Skip to main content

တို့ရဲ့မန်းမြေမှာ


ရွှေမန်းမြေ
သာပေရဲ့လား။
တို့ဌာနေ ကျုံးရေ အလှနဲ့
သာပေစွ တကား။

ရွှေမန်းမြေ
စည်ပေရဲ့လား။
တို့ရဲ့မြေ ၀ါရွှေ အလှနဲ့
စည်ပေစွ တကား။

ရွှေမန်းမြေ
ဖြိုးဝေရဲ့လား။
တို့မန်းမြေ အိမ်ခြေ အလှနဲ့
ဖြိုးဝေစွ တကား။

ရွှေမန်းမြေ ခါတစ်ခေါက်
လာရောက်လို့ လည်လှည့်ပါ။
ဘ၀င်မှာ ကြည်ရွှင်လန်းလို့
မြင်ဆန်းစေမှာ။

တို့ရဲ့ မန်းမြေမှာ
သာသနာ ကွန့်မြူး။
တို့ရဲ့ ဌာနေမှာ
မြင်မြင်တကာ ကြည်နူး။
ရှေးအမွေ နန်းပြသာဒ်တို့
သပ်ရပ် တင့်ထူး။ ။


သိပ္ပံ စိုးမြင့်နိုင်
အတွဲ ၄၁၊ အမှတ် (၁)၊ မြ၀တီ မဂ္ဂဇင်း ၁၉၉၂ နိုဝင်ဘာလ

ကဗျာလေးကိုဖတ်ပြီး မန္တလေးကျုံးကြီးအကြောင်း၊ အိမ်ခြံမြေတွေအကြောင်း နှင့် သာသနာအကြောင်း နည်းနည်းရေးချင်လာတယ်။ အုတ်တွေမခင်းမှီ အရင် ကျုံးကြီးကတော့ မျက်စိထဲမှာ ပိုပြီး ကြည့်လို့ကောင်းသလိုပဲ။ အုတ်တွေခင်းလိုက်တာ မျက်စိထဲမှာ ကြည့်ရတာ တစ်မျိုးဖြစ်သွားတယ်။ ဘာပဲပြောပြော ကျုံးကြီးနဲ့ မန္တလေးတောင်ကြီးကို (၂၆ဘီလမ်း ဒေါင့်ကနေ) တွဲဖက်ပြီး မြင်ရတဲ့ မြင်ကွင်းက စိတ်ကြည်နူးသွားတာ အမှန်ပဲ။ အုတ်ခင်းတယ်ဆိုတာ ခေတ်မီပေမဲ့ ရှေးဟောင်းအမွေအနှစ်တွေကိုတော့
အုတ်တွေနဲ့အစားထိုး ပြုပြင်လိုက်တာဟာ လုံးဝ မှားတယ်လို့ ထင်တယ်။ ဥပမာ ... ဦးပိန်တံတားကို အုတ်တိုင်တွေနဲ့ အစားထိုးခြင်း နှင့် အတုမရှိကျောင်းတော်ကြီးကို ရှေးဟောင်းလက်ရာအတိုင်း ထိန်းသိမ်းမထားဘဲ အသစ်ဆောက်လုပ်တာမျိုး။ ကျွန်တော့်အမြင်ကတော့ ရှေးဟောင်းပစ္စည်းဆိုတာဟာ အသစ်ပြုပြင်တာထက် အဟောင်းကိုပဲ မပျက်စီး မယိုယွင်းရအောင် ထိန်းသိမ်းထားနိုင်မှ ပိုပြီး တန်ဖိုးရှိမယ်။

"တို့မန်းမြေ အိမ်ခြေအလှနဲ့ ဖြိုးဝေစွတကား" တဲ့ ... မှန်ပါသည် မန္တလေးတစ်မြို့လုံးနီးပါးမှာ ကွပ်လပ်မကျန် တိုက်တွေ ဆောက်လုပ်နေတာ တွေ့မြင်နေရပါတယ်။ ဒါပေမဲ့ စိတ်မကောင်းဖြစ်မိတာ တစ်ခုကတော့ မြန်မာတွေ မဟုတ်ဘဲ တရုတ်အိမ်တွေ တစ်ခုပြီး တစ်ခု တိုးလာတာပါပဲ။ အခုဆိုရင် Shopping Mall ကြီးများနှင့် Plaza တွေ တစ်ခုပြီးတစ်ခု တိုးလာတာတွေ့ရပါတယ်။ ရက်ကွက်ဈေးတွေထဲမှာ ဈေးဝယ်တဲ့ စနစ်မှသည် ဈေးတွန်းလှည်းလေးတွေနဲ့ Supermarket တွေမှာ ဈေးဝယ်တဲ့ မြို့ပြဈေးဝယ်မှု စနစ်သစ်ဆီသို့ စတင်ပြီး ကူးပြောင်းနေပါပြီ။ သို့ပေမယ့်လည်း အောက်ခြေလူတန်းစားတွေ အဖို့မှာတော့ ရပ်ကွက်ဈေးတွေ၊ အခွန်လွတ်ဈေးတွေကို အားကိုနေရတုန်းပါပဲ။ အိမ်ခြေများ တိုးတက်လာခြင်းနှင့်ပြိုင်တူ မန္တလေးမှာ အထူးသတိထားစရာ တစ်ခုကတော့ "မီး" အန္တရာယ်ပါပဲ။ ရတနာပုံဈေးကြီး မီးလောင်တုန်းကလို ကြီးမားတဲ့ ဆုံးရှုံးမှုမျိုး နောက်တစ်ကြိမ် ထပ်ပြီးမဖြစ်ပါစေနဲ့လို့လည်း ဆုတောင်းမိတယ်။

တို့ရဲ့ မန်းမြေမှာ သာသနာကွန့်မြူး ... ဟုတ်ပါသည်။ မန္တလေးသည် သာသနာနှင့် ပက်သက်လာလျှင် အဓိကမြို့တစ်မြို့ (သို့) "သာသနာ့ဘဏ်တိုက်တစ်ခု"လို့တောင် ပြောနိုင်ပါသည်။ မစိုးရိမ်ကျောင်းတိုက်ကြီးဆိုလျှင် နှစ်ပေါင်းများစွာကတည်းက ယခုထိတိုင်အောင် ထင်ရှားကျော်ဇောပြီး သာသနအာဇာနည်များကို မွေးထုတ်ပေးနေတဲ့ မြန်မာသာမက ကမ္ဘာထိပါ ကျော်ကြားလှတဲ့ ကျောင်းတိုက်ကြီးတစ်ခုဖြစ်ပါတယ်။ ထိုနည်းတူ မဟာဂန္ဓာရုံကျောင်းတိုက်၊ ရွှေကျင်တိုက်၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ သာသနာ့တက္ကသိုလ် စတဲ့ သာသနာ့အာဇာနည်ကျော်များကို မွေးထုတ်ပေးရာ ကျောင်းတိုက်၊ သင်တန်းကျောင်းတွေဟာလည်း ထင်ရှားလှပါတယ်။

ကျွန်တော်တို့ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေအတွက် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးဟာ မွေးကတည်းက သေတဲ့အထိတိုင်အောင် ဆည်းကပ် ကိုးကွယ်သွားရမှာပါ။ မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားဒေသနာ၊ အဆုံးအမတွေကြောင့် ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ယဉ်ကျေးတဲ့၊ မြင့်မြတ်တဲ့ လူမျိုးတစ်မျိုးအဖြစ် ဖြစ်တည်နိုင်ခဲ့ရတာပါ။ ထို့ကြောင့် မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားဒေသနာတွေကို ပုထုဇဉ်ဖြစ်တဲ့ လူတွေနားလည်ဆောင် ပေါင်းကူးအဖြစ် လမ်းညွှန်သင်ပြပေးနိုင်တဲ့ ဘုရားသားတော် (သံဃာတော်)တွေရဲ့ ဂုဏ်ကျေးဇူးကို အမြဲတမ်း အောက်မေ့ပြီး ဆည်းကပ်နေဖို့လိုပါတယ်။ ကိစ္စများမြောင် လူတို့ဘောင် ဆိုသည့်အတိုင်း ဆောင်ရွက်စရာကိစ္စတွေ များပြားလှတဲ့ လူတွေအဖို့ တရားတွေ နေ့တိုင်း မနာနိုင်ရင်တောင်မှ အိပ်ယာဝင်ခါနီးပဲဖြစ်ဖြစ်၊ တစ်ရက်ကို နာရီဝက် (သို့) တစ်နာရီလောက် အချိန်ပေးပြီးတော့ဖြစ်စေ ဘုရား၊ တရား အလုပ်ကို လုပ်ကြဖို့ လေးစားစွာဖြင့် တိုက်တွန်းချင်ပါတယ်။ "တတိယအရွယ်မှာ တရားရှာ" တဲ့ ... အတိုင်းအတာတစ်ခုထိ လက်ခံပါသည်။ သို့ပေမယ့် ထို တတိယအရွယ်မရောက်ခင် ဘ၀ကူးသွားခဲ့သည်ရှိသော် မိမိရှာထားတဲ့ စည်းစိမ်ဥစ္စာတွေဟာ ပါသွားမှာ မဟုတ်ပါဘူး။ မိမိရှာဖွေထားတဲ့ တရားကုသိုလ်တွေသာ နောင်ဘ၀အထိ ပါသွားမှာ ဧကန်မလွဲ မဟုတ်ပါတကား။

ဒီပို့စ်လေးရေးပြီး စာဖတ်သူအတွက် ကျွန်တော်ရင်ထဲမှာ ဖြစ်နေတာတွေကို ပေးလိုက်ရလို့ ၀မ်းသာပီတိဖြစ်မိသလို၊ သာသနာ နှင့် ယဉ်ကျေးမှု ထွန်းကားပြီး နေချင်စဖွယ် အညာမြို့တော်တစ်ခုဖြစ်တဲ့ မန္တလေးမြို့မှာ မွေးဖွားရှင်သန်ခွင့်ရခဲ့တဲ့ လူသားတစ်ယောက်ဖြစ်ရတာကိုလည်း ၀မ်းသာဂုဏ်ယူလို့မဆုံး ဖြစ်မိပါတော့တယ် ခင်ဗျာ :)

Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...