31 Dec 2008

နှစ်သစ်ဆုတောင်း (သို့) မင်္ဂလာပါ ၂၀၀၉

၃၁ ဒီဇင်ဘာ ... ၂၀၀၈ ရဲ့ နောက်ဆုံး လွမ်းစရာ နေ့ရက်လေးပေါ့။ ကျွန်တော်ကတော့ အလုပ်ထဲကနေပဲ နှစ်ကူးရတော့မယ်ဗျာ။ လွမ်းရေးထက် ၀မ်းရေးခက်တယ် ဆိုသလိုပေါ့။ ၁ ရက်နေ့မှာ ပို့စ်တင်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ အခုကတည်းက သူငယ်ချင်းတွေအတွက်ကြိုပြီး ဆုတောင်းပေးလိုက်ရပါတယ်။

ကျွန်တော် နိုင်ငံခြားရောက်နေတဲ့အချိန်မှာ မကြုံချင်တဲ့ရက်တွေ အချိန်တွေထဲမှာ ၃၁ ဒီဇင်ဘာလည်းပါတယ်။ အဲဒီတော့ မထူးဘူးဆိုပြီး အလုပ်ပဲ သွားလိုက်တော့မယ်ဆိုပြီး ဆုံးဖြတ်လိုက်တာ။ မဟုတ်ရင် ဒီလိုရက် ဒီလိုညတွေရောက်လာရင် ဟိုလိုလို ဒီလိုလို မျောက်သစ်ကိုင်းလွတ်ဖြစ်ရော။ လေလွန်းလို့ပါ။ ပါတီတွေ ပွဲလမ်းသဘင်တွေ ဒီနိုင်ငံလောက်ပေါတာ ဒီနိုင်ငံပဲရှိတယ်။ နောက်ပြီး သူငယ်ချင်းတွေလည်းရှိပေမဲ့ မပျော်ဘူးဗျာ။ " ပြောတတ်လိုက်တာ CMS ရာ "လို့ပြောလည်း ခံရမှာပဲ။ ကိုယ့်မြေ ကိုယ့်မြို့မှာလောက်တော့ ဘယ်သူမှမပျော်ဘူး။

မနှစ်က နှစ်သစ်ကူးကတော့ မှတ်မှတ်ရရ အရှိဆုံးပါပဲ။ အဲလို နှစ်သစ်ကူးချိန်ကိုပဲ ပြန်လည်တမ်းတမိတယ်။

ဒီသီချင်းလေးကိုတော့ ဆက်ဆက်နားထောင်လိုက်ပါဦး။ ဒီတစ်ညထဲပဲ နားထောင်လို့ကောင်းတာ။

တော်ပြီဗျာ။ ဆက်မရေးချင်တော့ဘူး။ စိတ်ပိန်တယ်။ သူငယ်ချင်းတို့ရော ဘယ်လိုလဲ ... ?

29 Dec 2008

Xmas eve and Twister Game

Xmas eve ညတုန်းက သူငယ်ချင်းတွေနှင့်အတူ Twister Game လေးကို ဆော့ခဲ့ကြပါတယ်။ အရမ်းပျော်စရာကောင်းတဲ့ Game တစ်ခုပါ။ တစ်ချို့တွေလည်း ဆော့ဖူးကြမှာပါ။ ကျွန်တော့်အနေနဲ့ကတော့ ပထမဆုံး ဆော့ဖူးခဲ့ခြင်းပါပဲ။ သူငယ်ချင်းတွေဝိုင်းဖွဲ့ပြီးဆော့၊ ရှုံးတဲ့သူကို တစ်ခုခုလုပ်ခိုင်း၊ ဥပမာ မျောက်လို က ခိုင်းခြင်း (သို့) သီချင်းဆိုပြခိုင်းခြင်း စသည်ဖြင့် တစ်ခုခုပေါ့။

DSC03738
အကြိတ်အနယ် ကစားနေကြစဉ်

Twister Game
ဒီလိုအချိန် အီးပေါက်ရင်တော့ သေပြီဆရာ :P

ကျွန်တော်ကတော့ ကံကောင်းခဲ့လို့ မရှုံးခဲ့ဘူး။ လေးယောက်ဆော့ကြရာမှာ ရှုံးတဲ့သူနှစ်ယောက် sexy dance ကတာကို ထိုင်ကြည့်တုန်းကတော့ အူမတတ်ရုံတမယ်ပါပဲ။

အဲလို ပျော်ရွှင်စရာကောင်းတဲ့ ညချမ်းလေးအတွက် ဧည့်ဝတ်အရမ်းကျေခဲ့တဲ့ အိမ်ရှင်သူငယ်ချင်းတွေကိုရော ခင်မင်ရင်းနှီးခဲ့ရတဲ့ သူငယ်ချင်းတွေကိုပါ အရာအားလုံးအတွက် အမြဲသတိရ ကျေးဇူးတင်နေမှာပါ။

27 Dec 2008

Merry Xmas and Happy New Year 2009

ခရစ္စမတ်ကတော့ ပြီးသွားပါပြီ။ အားလုံးပဲ ပျော်ရွှင်ဖွယ်ကောင်းခဲ့လိမ့်မယ်လို့ ထင်ပါတယ်။ ထို့အတူ မကြာမီရောက်လာတော့မည့်
၂၀၀၉ ခုနှစ်သည် သူငယ်ချင်းအားလုံး အတွက် အောင်မြင်မှု၊ ပျော်ရွှင်မှုတွေကို ယူဆောင်ပေးမည့် နှစ်တစ်နှစ်ဖြစ်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။
၂၀၀၈ ခုနှစ်ကတော့ ကျွန်တော့်အတွက် ဘာမှမထူးခြားတဲ့နှစ်လို့ ဆိုရမှာပဲ။ တိုးတက်မှု အနည်းငယ်သာ ရှိခဲ့တယ်။ အဆိုးဆုံးကတော့ စိတ်အလိုလိုက်မှုတွေ များခဲ့တာပါပဲ။ မိတ်ဆွေသစ်တွေ တိုးလာခြင်းနှင့်အတူ တစ်ချို့မိတ်ဆွေတွေနဲ့လည်း ဝေးကွာသွားခဲ့တယ်။ ၂၀၀၈ကိုသုံးသပ်ပြီး ရေးစရာတွေ အများကြီးရှိပေမယ့် မထူးခြားခဲ့တဲ့ နှစ်တစ်နှစ်အတွက် ကျွန်တော်ကုန်ခံ မသုံးသပ်တော့ဘဲ ရှေ့လာမည့်နှစ်အတွက်ပဲ အကောင်းဆုံး ကြိုတင်ပြင်ဆင်တော့မယ်ဗျာ။

ဒီပို့စ်လေးနှင့်အတူ မမီရေးစေချင်တဲ့ နှစ်တစ်နှစ်ရဲ့ ကုန်ဆုံးချိန်ကို ဖြည့်စွက်ပေးလိုက်ရပါတယ်။

23 Dec 2008

ရွှေမန်းနှစ်တစ်ရာ ခေတ်အခါ

သက္ကရာဇ် ၁၂၂၁ ခုနှစ်က အုတ်ကျစ်ကျော်အေး မန္တလေးလို့ စာဆိုရှိတဲ့ မန္တလေးရွှေမြို့တော်ကြီးဟာ ၁၃၇၁ ခုနှစ်မှာ နှစ်ပေါင်း ၁၅၀ သက်တမ်းသို့ ရောက်ရှိတော့မှာဖြစ်ပါတယ်။ အတိအကျပြောရမယ်ဆိုရင် ၂၀၀၉ ခုနှစ် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ပေါ့။ ထို့အတွက် ပြင်ဆင်ခြင်းနှင့် အတူ မန္တလေးအမှတ်တရ ဆောင်းပါးများ၊ ဓာတ်ပုံပြိုင်ပွဲများ၊ ရာပြည့်ပွဲတော်များကိုလည်း မန္တလေး ရွှေမြို့တော်ကြီးမှာ ကြိုတင်ပြင်ဆင်ကျင်းပနေကြပြီ ဖြစ်တယ်လို့လည်း ကြားသိရပါတယ်။

ဒီပုံကတော့ ယခုလက်ရှိ နှစ် ၁၅၀ ပြည့်အကြိုအတွက် ထုတ်ဝေထားတဲ့ ဆောင်းပါးပေါင်းချုပ်စာအုပ်၏ မျက်နှာဖုံးနှင့် နောက်ကျောဖုံး ပုံစံပါ။ လက်ရှိတော့ ကျွန်တော်မှာ မရှိသေးပါဘူး။ ရခဲ့လျှင်တော့ ပြန်လည်မျှဝေပေးသွားပါမယ်။

အလားတူစွာ မန္တလေး နှစ် ၁၀၀ ပြည့်ပွဲတော်တုန်းက ထုတ်ဝေခဲ့တဲ့ "ရွှေမန်းနှစ်တစ်ရာ ခေတ်အခါ" ဆိုတဲ့ အဖိုးတန် ရှေးဟောင်းဆောင်းပါးလေးကိုလည်း နှစ် ၁၅၀ ပြည့်တော့မည့် မန္တလေးကို ကြိုဆိုရင်း အမှတ်တရအဖြစ် မန္တလေးချစ်သူများသို့ မျှဝေလိုက်ရပါတယ်။ ဒီဆောင်းပါးလေးကို ပေးပို့တဲ့ ကိုဘိုဘိုလမ်းစဉ် ကိုလည်း ဒီနေရာမှတစ်ဆင့် ကျေးဇူးတင်ကြောင်း ပြောလိုက်ပါရစေ။


စကားအညွှန်း

ဤစာအုပ်ကို ထုတ်ဝေရခြင်းမှာ မန္တလေးမြို့၏ သို့မဟုတ် ကုန်းဘောင်မင်းဆက်၏ရာဇ၀င် နန်းတွင်းရေးရာ လွှတ်တော်နေ့စဉ်မှတ်တမ်း ရာဇသေ၀က အစရှိသော ရာဇ၀င်ကြီး ရာဇ၀င်ငယ်တို့ ရေးသားကြသော စာအုပ်များသည် အလွန်ပေါများလှပေသည်။ သို့သော် ခေတ်အလိုက် တန်ဘိုးကြီးမြင့်နေ၍ လူတိုင်း ၀ယ်ယူ မဖတ်ရှူ့နိုင်ကြပေ။ ဤ "ရွှေမန်းနှစ်တစ်ရာနှင့် ခေတ်အခါ" စာအုပ်သည် တန်ဖိုးနည်း အိုးကွဲမျိုးမဟုတ် အဖိုးနည်းနည်းနှင့် တာဝန်ကြီးစွာ ပါမည်ဖြစ်၍ အဖိုးနည်းဝန်ခါဟု ခေါ်လောက်အောင် ကျဉ်းကျဉ်းနှင့် ပြည့်စုံနိုင်သလောက် ပြည့်စုံအောင် ထည့်သွင်းဖော်ပြသွားရပေမည်။ သုတေသနာရှာမှီးသူနှင့် ကလေးသူငယ် စာတတ်များပင်လျှင် မုန့်ဘိုးမျှနှင့် ၀ယ်ယူနိုင်ပေသည်။ အချို့နေရာများတွင် သတ်ပုံကို မငဲ့ဘဲ ကာရန်နှင့် အသံ အဓိပ္ပာယ်ကို ရေးသားတွေ့ရှိပါက အပြစ်တင်ကင်းရန် ခွင့်ပြုပါမည့်အကြောင့် တောင်းပန်ပါသည်။

ဦးဘလွင်
လောကဓာတ်သိပ္ပံ နည်းပြဆရာ
အထက်ပါ စိတ်ဝင်စားဖွယ်ရာ ဆောင်းပါးလေးနှင့်အတူ မန္တလေးသတင်း၊ မန္တလေးရနံ့၊ မန္တလေးပုံရိပ်များ ရရှိခံစားနိုင်စေမည့် စိတ်ဝင်စားဖွယ်ရာ website အချို့ကိုလည်း ဆက်လက်မျှဝေလိုက်ရပါတယ်။

Our Mandalay

မန္တလေး နှစ် ၁၅၀ ပြည့်ကို ကြိုဆိုဂုဏ်ပြုပြီး တည်ဆောက်ထားတဲ့ အင်တာနက်စာမျက်နှာတစ်ခုဖြစ်ပြီး မန္တလေးသတင်းများ၊ ဆောင်းပါးများနှင့် ဓာတ်ပုံများကို လေ့လာကြည့်ရှူ့နိုင်ပါတယ်။


Golden City of Asia

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သတင်းအချက်အလက်ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အင်တာနက်စာမျက်နှာတစ်ခုဖြစ်ပြီး အချက်အလက်များ ပြည့်စုံစွာဖြင့် လမ်းညွှန်နိုင်သော အကိုးအကားဝက်ဘ်ဆိုက်ဒ်တစ်ခုအဖြစ် ရည်ရွယ်ဆောက်လုပ်ထားခြင်းဖြစ်ပြီး အပြည့်အစုံလွှင့်တင်မည့်ရက်ကို မကြာမီ ထုတ်ပြန်ကြေညာတော့မှာဖြစ်ပါတယ်။


မန္တလေးနေ့စဉ်သတင်းစာ

မန္တလေးသတင်းတွေကို အင်တာနက်စာမျက်နှာပေါ်မှာ အချိန်နှင့် တပြေးညီ ဖတ်ရှူ့နိုင်မည့် မန္တလေး နေ့စဉ်သတင်းစာ၏ အင်တာနက်စာမျက်နှာဖြစ်ပါတယ်။


မန္တလေး အထင်ကရ မဂ္ဂဇင်း

မန္တလေးနှင့် ပက်သက်သည့် သတင်းနှင့်ဆောင်းပါး၊ မန္တလေးနှင့်ပက်သက်သော ပုံရိပ်များကို ဝေေ၀ဆာဆာ ဖော်ပြပေးနေတဲ့ မဂ္ဂဇင်းတစ်ခုဖြစ်ပါတယ်။


ရွှေမန္တလေးဂျာနယ်

စမ်းသပ်နေဆဲကာလဖြစ်ပါတယ်။ မကြာမီမှာ ပြည့်ပြည့်စုံစုံ လွှင့်တင်သွားမယ်လို့ သိရပါတယ်။
မန္တလေးကိုချစ်သူ၊ မန္တလေးနှင့် ဝေးကွာနေသူများအတွက် အလွမ်းတွေဖြေသိမ့်နိုင်လိမ့်မည်ဟု မျှော်လင့်ရင်း နှစ် ၁၅၀ ပြည့်တော့မည့် မန္တလေးရွှေမြို့တော်ကြီးအတွက် ၀ိုင်းဝန်းကြိုးပန်းနေကြတဲ့ ညီအစ်ကိုမောင်နှများကို ဒီပို့စ်လေးနှင့် တစ်ဘက်တစ်လှမ်းမှ အားဖြည့်ကူညီလိုက်ရပါတယ်ခင်ဗျာ။

22 Dec 2008

YouTube Video Greetings Cards


သူငယ်ချင်း မိတ်ဆွေတွေဆီကို XMas နှင့် New Year အတွက် YouTube မှတဆင့် Video Greeting Card တွေ စပြီးပေးပို့လို့ရပါပြီ။ နှစ်သစ်ကူး နှင့် XMas အတွက် သတိတရနှုတ်ခွန်းဆက်၊ Card တွေ အပြန်အလှန်ပေးဖို့ကြတဲ့နေရာမှာ ecard တွေဟာလည်း အရေးပါတဲ့ နေရာကနေ ပါဝင်ပါတယ်။ အထူးသဖြင့် မိသားစု၊ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ အဝေးကိုရောက်နေတဲ့ သူတွေအတွက်ပေါ့။ ကဲ ... XMas လည်း ရက်ပိုင်းပဲ လိုတော့တာဆိုတော့ XMas အတွက်ပဲ ဖြစ်ဖြစ်၊ New Year အတွက်ပဲ ဖြစ်ဖြစ်၊ နှစ်ခုပေါင်းပြီးတော့ပဲ ဖြစ်ဖြစ် ပို့ဖြစ်အောင် ပို့လိုက်ကြဦးနော် :)

The Web Show 2008 (Yangon)



ဒီလိုပြပွဲ၊ ပြိုင်ပွဲမျိုး မြန်မာပြည်မှာ တွေ့ဖူးတာ ကျွန်တော့်အတွက်တော့ ပထမဆုံးပါပဲ။ ဘယ်သူတွေ ဆုရကြမလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ သူငယ်ချင်းတစ်ယောက် လုပ်တာလည်းလို့ ၀မ်းသာဂုဏ်ယူမိပါတယ်။ စိတ်ပါဝင်စားသူများ သွားရောက်လေ့လာနိုင်ပါတယ်။ ဒီဇင်ဘာ ၂၅ ခရစ္စမတ်နေ့ဆိုတာ မမေ့နဲ့နော် :)

20 Dec 2008

Naing & Lin အတွက် မင်္ဂလာဆုတောင်း

ယနေ့ကျရောက်သည့် ကိုနိုင်မိုးအောင် နှင့် ညီမငယ် လင်းလက်ကြယ်စင် တို့၏ မင်္ဂလာရက်မြတ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာချမ်းသာစွာဖြင့် သားသမီးမြေးမြစ်တွေ ရသည်အထိ အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။


ခင်မင်စွာဖြင့်

Ko CMS @ Chan Mya Soe

နောက်ကားတစ်စီး ကျော်တက်သွားပြန်ပြီကွာ :P

မန္တလေးမြို့ရဲ့ Great Wall

Great Wall ဆိုတာ မန္တလေးမြို့ ရတနာပုံဈေးအနီး ဇောတိကလမ်း နှင့် ၃၃ လမ်းကြားမှာ အသစ်ဖွင့်လှစ်မည့် Shopping Center ရဲ့နာမည်ဖြစ်ပါတယ်။ အဲဒီ Shopping Mall ကို ဒီဇင်ဘာ ၂၄ ရက်နေ့မှာ စတင်ဖွင့်လှစ်မှာဖြစ်တယ်လို့ သိရပါတယ်။ ဆိုင်ခန်းပေါင်း ၂၁၂ ခန်းပါဝင်ပြီး RC ခြောက်ထပ်အဆောက်အအုံတစ်ခု ဖြစ်ပါတယ်။ ဓာတ်လှေကား နှစ်စင်း၊ ရွေ့လျားစက်လှေကား ရှစ်စင်း၊ ခန်းလုံးပြည့် လေအေးပေးစက်များနှင့် ၂၄နာ၇ီ လျှပ်စစ်မီးရရှိရန် ဆောင်ရွက်ထားကြောင်းလည်း သိရပါတယ်။ လုံခြုံရေးနှင့် မီးဘေးအတွက် အရေးပေါ်ထွက်ပေါက်များ၊ ဂါလန် နှစ်သောင်းဆံ့ မီးသတ်ရေလှောင်ကန်နှင့် ရေငုတ်များ၊ အရေးပေါ် အချက်ပေးစနစ်များလည်း ပါဝင်တယ်လို့ သိရပါတယ်။

Great Wall Shopping Center ကို ယခင် ရတနာပုံဈေး ပထမထပ်ရှိ မီးလောင်ကျွမ်းခြင်းခံခဲ့ရတဲ့ Sky Walk Shopping Center ပုံစံ ဆောက်လုပ်ထားတာဖြစ်တယ်လို့ တာဝန်ယူပြီး ဒီဇိုင်းဆောက်ရွက်နေတဲ့ ဗိသုကာပညာရှင် ဦးဇင်မင်းဆွေက ဆိုထားပါတယ်။

မီးလောင်ကျွမ်းသွားခဲ့တဲ့ ယခင် ရတနာပုံဈေးကိုလည်း ကျပ် သန်း ၄၅၀ ကျော် အကုန်အကျခံပြီး နာမည်အသစ်အနေဖြင့် ရတနာပုံဆူပါစင်တာနှင့် ဒိုင်းမွန်းပလာဇာဆိုပြီး အသစ်ထပ်မံ တည်ဆောက်သွားမည်ဖြစ်ပြီး သုံးနှစ်အတွင်းမှာ အပြီးသတ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

News via : The Voice Weekly (Dec 22-28)
မန္တလေးမြို့မှာ နောက်ထပ် Shopping Center တစ်ခု ထပ်ပြီးပေါ်ထွက်လာခြင်းနှင့်အတူ ပလာဇာအသစ်များလည်း ထပ်မံဆောက်လုပ်မည်ဟု ကြားသိရသည့်အတွက် မန္တလေးသားတစ်ယောက်အနေဖြင့် အတိုင်းမသိ ၀မ်းသာဂုဏ်ယူမိပါတယ်။ ဒါပေမယ့် မီးဘေးလုံခြုံစိတ်ချရဖို့ နှင့် ဈေးဝယ်သူပြည်သူတွေ စိတ်အေးချမ်းသာစွာ ၀ယ်ယူနိုင်သော နေရာဖြစ်ဖို့ စတဲ့လိုအပ်ချက်တွေကို ထပ်မံဖြည့်ဆည်းပေးနိုင်ခဲ့မယ်ဆိုရင်တော့ ရေရှည်တည်တံ့အောင်မြင်တဲ့ Shopping Center တစ်ခုဖြစ်လာမှာ အသေအချာပါပဲ။ အဲဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ Center တွေဖြစ်ပါစေကြောင်းလည်း ကြိုတင်ပြီး ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

17 Dec 2008

The 7th Myanmar ICT Week 2008


ပြင်ဦးလွင် အနီးစခန်းနားက ရတနာပုံတယ်လီပို့မှာ ကျင်းပနေတဲ့ Myanmar ICT Week 2008 နဲ့ ပက်သက်ပြီး Activities တွေကိုလေ့လာနိုင်မည့် Website ပါ။ အဲဒီ site မှာ
The 7th Myanmar ICT Week 2008 ပြပွဲအတွေ့အကြုံများနှင့် မြန်မာအိုင်စီတီလောက ဖွံ့ဖြိုးတိုးတက်ရေး အပြုသဘောဆောင်သည့် အတွေးအမြင်များကို မည်သူမဆို ဝင်ရောက်ရေးသားနိုင်ပါသည်။
လို့လည်း ဖော်ပြထားတာဖြစ်တဲ့အတွက် မိမိရဲ့ အတွေးအမြင်၊ သဘောထားတွေကိုလည်း သွားရောက်ဖလှယ်နိုင်ပါတယ်။

မနှစ်ကပြပွဲတုန်းက မန္တလေးကို ပြန်ရောက်နေတုန်း ရောက်ဖြစ်ခဲ့ပါသေးတယ်။ အဲဒီအချိန်က မေမြို့ ကန်တော်ကြီးမှာ ပန်းပွဲတော်လည်း ကျင်းပနေတာဖြစ်လို့ မေမြို့ကို တစ်လအတွင်းမှာပဲ သုံးခေါက် လေးခေါက်လောက် ရောက်ဖြစ်ခဲ့တယ်။ နောက်နှစ်ထဲမှာ အခါအခွင့်သင့်ရင်တော့ ရောက်အောင်ပြန်ပြီး သွားချင်သေးတယ် မေမြို့ သို့မဟုတ် ပြင်ဦးလွင်ရယ်။

Ice Skating

ဆောင်းရာသီရဲ့ သင်္ကေတတစ်ခုဆိုရင်လည်း မမှားပါဘူး။ မြို့တွေအနှံ့မှာ Ice Skating စီးနိုင်တဲ့ နေရာတွေကို စတင်ပြီး လုပ်ပေးနေပါပြီ။ ကလေးတွေလည်း XMas Holiday မှာ ပျော်ကြ ရွှင်ကြလို့ပေါ့။ ဘာလိုလိုနဲ့ နှစ်တစ်နှစ်လည်း ကုန်ပြန်တော့မယ်။ အချိန်တွေကုန်တာ မြန်တယ်နော်။

11 Dec 2008

သံယောဇဉ်



လေးဖြူရဲ့ ဘင်္ဂလားပင်လယ်အော် အခွေထဲက ကျွန်တော်အကြိုက်ဆုံး၊ ကျွန်တော်နဲ့ အတိုက်ဆိုင်ဆုံး သီချင်းတစ်ပုဒ်ပါ။ ကြိုက်လွန်းလို့ Repeat ရိုက်ပြီး နားထောင်နေမိတယ်။

မတွေးချင်လည်း ပြန်တွေးနေမိ မေ့ရင်လည်း ပြန်သတိရပြီး
အမှတ်မရှိသေးဘူး ငါ လွမ်းဆွတ် မဖြစ်ချင်ခဲ့တာတွေ ဖြစ်ကုန်ပြီ
မှားနေလည်း ငါ ဆက်မှားပြီး ဒုက္ခများကုန်ပြီ

ရုန်းထွက်ရင်းနဲ့ ဆက်ဆက်နစ်ခဲ့နစ်ခဲ့
ဖြတ်တောက်တိုင်းလည်း ပိုဖြတ်ဖို့ခက်တဲ့ သံယောဇဉ်

သံယောဇဉ်.. သံယောဇဉ်..
ငါလေ အပျက်ပျက်နဲ့ သွေးထွက်ခဲ့တယ်
သံယောဇဉ်.. သံယောဇဉ်..
လူကို အရူးတစ်ပိုင်းဖြစ်စေတဲ့
သံယောဇဉ်.. သံယောဇဉ်
နေမြင့်လို့ အရူးရင့်ခဲ့တယ်
ဒီသံယောဇဉ်.. ဒီသံယောဇဉ်..
ဒီသံယောဇဉ်.. ဒီသံယောဇဉ်.. သံယောဇဉ်..

မကြားချင်ပဲ ငါကြားယောင်မိ မသွားချင်လည်း ငါဆက်သွားပြီး
အစိုးမရတဲ့ စိတ်ကြောင့် ငါ ခက်ပြီ
မမွှေးသင့်ပဲ ငါမွေးတဲ့မီး မတိုးချင်လည်း ငါဆက်တိုးပြီး
ငါ့ဘ၀ ကျွမ်းလောင်ပြီ..

သီချင်းတွေ ပို့ပေးတဲ့ ကိုဖြိုးရေ ကျေးဇူးအများကြီးတင်ပါတယ်။

8 Dec 2008

ဆိုက္ဘာ အတုိက္အခံ ဘေလာ့ဂ္ဂါဆု

ကိုဇာဂနာနှင့် ကိုနေဘုန်းလတ်တို့သည် ရွှေဝါရောင် တော်လှန်ရေးနှင့် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန် ကာလများက စစ်အစိုးရ၏ တားမြစ်ပိတ်ပင်မှုများ အကြားက ပြည်တွင်းနှင့် ပြည်ပမှ ပြည်သူများ သတင်းမှန် ရရှိရေးအတွက် ဘလော့ဂ်များမှ တဆင့် တင်ပြပေးခဲ့သည့်အတွက် ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများ အဖွဲ့ ( RSF ) ၏ ဆိုက်ဘာအတိုက်ခံ ဘလော့ဂ်ဂါဆုကို ရရှိခဲ့ပါတယ်။ ၄င်းဆုကို လန်ဒန်မှ မြန်မာပန်းချီဆရာ ကိုထိန်လင်းမှ ကိုဇာဂနာနှင့် ကိုနေဘုန်းလတ်တို့ကိုယ်စား တက်ရောက်ရယူခဲ့ပါတယ်။ [ News via : Mizzima ]

ကိုထိန်လင်း ဆုတက်ရောက် ရယူစဉ်

Read the article here

ဒီသတင်းဖတ်ရတဲ့အတွက် ကိုဇာဂနာနှင့် ကိုနေဘုန်းလတ်တို့ကိုယ်စား ၀မ်းသာမိသလို အမြန်ဆုံး လွတ်မြောက်ပါစေလို့လည်း ဆုတောင်းမိပါတယ်။

7 Dec 2008

Lovely Sunset

Lovely Sunset လို့နာမည်ပေးထားပါတယ်။ ပုံမှာ ကြိုးတန်းရှုပ်နေလို့ ငှက်နှစ်ကောင်ကို ဖမ်းထည့်ပြီး ပေးစားထားလိုက်ပါတယ် :P Enfield ဘက်က သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ကိုသွားတုန်းမှာ ရိုက်ဖြစ်ခဲ့ပါတယ်။

6 Dec 2008

သင်သေသွားသော်

သြော် ... လူ့ပြည်လောက လူ့ဘ၀ကား
အိုရ နာရ သေရဦးမည် မှန်ပေသည်တည့်။
သို့တပြီးကား သင်သေသွားသော် ...

သင်ဖွားသောမြေ သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏

သင်၏မျိုးသား စာစကားလည်း
ကြီးပွားတက်မြင့် ကျန်ကောင်းသင့်၏

သင်ဦးချ၍ အမျှဝေရာ စေတီသာနှင့်
သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ၀င်းလျက် ကျန်စေသတည်း။


ဇော်ဂျီ

5 Dec 2008

ကိုသောင်းရဲ့ရိုက်ချက်

သူငယ်ချင်းတစ်ယောက် email ကနေ ပို့ပေးတာပါ။ အားလုံးသိအောင် ပြန်လည်မျှဝေလိုက်ပါတယ်။ ကိုသောင်းရဲ့ရိုက်ချက်တွေကတော့ လန်ထွက်နေတာပဲ။ လုပ် လုပ် ကြိုက်သလိုသာ လုပ်ကြတော့။



Download : PDF Format

3 Dec 2008

Fantastic job opportunities in Myanmar !!!

သြော် ... ဂြိုလ်ကုပ်ကြီးတွေရယ် ... ဘ၀က ခီညားတို့နဲ့ ခီညားတို့ ချွေမျိုးတွေလောက် အဆင်မပြေဘူးလေဗျာ။ ပြောရက်ပ။ ပြည်တွင်းမှာ အလုပ်ကောင်းပြီး ဘ၀အဆင်ပြေရင်တော့ ဘယ်သူက နိုင်ငံခြားမှာ သွားပြီး အလုပ်လုပ်မှာလဲ။ ♫ အိမ်မက်ထဲက စိတ်တွေ ... (သောက်) ဦးနှောက်မှ မရှိတာကိုး ♫

"ဆင်ပိန်ရင် ကျွဲလောက်တော့ ကျန်ပါသေးတယ်" ဟူသောစကားအရ နိုင်ငံခြားမှာ အဲလိုတွေဖြစ်သည့်တိုင် မြန်မာပြည်သည်ထက်တော့ သာပါသေးသည်။ မူလနေထိုင်သည့် အိုးအိမ်များ ဆိုသည်မှာလည်း မီးမလာခြင်း၊ ရေမလာခြင်း၊ လူထုထောက်ခံပွဲ သွားရခြင်း၊ ကြက်ဆူပင် စိုက်ပျိုးရခြင်း၊ လုပ်အားပေး မဖြစ်မနေလိုက်ရခြင်း ဒုက္ခများကြောင့် ပြန်ရောက်နေထိုင်ရန် သင့်မသင့် အင်မတန် စဉ်းစားရကြပ်လျက် ရှိပါသည်။ နှစ်သန်းကျော်လည်း ပြန်လာမှာ မဟုတ်ဘူး ... ရူးမနေနဲ့။

နိုင်ငံခြားမှာ အလုပ်မရရင်ဘဲ မြန်မာပြည် ပြန်လာပြီး အလုပ်ကြမ်းသမား လုပ်ရတော့မလိုလို ဖြစ်နေပြီ။ ကဲ ... နိုင်ငံခြားမှာ အလုပ်မရသေးတဲ့သူတွေ စဉ်းစားကြဦး ... fantastic Offer :P

အဲဒီအလုပ်တွေက ... ဘယ်လောက်ရမှာလဲ နောက်ပြီး ဘ၀အာမခံချက်ရော ပေးနိုင်မှာလား ? ပြီးတော့ တော်တော့်ကို professional ကျပြီး အဆင့်မြင့်တဲ့ အလုပ်တွေချည်းပဲနော် (ရော်ဘာစေးခြစ်ရန်၊ စိုက်ခင်းလုပ်ရန် အလုပ်သမား) အားကျစရာပဲ။ "ပညာရှင်" ဆိုတဲ့ စကားလုံးကို မြန်မာစာစပြီး သင်တုန်းက မသင်ခဲ့ဘူးဖူးထင်တယ်။ နိုင်ငံခြားမှာ သံချီသံကွေးလေးလို Basic Worker အလုပ်လုပ်တာတောင် ရာဘာခြစ်တာထက် ဆယ်ဆမက ရတယ်။ Professional တစ်ယောက်အဖြစ်နဲ့ ရပ်တည်နေနိုင်ပြီဆိုရင်တော့ ဘ၀အာမခံချက်ပါ တပါတည်းရှိသွားပြီ။


သတင်းစာထဲမှာလည်း မှန်ကန်တဲ့သတင်းအချက်အလက်ဆိုလို့ နာရေးသတင်းလောက်ပဲ ကျန်တော့တယ်။ ဒါတောင် တစ်ခါတလေ မှားသေးတယ်။ မယုံမရှိနဲ့ ကိုယ်တွေ့ ကိုယ်တွေ့။ သြော် ... သတင်း နှင့် မီဒီယာလောက ... တယ်လည်း ပွေလီရှုပ်ပွေပါလားနော်။

Credit : ကိုမိုး

2 Dec 2008

သို့ ... ဆရာဆူးငှက် နှင့် ဆရာနေ၀င်းမြင့်

တိမ်ယံအိမ်မက်မိုးထက်နာရီ ဝတ္ထုရှည်ဖြင့် ၂၀၀၇ ခုနှစ် အမျိုးသားစာပေဆု ရရှိခဲ့သော ဆရာဆူးငှက် (မန္တလေး) နှင့် အိမ်ကလေး ၁၆လုံး ၀တ္တုတိုစာအုပ်ဖြင့် အမျိုးသားစာပေဆုရရှိခဲ့သော ဆရာနေ၀င်းမြင့်(မန္တလေး)တို့ကို မန္တလေးသားတစ်ယောက် အနေဖြင့်လည်းကောင်း၊ ကွယ်လွန်သွားသော မေမေ(ဒေါ်အေးအေး) ကိုယ်စားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။


လေးစားစွာဖြင့်

ဖိုးချမ်း (ခ) ချမ်းမြစိုး

1 Dec 2008

ကျွန်တော်ချစ်သော ဒီဇင်ဘာ

နှစ်တစ်နှစ်ကုန်ဆုံးကူးပြောင်းဖို့ နောက်ဆုံးလဖြစ်တဲ့ ဆောင်းနှင်းဖွေးဖွေးကြားက ကျွန်တော်ချစ်တဲ့ ဒီဇင်ဘာကို ရောက်ရှိလာပြန်ပါပြီ။ ကျွန်တော့်အတွက် အချစ်ဆုံး၊ အနှစ်သက်ဆုံး၊ လွမ်းစရာအကောင်းဆုံး လတစ်လလည်းဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီဇင်ဘာမရောက်ခင်ကတည်းက ဆောင်း(ဒီဇင်ဘာ)သီချင်းတွေကို ကြိုပြီး နားထောင်နေခဲ့တယ်လေ။ ဆောင်းရာသီနဲ့ နှင်းဝတ်မှုန်တွေကို ခင်တွယ်နှစ်သက်မှု့ကတော့ ဘာနဲ့မှ မလဲနိုင်အောင်ပါပဲ။ အထူးသဖြင့် မန္တလေးဆောင်းရဲ့ ဒီဇင်ဘာလအချိန်လေးတွေကိုပေါ့။ ဒီမှာတော့ ခိုက်ခိုက်တုန်အောင် ချမ်းတယ် အေးတယ်။ ဒီထက်ပိုတာက အထက်ဘက် စကော့တလန်ပေါ့။ အဲဒီဘက်မှာတော့ နှင်းတွေစပြီး ကျနေပြီ။ နေကိုမြင်ရတာ ခပ်ရှားရှားပဲ။

မှတ်မိပါသေးတယ်။ ကျွန်တော် လန်ဒန်ရောက်ပြီး ခုနှစ်လအကြာ ၂၀၀၇ ဇန်န၀ါရီ၂၄ ရက်မှာ နှင်းဝတ်မှုန်တွေနဲ့ စပြီးမိတ်ဆွေဖြစ်ခဲ့တယ်။ အဲဒီတုန်းက သတင်းထဲမှာ နှင်းကျမယ်လို့ ကြေငြာကတည်းက နှင်းတွေကို ကြိုစောင့်နေခဲ့တာ။ ကျတော့ မနက်လေးနာရီထိုးနေပြီ။ အဲဒီထိ ထိုင်စောင့်နေတုန်းပဲ။ ပထမဆုံးလည်း ဖြစ်တာကြောင့် အိမ်အပြင်ထွက်ပြီး ဓာတ်ပုံတွေ ရိုက်ဖြစ်ခဲ့ပါသေးတယ်။

ဒီနှစ် ၂၀၀၈ မှာတော့ နှင်းကျတာ နှစ်ခါရှိသွားပြီ။ နည်းနည်းစောတယ်လို့ ပြောရမယ်။ ရာသီဥတုတွေပြောင်းလဲလာတာကြောင့် ဖြစ်မယ်ထင်ပါတယ်။ အခုလည်း နေ့တိုင်းဆိုသလို မိုးတွေရွာနေတယ်။ ပြီးတော့ အခုတလော ပိုပြီးတော့လည်း အေးတယ်။ အထက်ပိုင်းမှာတော့ minus အောက်ကို ဆင်းချင်နေပြီ။

လမ်းတွေမှာတော့ Xmas နှင့် New Year ကိုကြိုဆိုဖို့အတွက် မီးတွေစပြီး ထွန်းနေကြပါပြီ။ Central London မှာလည်း မီးတွေစပြီး ထွန်းလောက်ပြီ။ အဲလိုချိန်ဆို အရမ်းစည်တယ်။ နောက်ရက်အားမှ သူငယ်ချင်းတွေနဲ့အတူ ဓာတ်ပုံသွားရိုက်ဖို့ တိုင်ပင်ထားပါတယ်။ ရိုက်ပြီးရင် ဘလော့မှာ ပြန်ပြီး sharing ပြန်လုပ်ပေးမယ်။ အဲဒီချိန်သွားရိုက်ရင်တော့ အတော်လေးအေးနေမှာ မြင်ယောင်ပါသေးတယ်။ ဒါပေမဲ့ တစ်ယောက်တည်း မသွားရတော့ တော်ပါသေးတယ်။ တစ်ယောက်တည်းဆို ငူတူတူ ကြောင်တောင်တောင်ဖြစ်နေမှာ သေချာတယ်။ အဲဒီဒုက္ခ တော်တော်ဆိုးတယ်။ ခံစားဖူးတဲ့လူတိုင်း သိပါတယ် :)

ရာသီဥတု အေးလာသလို ကျန်းမာရေးကိုလည်း ဂရုစိုက်နေရတယ်။ သွားစရာရှိမှပဲ အပြင်ကိုထွက်ပြီး အိမ်ထဲမှာပဲ ပြန်အောင်းနေဖြစ်တာများတယ်။ လုပ်စရာရှိတာတွေလုပ်ရင်း သီချင်းလေးတွေနားထောင်တယ်။ သီချင်းတွေကတော့ အကုန်လုံး ဒီဇင်ဘာသီချင်းတွေချည်းပါပဲ။ Selection လုပ်ထားတာ စုစုပေါင်း ၂၇ ပုဒ်ရှိတယ် :) Download လုပ်ချင်ရင် ကျွန်တော့်ဘလော့ရဲ့ Sidebar မှာ တင်ပေးထားပါတယ်။ နားထောင်တိုင်း အတိတ်ဆီက ဒီဇင်ဘာလတွေ၊ မန္တလေးဆောင်းညတွေကို သတိရမိတယ်။ နားမထောင်ဘဲလဲ မနေနိုင်ဘူး။ ဒါလည်း Virus တစ်မျိုးလို့ ပြောရမလို ဖြစ်နေပြီ :D အခုလည်း စာရေးရင်း သီချင်းတွေကို ဖွင့်ထားနေမိတယ်။ Virus ကတော့ တော်တော်ထိနေပြီ ;)

အအေးကနည်းနည်းပိုလာ အပြင်ထွက်ရမှာလည်း ကြောက်တော့ အစားအသောက်လည်း ဒုက္ခရောက်တယ် (အမှန်တော့ ပျင်းတာ)။ ကြုံရာကျပန်း စားသောက်နေရတယ် ;) ခေါက်ဆွဲနဲ့ညားလိုက် ရွှေခေါင်းပြောင်နဲ့ညားလိုက် ပေါင်မုန့်နဲ့ညားလိုက်ပေါ့။ စိတ်ပါတဲ့နေ့ သို့မဟုတ် ငြီးငွေ့လာတဲ့နေ့ရောက်မှပဲ ဈေးဝယ်ပြီး ချက်ဖြစ်တယ်။ ချက်လိုက်ရင်လည်း ကြက်၊ ၀က်၊ အမဲ အဲဒီထဲက မထွက်တော့ဘူး။ အမဲသားကတော့ ချက်ခဲပါတယ်။ ကြက်တစ်လှည့် ၀က်တစ်လှည့်ပေါ့။ ကြာတော့ ကျွန်တော်မျိုးလည်း ခေါင်းထိပ်မှာ ကြက်လို အမောက်ပဲ ထွက်မလား ဒါမှမဟုတ် ၀က်လို နားရွက်ပဲ ကြီးလာမလား မသိဘူး။ အရမ်းအေးလာရင် ဆောင်းတွင်းဘက် မန္တလေးကျုံးဘေးမှာဖွင့်တဲ့ နို့ဟင်းမလိုင်ဆိုင်တွေကိုလည်း ပြေးပြီးသတိရမိသေးတယ်။ မြန်မာပြည်က အစားအသောက်တွေအကြောင်း ပြောရတာ သိပ်တော့ မကောင်းဘူးဂျာ။ ပြောရင်း ခံတွင်းထဲမှာလည်း တံတွေးတွေ မြိုမြိုချနေရတယ် :}

စာရေးနေရင်း Window Media Player က ဘိုဖြူရဲ့ လက်တီး သီချင်းကိုရောက်သွားပါပြီ။ က ချင်တဲ့စိတ်တွေပေါက်လာသလိုလို တောင်ကြီးကိုပဲ သွားလည်ချင်သလိုလို ဖြစ်လာပြန်ပြီ။ Virus ကတော့ မနိုင်တော့ဘူး။ သတိလည်း ရစရာပါပဲ ဘာလို့လည်းဆိုတော့ တောင်ကြီးရဲ့အလှက ဘာနဲ့မှမတူဘူး။ မြို့ကလည်း သန့်တော့ နေချင်စဖွယ်အရမ်းကောင်းတယ်။ ဆောင်းတွင်းသွားလည်လို့ကတော့ ချမ်းပုံက ကမ်းကုန်လောက်တယ်။ ကံဆုံးတာတစ်ခုက တောင်ကြီးတန်ဆောင်တိုင်ကို တစ်ခါမှ မရောက်ဘူးသေးဘူးဗျာ။ ပြန်ရောက်မှ ရောက်အောင် သွားလည်ဦးမယ်။ ကြိမ်းထားတာ :P

ဒီဇင်ဘာဆောင်းတွင်းနဲ့ ပက်သက်ပြီး လုံးဝ မမေ့နိုင်တဲ့ နေ့လေးတစ်ရက်ကတော့ ၂၀၀၇ အကုန် ၂၀၀၈ ကူးတော့မည့် နောက်ဆုံးရက်ဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ပါပဲ။ အဲဒီနေ့က မန္တလေးမြို့အနီး ပန်းမြို့တော်လို့လည်းအမည်တွင်တဲ့ တောင်ပေါ်မြို့ကလေးတစ်မြို့ကို ရောက်နေခဲ့တယ်။ ဒီနှစ် ဒီဇင်ဘာ ၃၁ ကိုတော့ မည်သို့မည်ပုံ ဖြတ်သန်းရမည် မသိသေး :-? သေချာတာတစ်ခုကတော့ ကမ္ဘာကြီး ချာချာလည် ဖြစ်နေမယ်ဆိုတာပါပဲ။ ဘာလို့လည်းဆိုတော့ အဲဒီအချိန်ကျရင် Virus က အဆိုးဆုံး အခြေအနေထိ ကိုက်ခံနေရပြီ။ မည်သည့် အန်တီဗိုင်းရပ်စ် အန်ကယ်ဗိုင်းရပ်စ်မှလည်း မနိုင်တော့။

ရွှေမန္တလေးရဲ့ဆောင်းကို ခံစားမှုအာရုံနဲ့ မလုံလောက်ဘဲ အမြင်အာရုံပါရဖို့အတွက် ကိုပုဂံနတ် (ခ) သခင်စိုးကြီး ကိုလည်း ကွန့်မန့်သွားပွတ်ပြီး အပူကပ်ထားလိုက်သေးတယ်။ သမင်စိုးကြီး အဲ သခင်စိုးကြီး မ စပါ :P နောက်ထပ် အပူကပ်ရမယ့်လူတွေ ကျန်သေးတယ်။ ဆရာတုံ နဲ့ ကိုဂျေကြီး :) ၂၀၀၆ တုန်းက ကိုဇော်မိုးအောင်နဲ့ ဆရာတုံကြီးကျေးဇူးကြောင့် ပုံတွေ ကြည့်ခွင့်ရခဲ့တယ်။ အခုထိ ကျေးဇူးတင်ဆဲပါ။

မနှစ်က မန္တလေးကို ခဏပြန်ရောက်နေတုန်းက မော်ဒယ်ကြီး ကိုဇော်မိုးအောင် (ခ) ဒီမိုးသစ်ကို လူကိုယ်တိုင် အရှင်လတ်လတ်ကြီး တွေ့ခွင့်ရခဲ့ပါတယ်။ နောက်ပိုင်းတော့ သူအလုပ်တွေရှုပ်နေတာကြောင့် သိပ် မတွေ့ဖြစ်တော့ဘူး။ မနှစ်က မှတ်မှတ်ရရ ကိုဖြိုးလည်း မန္တလေးကို ပြန်ရောက်နေတော့ ကျွန်တော်၊ ဆရာတုံ၊ ပုဂံနတ်၊ ကိုဂျေတို့ တော်တော်လေး ဆုံဖြစ်ခဲ့ကြတယ်။ ဆောင်းတွင်းလည်းဖြစ်တော့ လဘက်ရည်ဆိုင်မှာ မဆုံဘဲ အချမ်းပြေအောင် ကုစားပေးတဲ့ ဆိုင်တစ်ချို့မှာ အမြဲဆုံဖြစ်ကြတယ်။ အခုချိန်ပြန်စဉ်းစားရင် အားလုံးဟာ အမှတ်တရလေးတွေချည်းပါပဲ။ အမှတ်တရ အဖြစ်ဆုံးကတော့ ၃၅လမ်းက ကောင်းကောင်းမှာ လူစုံတက်စုံ ဆုံဖြစ်ခဲ့ကြတာရယ် လမ်း၃၀က ရွှေလှခင်ဆိုတဲ့ ဆိုင်မှာ ညတွင်းချင်း သံအမတ်ကြီးဖြစ်သွားတဲ့ မိတ်ဆွေလေးကိုပါပဲ :P

ကျွန်တော် ဒီဇင်ဘာကို ခင်တွယ်မြတ်နိုးပေမဲ့ ခန္ဓာကိုယ်ကတော့ ဆောင်းတွင်း အအေးဓာတ်ကို သိပ်ပြီး မခံနိုင်ဘူး။ အရမ်းအေးလာရင် နှာစည်းတဲ့ ပြဿနာက ဆောင်းတွင်းတိုင်းမှာ ခံနေရတဲ့ ပုံမှန်ပြဿနာ တစ်ခုလိုပါပဲ။ ဒါပေမဲ့ ဒီဇင်ဘာနဲ့ နှင်းစက်တွေကိုတော့ ကျွန်တော်ချစ်နေမြဲပါပဲ။ နောင်လည်း ချစ်မြဲ ချစ်နေဦးမယ့် ဒီဇင်ဘာပါပဲဗျာ။

ကျွန်တော်ရဲ့ ဒီဇင်ဘာပုံရိပ်တွေကတော့ ရေးလို့ပြီးမှာ မဟုတ်တဲ့အတွက် ဒီလောက်နဲ့ပဲ ရပ်နားပါရစေ။ ခုချိန်ဆို ဖတ်ရတဲ့သူလည်း မျက်စိညောင်းနေလောက်ပြီ။ စိတ်ရှည်သီးခံပြီး ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ Xmas နှင့် New Year ညတွေရောက်မှ ပြန်ဆက်ပါဦးမယ်။

ကျန်းမာပျော်ရွှင်ပါစေ :)