30 May 2011

Nikon In-Frame Competition


Nikon ကနေ ကျင်းပပြုလုပ်နေတဲ့ ဓာတ်ပုံပြိုင်ပွဲပါ။ ဒီလအတွက် ပြိုင်ပွဲခေါင်းစဉ်ကတော့ Reportage တဲ့။ ဓာတ်ပုံဝါသနာပါသူ ညီအစ်ကိုမောင်နှမများအားလုံး ပြိုင်ပွဲဝင်နိုင်အောင် မျှဝေလိုက်ပါတယ်။ ကျွန်တော်လို့ ဝါသနာအိုးအနေနဲ့ကတော့ လက်တဲ့စမ်းရင်း ဝင်ပြိုင်မလို့ စဉ်းစားထားတယ် :P ဆုမရလဲ အရင်းပေါ့ ;)

ဓာတ်ပုံတင်သွင်းရမည့် နောက်ဆုံးရက်က ဇွန်လ ၁၆ ရက်နေ့ဖြစ်ပါတယ်။ ဆုကတော့ Nikon D3100 ကင်မရတစ်လုံးရမှာဖြစ်ပါတယ်။

This month's theme is 'Reportage', so submit your interpretation of that before 16 June and you could win! (Nikon D3100)

22 May 2011

လန်ဒန်မြို့ အဋ္ဌမအကြိမ်မြောက် ဗုဒ္ဓနေ့ပူဇော်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပပြီးစီး

မြတ်ဗုဒ္ဓသည် ကဆုန်လပြည့်နေ့တွင် ဒီပင်္ကရာဘုရားခြေတော်ရင်းနှိုက် သဗ္ဗညုတ ဘုရားအဖြစ်ကို ရရှိဖို့ရန် ဆုပန်တော်မူခြင်း၊ ၄င်းကဆုန်လပြည့် သောကြာနေ့တွင် ဖွားမြင်တော်မူခြင်း၊ ၄င်းကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ကိလေသပရိနိဗ္ဗာန် စံတော်မူခြင်းတည်းဟူသော သစ္စာလေးပါးနှင့်တကွ အလုံးစုံကုန်သော တရားတော်များကို အကုန်အစင်သိမြင်သော ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခြင်း၊ ၄င်းကဆုန်လပြည့်တွင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးနှင့်တကွ သာကီဝင်မင်းအပေါင်းတို့အား ဘုရားဖြစ်စဉ်ဗုဒ္ဓ၀င်ကိုဟာတော်မူခြင်း၊ ၄င်းကဆုန်လပြည့် အင်္ဂါနေ့တွင်ပင် ခန္ဓပရိနိဗ္ဗာန် စံတော်မူခြင်းတည်းဟူသော ပရိနိဗ္ဗာန် စံတော်မူခြင်းတို့ကြောင့် ဒီကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ဟု ရှေးပညာရှင်များ က ခေါ်ဝေါ်သမုတ်ခဲ့ကြပါသည်။
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အဋ္ဌမအကြိမ်မြောက် ဗုဒ္ဓနေ့ပူဇော်ပွဲအခမ်းအနားကို ယနေ့အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ပါတယ်။ အခမ်းအနားသို့ အင်္ဂလန်နိုင်ငံကျောင်းပေါင်းစုံမှ ဆရာတော်များ နှင့် တပည့်ဒါယကာ ဒါယိကာမများ စုံလင်စွာ တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားကို မနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့ပါတယ်။ အခမ်းအနားအစီအစဉ် ပထမပိုင်းတွင် ဓမ္မတေးများ၊ ကဗျာများ၊ အကများဖြင့် ဗုဒ္ဓ၏ဂုဏ်ကျေးဇူးတော်များကို ပူဇော်ခဲ့ကြပါတယ်။ ထို့နောက်ဆရာတော်များကို ဆွမ်းဆပ်ကပ်လှူဒါန်းကြပြီး ကြွရောက်လာဧည့်ပရိသတ်များကိုလည်း ဧည့်ခံကျွေးမွေးခဲ့ပါတယ်။

ဒုတိယပိုင်းအဖြစ် ဆရာတော် သံဃာတော်များမှ ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် တရားရေအေး အမြိုက်ဆေးများ တိုက်ကျွေးခဲ့ပါတယ်။ တရားနာ ပရိသတ်များမှာ လူကြီးများအပြင် မျိုးဆက်သစ်လူငယ်လေးများပါ တက်ရောက်ကြသည့်အတွက် အနာဂတ် လူမျိုး၊ ဘာသာ၊ သာသနာ တိုးတက်အတွန့်ရှည်ရေး ကြည်နူးဖွယ် နိမိတ်များကို မြင်တွေ့ခဲ့ရပါတယ်။

တတိယပိုင်းအဖြစ် လန်ဒန်ရောက် မြန်မာလူငယ်မောင်မယ်များ တင်ဆက်ကပြသည့် ဝေသန္တရာ ဇာတ်တော်ကြီးဖြင့် ကပြအသုံးတော်ခံ ဖျော်ဖြေခဲ့ကြပြီး နောက်ဆုံးအစီအစဉ်အဖြစ် ဆရာတော်သံဃာတော်များကို ဆွမ်းဆန်စိမ်းလောင်းလှူပြီးနောက် အခမ်းအနားကို ညနေ ၆နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။

ယခုနှစ် ဗုဒ္ဓနေ့အခမ်းအနားဖြစ်မြောက်ရေး အဘက်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြသည့် လန်ဒန်ရောက် ညီအစ်ကိုမောင်နှမအပေါင်း သူတော်ကောင်းတို့အား ကျေးဇူးတင်သာဓုခေါ်ပါကြောင်း ဒီနေရာမှတဆင့် ပြောကြားလိုက်ပါရစေခင်ဗျာ။



ဗုဒ္ဓနေ့အခမ်းအနား မှတ်တမ်းတင်ဓာတ်ပုံများကို မိမိတို့ကိုယ်ပိုင် သိမ်းထားနိုင်ရန်အတွက် ပြန်လည်မျှဝေလိုက်ရပါတယ်။

Website များ၏ သတင်းစာမျက်နှာများတွင် ပြန်လည်ဖော်ပြလိုပါက ခွင့်ပြုချက်တောင်းယူပါရန် ကြိုတင်အသိပေးအပ်ပါသည်။

8 May 2011

Eighth Anniversary of Buddha Day Ceremony (London-UK)