Skip to main content

အပေးအယူ

ကျွန်တော်တို့ လောကကြီးထဲ လူဖြစ်စဉ်ခဏမှာ သတိမေ့နေတာလေးတွေပါ။
ဒီလူကွာ အရမ်းချမ်းသာတယ်။ သူ့လို ချမ်းသာပြီး ပြည့်ပြည့်စုံစုံနေနိုင်ရင် သိပ်ကောင်းမှာပဲ။ ကားကလည်း အကောင်းစားကြီး။ အိမ်ကြီးကလည်း ဟီးလို့။ ရွှေတွေ ၀တ်ထားတာကလည်း ၀င်းအိလို့။ လကုန်လို့ payslip ကြည့်လိုက်ရင် ဂဏန်းလေးတွေကလည်း လှနေတာပဲ။
ကျွန်တော်အပါအ၀င် လူတစ်ချို့ တစ်ခါတလေမှာ ထိုကဲ့သို့ ငြီးတွားတတ်ကြပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံး တစ်ချက်ကို ကျွန်တော်တို့ မေ့နေကြတယ်။ အဲဒါကတော့ အပေးအယူပါပဲ။

သူတို့တွေချမ်းသာနေတာ အဆင်ပြေနေတာတွေကိုပဲ မြင်ပြီး သူတို့ အဲလို ဘ၀မျိုးရောက်အောင် ဘယ်လိုကြိုးစားခဲ့ရတယ်။ ဘာတွေပေးဆပ်ခဲ့ရတယ် ဆိုတာကို အမေ့ကြီးမေ့နေမိတယ်။

အောင်မြင်မှုဆိုတဲ့ အသီးအပွင့်ကောင်းတွေကို ရဖို့အတွက် ပေးဆပ်ခြင်းဆိုတဲ့ မျိုးစေ့တွေ၊ မြေသြဇာတွေကို သူတို့ ကြဲခဲ့ရတယ် မဟုတ်လား။

ဒါနဲ့ ဆက်စပ်ပြီး ကျွန်တော်တွေ့ကြုံခဲ့တာလေးကို မျှဝေပါဦးမယ်။

UK မှာရှိတဲ့ တစ်ချို့ ပျော်ပွဲရွှင်ပွဲလုပ်တဲ့နေရာတွေမှာ ရှာထိုး ဦးထုပ်ဆောင်းပြီး ၀င်ခွင့် မရှိဘူး။ ဒါပေမဲ့ ကျွန်တော် အဲဒီနေ့မှာ ဦးထုပ်ဆောင်းသွားမိတယ်။ ဒါနဲ့ ပစ္စည်းအပ်တဲ့နေရာကို သွားလိုက်တယ်။ အဲဒီနေရာမှာ ပစ္စည်းထိန်းသိမ်းပေးတဲ့ လူတွေရှိတယ်။ သူတို့ကို ကျွန်တော့်ဦးထုပ်ပေးလိုက်တော့ သူတို့ကနေ ပြန်ရွေးဖို့အတွက် လက်မှတ် တစ်ခု ပြန်ပေးပါတယ်။ လက်မှတ်ပြန်ပေးတဲ့ လူက hi hello တစ်ခွန်းတောင်မပြောဘူး။ မျက်နှာက မှုန်ကုပ်ကုပ်နဲ့ customer ကို service လုပ်တဲ့သူ့ပုံစံနဲ့ လုံးဝမတူဘူး။

ကျွန်တော့်ကို လက်မှတ်ပြန်ပေးပြီးတော့ သူ့ရဲ့ စားပွဲမှာရှိတဲ့ Tip money ထည့်တဲ့ခွက်ကို ကိုင်ပြီး လှုပ်လိုက်သေးတယ်။ သဘောကတော့ tip money ပေးလို့ရတယ်ဆိုတဲ့သဘောပေါ့။ ကျွန်တော့်စိတ်ထဲမှာ ပိုက်ဆံပေးချင်စိတ်မရှိတဲ့အပြင် သောက်မြင်ပါ တော်တော်ကပ်သွားတယ်။

တစ်ချို့လူတွေဆိုရင် Hi, Hello ဘာညာ နှုတ်ဆက်ပြီး service ကောင်းကောင်းပေးတယ်။ အဲဒီအခါမှာ customer ကလဲ စိတ်ကျေနပ်တော့ ပိုက်ဆံပေးချင်စိတ်ရှိတယ်။ အခုလို လူမျိုးကတော့ လုံးဝ နိုးပဲ။

ကိုယ်က service ကောင်းကောင်းမပေးတဲ့အပြင် customer ပေးတဲ့ Tip ကိုတော့ လိုချင်နေတယ်။ မခက်ဘူးလား။

ကိုယ့်ဘက်ကနေ ပေးသင့်စရာရှိတဲ့ service ကို ကောင်ကောင်းလေးလုပ်ပေးလိုက်၊ ကိုယ်ပေးလိုက်တဲ့ service နဲ့ တူညီတဲ့ တုံ့ပြန်မှုတစ်ခုကို ရလာပါလိမ့်မယ်။ ကိုယ်က မပေးဆပ်ပေးနဲ့ ယူပဲယူချင်နေတယ်။ ဒုက္ခ ... ။

ဒီပို့စ်နဲ့ ပက်သက်ပြီး နေ့စဉ်သုံးနေတဲ့ စကားလေးတစ်ခုကိုလည်း သတိရမိတယ်။ ကိုယ့်ကို သူများက ပေးဆပ်မှုတစ်ခုခု ပေးတိုင်း အမြဲပြန်ပြောသင့်တဲ့ စကားလေးပါ။ ဒါပေမဲ့ တစ်ခါတလေမှာ ပြန်ပြောဖို့ မေ့မေ့နေတတ်တယ်။ အဲဒါကတော့ "ကျေးဇူးတင်ပါတယ်" ဆိုတဲ့စကားလေးပါပဲ။

အဲဒီတော့ ဘယ်အလုပ်မှာပဲ ဖြစ်ဖြစ်ပါ ကျွန်တော်တို့တစ်တွေ ကိုယ့်ဘက်က ပေးစရာရှိတာ လုပ်စရာရှိတာလေးတွေကို တာဝန်ကျေကျေနဲ့ စေတနာထား လုပ်ဆောင်ပေးလိုက်ရင် ကျွန်တော်တို့ စေတနာ၊ ကျွန်တော်တို့ လုပ်အားနဲ့ ထိုက်တန်တဲ့ တန်ပြန်သက်ရောက်မှုလေးတွေကို မလွဲမသေခံစားရလိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်။

စေတနာထားပြီး လုပ်ပေးရက်နဲ့ တန်ပြန်သက်ရောက်မှုတွေက မလန်းဘူး ဆိုရင်တော့ အဲဒီလူဟာ ကိုယ့်စေနာနဲ့ မထိုက်တန်တဲ့သူလို့ပဲ သဘောထားလိုက်ပြီး စေတနာတွေကိုလည်း limit လုပ်ပြီးပဲ ပေးလိုက်ပါ ;)

ဒီပို့စ်လေးကို အချိန်ပေးပြီး ဖတ်ရှူ့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

ကျန်းမာပျော်ရွှင်ပါစေ :)

Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...