29 Oct 2007

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရနိုင်သေးဘူး။ ကံကြမ္မာဂြိုလ်ဆိုးရေ မင်းထပ်ပြီး လာဦးမှာလားကွာ။

ညပိုင်းမှာတော့ အေးအေးချမ်းချမ်းရှိလှတဲ့ အောင်တော်မူဘုရားကို တစ်ယောက်တည်းသွားပြီး ရွှေသင်္ကန်းကပ်လှူ၊ ကွယ်လွန်သွားတဲ့ မေမေ နှင့် သတ္တ၀ါတွေအတွက် အမျှဝေဆုတောင်းမှုတွေ လုပ်ခဲ့တယ်။ ဘုရားကို တစ်ယောက်တည်း သွားရတာ အရမ်းအေးချမ်းတယ်ဗျာ။ ဘုရားရင်ပြင်မှာများ တစ်ယောက်တည်းထိုင်ပြီး ဘုရားကို ကြည်ညိုရတဲ့ စိတ်ကြည်နူးမှုမျိုးက ဘာနဲ့မှ မတူဘူး။ အထူးသဖြင့် ညနေချမ်းလို အချိန်မျိုးပေါ့။ ဘုရားက အပြန်မှာတော့ ကျွန်တော့် ဘော်ဒါကြီး ကိုဆန်းဦးနဲ့ လဘက်ရည်သောက်ရင်း ကွန်ပျူတာအကြောင်းတွေ၊ ဆေးကုသမှုအကြောင်းတွေ၊ ရင်ထဲက ခံပြင်းချက်၊ ခံစားချက်တွေကို ပြောဖြစ်ခဲ့ကြတယ်။ သူ့အသိတစ်ယောက် သူ့ကိုပြောသွားခဲ့တဲ့ လက်ဆင့်ကမ်း စကားလေးတစ်ခွန်းကို အမှတ်တရ သိမ်းထားလိုက်မိတယ်။

"နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှုကိုကြည့်ချင်တယ်ဆိုရင် အဲဒီနိုင်ငံမှာရှိတဲ့ မီးခလုတ်တွေကို ဖွင့်လိုက်၊ ဖွင့်တိုင်းလာနေရမယ်။ ရေပိုက်တွေကို ဖွင့်လိုက်၊ ရေအမြဲတမ်းလာနေရမယ်" တဲ့ ... အရမ်းအနှစ်သာရပြည့်ဝလှတဲ့ စကားလေးပါပဲ။ ကျွန်တော့်ရဲ့ဝါသနာကလည်း ကိုယ်ကြိုက်နှစ်သက်တဲ့စကားတွေ၊ စာစုတွေဆိုရင် မှတ်စုထဲမှာ ရေးမှတ်တတ်တဲ့ အကျင့်ရှိတယ်။ အခုတော့ အင်တာနက် စာမျက်နှာပေါ့။

အရင်တစ်ပတ်က email ကနေ ပို့စ်တင်ပို့ ကြိုးစားခဲ့တာ အောင်မြင်ခဲ့ပါတယ်။ comment ၀င်ပေးထားတဲ့ KoKhunMaung ကိုလည်း ကျေးဇူးတင်ပါတယ်။ ရွှေနိုင်ငံမှာကလည်း သိကြားတဲ့အတိုင်း blog တွေဆိုရင် ခြင်၊ ယင်တွေကို ရိုက်သလို တဘန်းဘန်းနဲ့ဖြစ်နေပြီလေ။ ပိုက်ဆံပေးသုံးပြီး မျက်စိအညောင်းခံ၊ လက်ညောင်းခံပြီး အင်တာနက် စာမျက်နှာလေးတွေကို စိတ်ရှည်လက်ရှည် ထိုင်စောင့်ဖတ်ရတာလည်း ဘယ်နိုင်ငံမှာမှ ရှိမှာမဟုတ်ဘူးဗျ။ ကျွန်တော်တော့ အဲဒါအတွက် အရမ်းဂုဏ်ယူတယ်ဗျာ။ ပိတ်လိုက်တဲ့ website တွေလည်း ၀ီခေါ်နေတာပဲ။ ပုပ်လို့ပေါ် ဟုတ်လို့ကျော်တာပဲဗျာ အဲဒီလောက်ထိ ပိတ်ဖို့မလိုပါဘူး။ information hidden လုပ်ဖို့ဆိုတာ ဒီခေတ်ကြီးမှာ သိပ်မလွယ်တော့ဘူးဗျ။ အဲဒီဟာတွေကို သတိမထားမိပဲ လုပ်ချင်ရာ လုပ်နေမယ်ဆိုလို့ကတော့ တုံးလိုက်တဲ့ အတုံး "ငတုံးကြီးတွေရဲ့ ... ဟဲ့ ... ငအကြီးတွေရဲ့"လို့ပဲ လှမ်းပြီး ခေါ်လိုက်ချင်တော့တယ်။

ကျွန်တော် ပြန်ထွက်ပြီးရင် ဟိုမှာ operation လုပ်ရဦးမယ်။ ဘယ်ဘက်လက်မှာ အဆီကြိတ်လေးတစ်ခုဖြစ်နေတာ တော်တော်ကြာနေပြီ။ ရွှေနိုင်ငံမှာ လုပ်မလို့ပါပဲ ဒါပေမဲ့ စိတ်မချဘူးဗျာ။ ဆရာ မောင်သစ်ဆင်းပြောသလို ဘက်ထရီအိုးထဲ ထည့်တဲ့အက်ဆစ် ဘာအက်ဆစ်မှန်းမသိဘဲနဲ့ ဘွဲ့ရထားတဲ့ ဆရာဝန်မျိုးတွေနဲ့ တွေ့လို့ကတော့ ငုတ်တုတ်မေ့ပဲ။ ကျွန်တော်တို့ မိသားစုကိုယ်တိုင် လက်တွေ့ကြုံခဲ့ရတော့ ရွှေနိုင်ငံရဲ့ဆေးလောကကို နည်းနည်းတော့ ကြောက်လန့်နေမိတာ အမှန်ပါပဲ။ ကျွန်တော်တို့လို သာမာန်လူတွေမပြောနဲ့ ဆရာဝန်ကြီးတွေတောင် သူတို့ကိုယ်တိုင် ရောဂါတစ်ခုခုဖြစ်ရင် ရွှေနိုင်ငံတွင်းမှာ ဘယ်သူမှ မကုဘူး။ ဘန်ကောက်၊ စင်ကာပူ စတဲ့ နိုင်ငံတွေမှာ သွားရောက် ကုသကြတယ်။ အဲဒီတစ်ချက်တည်းကိုပဲ ကြည့်ခြင်းအားဖြင့် ရွှေနိုင်ငံရဲ့ ဆေးလောကဟာ ဘယ်လောက် ဆိုးရွား ပျက်စီးနေသလဲဆိုတာကို သိနိုင်ပါတယ်။ ဒီကြားထဲ ဒေါက်တာရမ်းကုတို့ ဓာတ်မှန်ရမ်းဖတ်တို့ စတဲ့ ဆရာဝန်တွေနဲ့ တွေ့မိရင် ရောဂါနဲ့ဆေး မတွေ့ဘဲ မြန်မြန် အနိစ္စရောက်သွားကြရတဲ့ သူတွေလည်း နည်းတာမဟုတ်ဘူး။ မန္တလေးမှာဆိုရင် မျက်စိအထူးကု ဆရာဝန်ကြီးတစ်ယောက် ဆေးသွားစစ်တာ အဆုတ်မှာ ကင်ဆာဖြစ်နေတယ်လို့ ပြောလိုက်တယ်။ ဒါပေမဲ့ သူ့ကိုယ်သူစိတ်မချတာနဲ့ ဘန်ကောက်မှ ပြန်သွားပြီး စစ်တယ်။ ဟိုလည်းရောက်ရော ရောဂါက ကင်ဆာမဟုတ်ဘဲ အဆုတ်မှာ တီဘီဖြစ်နေတာဆိုတာ သိရတယ်။ ဘယ်လောက်ကြောက်ဖို့ကောင်းလဲဗျာ ကင်ဆာလို့ထင်ပြီး ကင်ဆာဆေးတွေသာ ပေးလို့ကတော့ မြန်မြန်ကိစ္စချောသွားမှာ သေချာတယ်။

အဲဒီတော့ ရောဂါတစ်ခုခုဖြစ်ပြီဆိုရင် စဖြစ်တာနဲ့ ဘန်ကောက် ဒါမှမဟုတ် စင်ကာပူလောက်ကို သွားရောက် ကုသမှုခံယူတာဟာ အကောင်းဆုံးပဲ။ ရောဂါအရမ်းကျွမ်းနေပြီဆိုရင်တော့ တစ်မျိုးပေါ့လေ။ ကျွန်တော်တို့ရဲ့ ဘဘဘုပ်ချိုကြီးတွေလည်း စင်ကာပူမှာပဲ သွားရောက် ကုသကြတာ မဟုတ်လား။ ရွှေနိုင်ငံမှာကလည်း ပိုက်ဆံမရှိရင် သေရတော့မယ့် အခြေအနေမျိုးဖြစ်နေတယ်ဗျာ။ ကိုယ့်ကိုကိုယ် လူလတ်တန်းစားအဖြစ် ရပ်တည်ရှင်သန်ခွင့်ရတာကိုပဲ မိဘနှစ်ပါးကို အရမ်းကျေးဇူး တင်လှပါပြီ။ ဒီခေတ်မှာကလည်း ဆေးရုံတစ်ခါတက်ရင် ကုန်လိုက်တာကလည်း သောက်သောက်လဲ၊ တစ်ခါတစ်လေဆိုရင် ဆေးဖိုးထက် ၀ါးခက ပိုများနေတယ်။ ဆေးရုံတက်ရပြီဆိုတာနဲ့ ငွေထပ်ကိုင်ပြီး လိုက်ဖို့ ပြင်ပေတော့ပဲ။ ၀င်ငွေပိုကောင်းအောင် လူနာတွေကို ရက်ရှည်ဆွဲကုတဲ့ သမားတု သမားယောင်တွေကလည်း မှိုလိုပေါက်နေတာပဲ။ အဲလောက်မှ ပိုက်ဆံရချင်နေရင် ဘာလို့ ဆရာဝန်လုပ်နေတာလဲ၊ ဘိန်းမှောင်ခိုသာလုပ်လိုက် ချမ်းသာတယ်။ နောက်ပြီး ဆေးဝါးလောကကိုလည်း ကြည့်ဦး။ ၀င်လိုက်တဲ့ ဆေးအတုတွေ။ လူပေါင်းများစွာအသက်ကို သောက်ဂရုမစိုက်ပဲ ကိုယ်ကြီးပွားဖို့အတွက်ပဲ လုပ်နေကြတဲ့သူတွေ၊ သောက်ရမ်းချဉ်ဖို့ကောင်းတယ်။ ဆက်ပြောရင်တော့ အကုသိုလ်က တဖြည်းဖြည်းများများလာတယ်။ ဒီနေ့ မွေးနေ့ဖြစ်တဲ့အတွက် ပို့စ်ကို ဒီလောက်မှာပဲ ရပ်နားပြီး ကုသိုလ်အလုပ်လေး လုပ်လိုက်ဦးမယ်ဗျာ။ နောက်နေ့ ပြန်ဆုံကြတာပေါ့။ ကျန်းမာပျော်ရွှင်ပါစေ။

24 Oct 2007

Testing post from email

email မှ post တင်ရန် စမ်းသပ်ခြင်း

15 Oct 2007

၈၈ ခေါင်းဆောင် ကိုဌေးကြွယ် အဖမ်းခံရ

အရေးပါသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် အပါအဝင် တက်ကြွ လှုပ်ရှားသူ ၄ ဦးကို စစ်အစိုးရက ယနေ့ နေ့လည်က ဖမ်းဆီးလိုက်သည်ဟု ဒေသခံများက ပြောကြသည်။

အရေးပါသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် အပါအဝင် တက်ကြွ လှုပ်ရှားသူ ၄ ဦးကို စစ်အစိုးရက ယနေ့ နေ့လည်က ဖမ်းဆီးလိုက်သည်ဟု ဒေသခံများက ပြောကြသည်။

ကိုဌေးကြွယ်၊ မမီးမီး၊ ကိုအောင်သူနှင့် အခြား တယောက်ကို ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

“အပြင်တခု တနေရာကိုပေါ့ ရွှေ့နေတာနဲ့ တူတယ် ပါတယ် လမ်းမပေါ်မှာလို့ ပြောတယ် လေးယောက် ဆိုပြီးတော့ ပြောတယ်။ ကိုဌေးကြွယ်၊ မမီးမီး၊ ကိုအောင်သူ ဒါပဲ သိတယ်။ ကျန်တာတော့ ပါသွားတာပဲ သိတယ်။” ဟု အမည်မဖော်လိုသူ ရန်ကုန်မြို့ခံ တဦးက ပြောသည်။

စစ်အစိုးရက ပိုက်စိတ်တိုက် လူဖမ်းပွဲ ကျင်းပပြီး တယ်လီဖုန်းလိုင်း အများအပြား ဖြတ်တောက်ထားသည့် အတွက် သီးခြား အတည်ပြုချက်များ မရနိုင်ဘဲ ရှိသည်။

သို့သော် အခြားသော မြို့ခံတဦးကလည်း ဖမ်းဆီးခံရသည့်သတင်း ကြားသိရကြောင်း ပြောကြားပြီး နောက်တဦးမှာ ကိုကို ဖြစ်သည်ဟု ဆိုသည်။

သြဂုတ်လ ၂၁ ရက်နေ့က ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအဝင် ခေါင်းဆောင် ၁၃ ဦး ဖမ်းဆီး ခံရပြီးနောက် ကိုဌေးကြွယ်မှာ ထွက်ပြေး တိမ်းရှောင်နေရသည်။

ကိုဌေးကြွယ်မှာ နအဖက အသည်းအသန် လိုချင်နေသူ တဦးဖြစ်ပြီး သူ၏ လုပ်ဖော်ကိုင်ဖက် တဦးဖြစ်သူ ကိုလှမျိုးနောင် အဖမ်းခံရပြီးနောက် ကိုဌေးကြွယ်အတွက် စိုးရိမ်ချက်များ ပိုမို ပေါ်ထွက်လာခဲ့သည်။ ကိုလှမျိုးနောင်မှာ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်ဖွယ်ရာ အနေအထား ဖြစ်သည်။

မကြာခင်က ဖြစ်ခဲ့သော ဖမ်းဆီးမှုများတွင် သင်္ချာဘာသာ အဓိက ကျောင်းသား ကိုရဲမြဟိန်းနှင့် ဥပဒေကျောင်းသူ မအေးမြတ်မြတ်တို့ကို ဗုဒ္ဓဟူးနေ့က အဖမ်းခံခဲ့ရသည်။

မန္တလေး ဆေးကျောင်းမှ အလုပ်သင် ဆရာဝန် ကိုမင်းမင်းဦးနှင့် အခြား ဆေးကျောင်းသား ၄ ဦးကို ထောင်ဒဏ် ၅ နှစ်စီ ချပြီး စစ်ကိုင်းတိုင်း ကဘော်ချိုင့်ဝှမ်း ဘဝသစ် စီမံကိန်း ရဲဘက်စခန်းများကို ပို့လိုက်သည်။

ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် မန္တလေး တက�� သိုလ်မှ ကျောင်းသား၊ ကျောင်းသူများကိုလည်း အာဏာပိုင်များက သိထားသည့် ဆိုင်ကယ် နံပါတ်များနှင့် လိုက်လံ ဖမ်းဆီးလျှက် ရှိသည်။

အဖမ်းခံထားရသည့် ရဟန်းတော်များကို အင်းစိန် အကျဉ်းထောင်နှင့် စစ်ကြောရေး စခန်းများသို့ ပို့ဆောင်လျှက် ရှိသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ၂၁၆ ယောက် ရှိသွားပြီဟု အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဒေါ်နော်အုံးလှကိုလည်း သူမနေထိုင်ရာ မှော်ဘီမြို့နယ်မှ တနှစ် အပြင်မထွက်ရဟု ပုဒ်မ ၅၂ စ/ဆ နှင့် တားမြစ်ထားသည်။

မဇ္ဈိမသတင်းဌာန
Sunday, 14 October 2007 01:05 - မြန်မာစံတော်ချိန်