Skip to main content

မြို့စားကြီး ကိုနေဘုန်းလတ်သို့ ...

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ်။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူအစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS