Skip to main content

Bookstalls under Waterloo bridge

Bookstalls under Waterloo bridge

Bookstalls under Waterloo bridge

Bookstalls under Waterloo bridge

Waterloo Bridge ရဲ့အောက်မှာ တည်ရှိပြီး စာအုပ်ကောင်းတွေရော အဟောင်းတွေရော ဈေးချိုချိုနဲ့ ၀ယ်လို့ရနိုင်တဲ့နေရာလေးတစ်ခုပါ။ စာအုပ်တွေအပြင် ပန်းချီကားတွေကိုလည်း ရောင်းချနေတာ တွေ့ရပါတယ်။ စာဖတ်ဝါသနာပါသူ၊ စာအုပ်စုဆောင်းသူတွေအတွက် အကြိုက်တွေ့စရာနေရာလေးတစ်ခုပါ။

ဒီစာအုပ်ဈေးလေးကို မြင်တော့ ကျွန်တော်တို့ ရွှေမန္တလေးရဲ့ ဈေးချိုညဈေးတန်းကိုလည်း သတိရမိတယ်။ ဈေးချိုညဈေးတန်းမှာလည်း စာအုပ်အဟောင်းတွေကို ဈေးပေါပေါနဲ့ ရှာဖွေဝယ်ယူလို့ရပါတယ်။ စာဖတ်ဝါသနာပါသူတွေအတွက် စာအုပ်တိုက်တွေ စာအုပ်ဆိုင်တွေမှာ စာအုပ်ရှာလို့မရတော့ရင် ဈေးချိုညဈေးတန်းကို ပြေးရပါတယ်။ အဲဒီမှာမှ မရရင်တော့ ရဖို့ရာ သိပ်ပြီး မသေချာလှတော့ပါ။

ကွန်ပျူတာသင်တန်းတက်တုန်းက သူငယ်ချင်းတွေနဲ့အတူ ညဘက် ဗိုက်ဆာရင် ဈေးချိုညဈေးတန်းဘက်ကို သွားပြီး မုန့်စားကြတယ်။ ညဈေးတန်းမှာ အကြိုက်ဆုံးကတော့ ၀က်သားဒုတ်ထိုး။ ဆိုင်နာမည်က ဦးလေးကြီး။ တစ်ခါတစ်ခါစားရင် အဆုံးမသတ်နိုင်ပဲ ဈာန်ဝင်သွားပြီး ရှစ်ရာ တစ်ထောင်ဖိုးလောက် ထိရောက်ရောက်သွားတယ်။ ရောက်လဲ ရောက်သင့်ပါတယ် ... အသီးမှာ သရက်၊ အသားမှာ ၀က် မဟုတ်လား။

နောက်တစ်ခုကျန်တာက အသားမှာ လက်ဖက်။ ဈေးချိုဘက်ရောက်လို့ လမ်းကြုံရင် သူငယ်ချင်းရဲ့ လက်ဖက်ပွဲရုံ(အောင်ချမ်းသာ)မှာ ၀င်ဝင်ကစ်သေးတယ်။ သူကလည်း တယ် သဘောကောင်းတဲ့ကောင်ကြီး။ ဘယ်လောက်တောင်သဘောကောင်းလဲဆိုရင် ဘီယာဆိုင်ထိုင်ရင်းနဲ့ အမြည်းကုန်သွားတော့ ထပ်မမှာခိုင်းဘဲ ဆိုင်ကယ် Tool Box ထဲမှာ ထည့်ထားတဲ့ လက်ဘက်ကို စေတနာဒလဟောနဲ့ ကျွေးတယ်။ တစ်ခါကများဆို ဘီယာသောက်တာလည်း များနေပြီ၊ ရေချိန်ကိုက်နေပြီဆိုပါတော့၊ အဲဒီချိန်မှာ မောင်မင်းကြီးသားရဲ့ လက်ဘက်နဲ့ မြည်းလိုက်တာ မူးနေတာတောင် ဘယ်ရောက်သွားမှန်းမသိလဲ ဘီယာအစား ရေချည်း လှိမ့်သောက်နေရပါတော့တယ်။ နောက်မှ လက်ဘက်ထုပ်က Label ကိုကြည့်လိုက်တော့ "ရှူးရှဲ"တဲ့။ နောက်နေ့မနက် အိပ်ယာနိုးလာတော့ ပန်းကမ္ဘာလေးထဲမှာ တ၀ဲလည်လည်ပေါ့ :P

London က စာအုပ်အဟောင်းဆိုင်လေးတစ်ခုအကြောင်း ပို့စ်နည်းနည်းရေးလိုက်တာ မဆိုင်တဲ့ မန္တလေးက အကြောင်းတွေပါ ရောက်ကုန်ပါလား။

အင်း ... ဒီလိုနဲ့ပဲ ပြည်ပမှာ မြင်တာတွေ့တာလေးတွေနဲ့ ကိုယ့်ပြည်တွင်းက ကိုယ်တွေ့အကြောင်းအရာလေးတွေ တိုက်ဆိုင်မိတိုင်း ကျွန်တော်တို့ ပြည်ပရောက် ရွှေမြန်မာများမှာ လွမ်းလွမ်းပြီး ဆွေးနေရပါတော့တယ် မဟုတ်လား။

Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS