Skip to main content

Oxford International Women's Festival အမှတ်တရ

ပြီးခဲ့တဲ့ တနင်္ဂလာနေ့ (၈.၃.၂ဝ၁ဝ) က Oxford မြို့ Oxford Town Hall တွင် ကျင်းပခဲ့သော Oxford Internation Women's Festival သို့ ဓာတ်ပုံရိုက်ကူးရန် ရောက်ရှိခဲ့ပါတယ်။ ကျွန်တော်နှင့် အတူ လန်ဒန်မှမိတ်ဆွေများလည်း ပါဝင်ပါတယ်။ လန်ဒန်မှ နေ့လည် ၁ နာရီခန့် ထွက်လာကြပြီး နေ့လည် ၃ နာရီခန့်မှာ Oxford သို့ ရောက်ရှိခဲ့ပါတယ်။ အခမ်းအနားသည် ညနေ ၆ နာရီမှ စမည်ဖြစ်သော်လည်း ပြင်ကြဆင်ကြရင်း ညနေ ၆ နာရီသို့ အချိန်ကုန်မှန်းမသိကုန်ပြီး ရောက်ရှိသွားပါတယ်။


ဒီနှစ်ပွဲရဲ့ ထူးခြားချက်ကတော့ Oxford Internation Women's Festival မှာ မြန်မာနိုင်ငံကို လက်ခံကျင်းပခွင့်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒါဟာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမိုင်းမှာ Oxford မြို့လေးဟာ သမိုင်းမှတ်တိုင်တစ်ခုအနေနှင့် ပါဝင်ခဲ့တယ်လို့ ပြောမယ်ဆိုရင်လည်း မှားမည်မထင်ပါ။ ထိုပွဲကို နှစ်စဉ် ၂၈ ဖေဖော်ဝါရီ မှ ၁၄ မတ်လအထိ ကျင်းပပြီး မတ်လ ၈ ရက်နေ့ကို International Women's Day အဖြစ် သတ်မှတ်ထားပါတယ်။ ပွဲတော်မှာ အမျိုးသမီးများနှင့် ပက်သက်သော စာပေ၊ ဂီတ၊ ပြပွဲ နှင့် workshop များ စသည်ဖြင့် ထည့်သွင်းကျင်းပကြပါတယ်။ နိုင်ငံပေါင်းစုံမှ စွမ်းဆောင်ရည်မြင့်မားပြီး ထင်ရှားကျော်ကြားတဲ့ အမျိုးသမီများအကြောင်းကို ထည့်သွင်းဖော်ပြ ဂုဏ်ပြုကြပါတယ်။

နိုင်ငံတစ်နိုင်ငံအတွက် တစ်ရက်ကျစီ ကျင်းပခွင့်ရပြီး ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ပေးထားတဲ့ရက်ဟာ မတ်လ ၈ ရက်နေ့၊ တနင်္ဂလာနေ့ဖြစ်ပါတယ်။ ထိုပွဲတွင် ကျွန်တော်တို့ မြန်မာနိုင်ငံမှ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို အဓိကထည့်သွင်းဖော်ပြဂုဏ်ပြုခဲ့ကြပါတယ်။ ထို့အပြင် သင်္ကြန်အက၊ မွန်အက၊ ဦးရွှေရိုးနှင့် ဒေါ်မိုး၊ Performance Art အပြင် ပန်းချီပြခန်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ တင်ဆက်ခဲ့ကြပါတယ်။






Click here for more photos

မြန်မာနိုင်ငံမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာပြည်၏ အကြောင်းကို BBC မှ အန်တီနီတာ နှင့် သံအမတ်ဟောင်း Vicky တို့မှ အဓိက ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။ ထို့ပြင် မြန်မာအစားသောက်များကိုလည်း ရန်ပုံငွေအဖြစ် ရောင်းချခဲ့ပြီး နိုင်ငံခြားသားဧည့်သည်များ နှစ်သက်စွာ ဝယ်ယူအားပေးသုံးဆောင်နေကြတာကို ဝမ်းမြောက်ဖွယ် တွေ့မြင်ခဲ့ရပါတယ်။

အခမ်းအနားကို ည ၁၁ နာရီခန့်မှာ ရုပ်သိမ်းခဲ့ပါတယ်။ ပွဲတော်လာ နိုင်ငံခြားသားများ၏ ဂုဏ်ပြုချီးမွမ်းခြင်းကို ကျွန်တော်တို့ မြန်မာအဖွဲ့ ဝမ်းမြောက်ဖွယ် ရရှိနိုင်ခဲ့ပါတယ်။ အိမ်အပြန်လမ်းမှာတော့ မြန်မာနိုင်ငံမှ အမျိုးသမီးများ နှင့် လူအခွင့်အရေး၊ ငြိမ်းချမ်းရေးငှက်ကလေး လှောင်အိမ်ထဲက လွတ်မြောက်ရေး၊ မတရားညှင်းပန်နှိပ်စက်မှု ကာကွယ်စောင့်ရှောက်ရေး စသည့် အတွေးပေါင်းမြောက်များစွာကို တွေးနေစဉ်အတွင်းမှာပင် ကျွန်တော်တို့ရဲ့ ကားလေးဟာ Oxford မြို့လေးကို တဖြည်းဖြည်း နှုတ်ဆက်ထွက်ခွာလာခဲ့ပါတော့တယ်။


ပွဲတော်ဖြစ်မြောက်ရေးအတွက် အစစအရာရာ ဝိုင်းဝန်းပံ့ပိုးသူများကို အထူးကျေးဇူးတင် လေးစားမိပါသည်။

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။