၊ ဒေါ်သန်းသန်းဦးတို့ ဒေါ်တင်မူဝင်းတို့လည်း ရှိကြဦးမယ် ထင်ပါတယ်။ နောက်ပြီး တိုက်ကွမ်ဒို ဦးမန်ဇာဟောက်လည်း ရှိမှာသေချာတယ် :P အဲဒီဆရာကတော့ သွားပြီး မနှုတ်ဆက်ရဲအောင်ပဲ။ ဟေ့ကောင် နေကောင်းလားလို့မေးပြီးရင် လက်သီးတစ်ချက်က ကျွေးပြီးသားပဲ။ Bio နဲ့ပက်သက်လို့ကတော့ ဘယ်ဘက်ကစမ်းစမ်း ညာဘက်ကစမ်းစမ်း ... ဆိုသလိုပဲ။ Bio နှင့်ပက်သက်လို့ကတော့ သူမှသူ။ နောက်ပြီး သင်္ချာဆရာကြီး ဦးတင်သိန်း ... ဆရာကြီးလဲ ကျောင်းမှာ ရှိဦးမှာပါလေ။ ဆရာကြီးဆိုရင် ကျွန်တော့ အဒေါ်တွေ အစ်မတွေ ၁၆မှာ တက်ကတည်းက လုပ်လာတာ။ ၀ါအရဆိုရင်တော့ တော်တော်ရနေပါပြီ။ ဆရာ၊ ဆရာမတွေအားလုံး ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းပါတယ်။

မန္တလေးနဲ့ပက်သက်ပြီး တွေးမယ် ရေးမယ်ဆိုရင် ရေးစရာတွေကတော့ အများကြီးပဲဗျာ။ ဒီနေ့တော့ တော်ပြီ ... အလုပ်ကြောင့် အကြောတွေ သိပ်အလုပ်မလုပ်ချင်ဘူး။ နောက်မှ ဆက်ရေးမယ်။ သီချင်းလေးတွေ နားထောင်ရင်း သမိုင်းပေး တာဝန်လေးတွေ ဆက်လက် ထမ်းဆောင်လိုက်ဦးမယ်။

ထပ်ပြီးပြောချင်တယ်ဗျာ ... ကိုဇော်မိုးအောင် ကျေးဇူးပါ။

သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်ဖွယ် ဒီဇင်ဘာ ဖြစ်ပါစေ။

မန်းလေးဆောင်း ဓာတ်ပုံတွေ ရှိတဲ့သူများလည်း ကျွန်တော့်ကို ပို့ပေးကြပါဦးခင်ဗျာ။ လောဘကြီးတယ်ပဲ ပြောပြော၊ အဖြစ်သဲတယ်ပဲပြောပြော ပြောကြဗျာ။ စိတ်ထဲမှာ ဖြစ်နေတာတွေကတော့ ကျွန်တော်ကိုယ်တိုင်ပဲ သိတယ်။ သောက်လေသောက်လေ ငတ်မပြေ ဆိုသလိုပဲ ... ကျွန်တော်လည်း ကြည့်လေကြည့်လေ အလွမ်းမပြေပါပဲဗျာ။ မယုံရင်လဲ ပုံပြင်လို့သာ မှတ်လိုက်ပါ။

အခုတလောတော့ ကျွန်တော့ရဲ့ နားထဲမှာ ဒီသီချင်းလေးတွေ နေရာယူထားကြပါတယ်။

အမေ

ကြယ်တွေစုံတဲ့ည

မန္တလေးညများတမ်းခြင်း

ဟေမာန်ဆောင်း

ဆောင်းအိမ်မက်

Rel: Post [ ဆောင်း၊ သီချင်းနှင့် နံနက်ခင်း, ဆောင်း ... ]

1 Dec 2006

အလွမ်းဝေတဲ့ ဆောင်း (သို့) ဒီဇင်ဘာ

ငါ အရမ်း မျှော်လင့်နေတဲ့ ဒီဇင်ဘာကို ရောက်လာခဲ့ပြီ
ဒါပေမဲ့ ငါမျှော်လင့်နေတဲ့ နေရာလေးနဲ့ ဝေးရာကို ငါရောက်နေတယ်

ငါအတွက် အရမ်း ခံစားမှုတွေ ပေးတတ်တဲ့ ဒီဇင်ဘာကို ရောက်လာပြီ
ဒါပေမဲ့ ဒီကိုရောက်မှ ငါ့ရဲ့ ခံစားမှုတွေ ပိုပြီးများများလာတယ်

ငါ အရမ်းချစ်တဲ့ ဒီဇင်ဘာကို ရောက်လာခဲ့ပြီ
ဒါပေမဲ့ ငါ အရမ်းချစ်တဲ့သူတွေ ငါအရမ်းချစ်တဲ့နေရာတွေနဲ့
ဝေးရာကို ငါရောက်နေတယ်

ကဗျာဆရာတွေ သီချင်းဆရာတွေ ရေးဖွဲ့ကြတယ်
နှင်းဝေတဲ့ဆောင်း တဲ့
သြော် .. ငါ့အတွက်တော့ ... အလွမ်းဝေတဲ့ ဆောင်းပါလား