Skip to main content

ဆရာမဒေါ်နုနုရည် (အင်းဝ) ၏ စာပေဟောပြောပွဲ


ဆရာမဒေါ်နုနုရည် (အင်းဝ)

မနေ့က ဆရာမဒေါ်နုနုရည် (အင်းဝ)၏ စာပေဟောပြောပွဲ ပြုလုပ်ရာ SOAS University သို့ရောက်ရှိခဲ့ပါတယ်။ ကျွန်တော်ရောက်တော့ အခမ်းအနားက စတင်နေနှင့်ပါပြီ။ သို့ပေမဲ့ မှီရာနေရာကနေ ဆက်လက်နားထောင်ဖြစ်ပါတယ်။ ဆရာမရဲ့ အမာခံပရိသတ်အတော်များများအပြင် စာပေဝါသနာပါသူ လူငယ်များတက်ရောက်ကြတာတွေ့မြင်ရပါတယ်။

ဆရာမမှ သူ့ရဲ့ဘဝဇာတ်ကြောင်း၊ စာရေးဆရာမဖြစ်လာပုံ နှင့် စာပေလောကအတွေ့အကြုံများကို ရှင်းလင်းပြောကြားပါတယ်။ ဆရာမပြောပြတဲ့ထဲမှာ သူ လူ့လောကထဲရောက်ရှိလာပုံကတော့ အင်မတန်ဝမ်းနည်းအံ့သြဖို့ကောင်းလှပါတယ်။ သူ့ရဲ့အဘွားပေးခဲ့ရတဲ့အသက်နဲ့ ရှင်ခဲ့ရတာဖြစ်ကြောင်း ငယ်စဉ်ကတည်းကပဲ အဖိုးအဖွားလက်ပေါ်မှာ ကြီးပြင်းလာရကြောင်း၊ အဖိုးနှင့်အဖွားပုံပြောပြီဆိုလျှင် အဖိုးပြောသောပုံပြင်များမှာ စိတ်ဝင်စားမှုနှင့် ဆွဲဆောင်မှုရှိကြောင်း အဘယ်ကြောင့်ဆိုသော် အဖိုးမှာ စာပေဖတ်ရှု့လေ့လာသူဖြစ်ကြောင်း စိတ်ဝင်စားဖွယ် ရှင်းပြခဲ့ပါတယ်။

လူငယ်တို့ကို "ဘယ်စာဖတ်ဖတ် ကြိုက်တဲ့စာသာဖတ်ပါ။ စာဖတ်အားများလာပြီးလျှင် ကိုယ်ရွေးခြယ်သင့်တဲ့ စာပေကို အမှန်တကယ်ရွေးခြယ်လာနိုင်လိမ့်မယ်ဖြစ်ကြောင်း" လူငယ်များ စာပေဖတ်ရှု့ရေးကို အားပေးဟောပြောသွားပါသေးတယ်။

ဆရာမရဲ့ထွက်ရှိပြီးသား စာအုပ်များထဲမှ "ပြုံး၍လည်း ကန်တော့ခံတောမူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ"စာအုပ်အကြောင်းကိုလည်း ထည့်သွင်းဟောပြောသွားပါတယ်။ ထိုစာအုပ်နှင့် ပက်သက်ပြီး တွေ့ကြုံရသည့် အခက်အခဲများ၊ ဝမ်းသာဖွယ်ရာများနှင့် ဝမ်းနည်းဖွယ်ရာများကိုပါ ပရိသတ်များနှင့်အတူ ဆွေးနွေးဟောပြောခဲ့ပါတယ်။ ထိုစာအုပ်မှာ မာမီ(နတ်ကတော်) များကိုအခြေခံပြီးရေးသားထားခြင်းဖြစ်ပါတယ်။ ဆရာမပြောသွားသည်များထဲမှ မှတ်သားစဉ်းစားဖွယ်ရာတစ်ခုမှာ မြန်မာလူမျိုးအချို့သည် အယူသီးမှုများလာပြီဆိုလျှင် ယုံကြည်မှုတစ်ခုအနေနှင့် ဖြစ်လာကြကြောင်း ထို့နောက် ထိုယုံကြည်မှု့မှတဆင့် ယဉ်ကျေးမှုအဖြစ်ပါကူးပြောင်းလာကြကြောင်း နတ်ပွဲများနှင့် ပက်သက်ပြီး ထည့်သွင်းဟောပြောခဲ့ပါတယ်။

ထို့ပြင်ဆရာမငယ်စဉ်ဘဝက ကြီးပြင်းနေထိုင်ခဲ့ရာ နန်းတော်မြို့ဟောင်းတစ်ခုဖြစ်တဲ့ အင်းဝမြို့အကြောင်း၊ မြန်မာဘုရင်များနှင့် ထိုင်းနိုင်ငံအကြောင်း၊ မုန့်တီရဲ့ဇာတ်မြစ်၊ လန်ဒန်နှင့် ဆရာမ၏ မျိုးချစ်စိတ်ဓာတ်ဖြစ်ပုံလာပုံအကြောင်း တို့ကိုလည်း ဟောပြောခဲ့ပါသေးတယ်။ မျိုးချစ်စိတ်ဓာတ် (တိုင်းပြည်ချစ်စိတ်) နှင့် ပက်သက်ပြီး စိတ်ဝင်စားမှတ်သားဖွယ်ရာတစ်ခုမှာ မျိုးချစ်စိတ်ဆိုသည်မှာ "စိတ်ထဲမှ ဟန်ဆောင်လုပ်ယူခြင်းမျိုးမဟုတ်ပဲ လိုအပ်တဲ့အချိန်မှ သူ့အလိုလိုသာဖြစ်ပေါ်လာတတ်ကြောင်း (မရိုသေစကား ... ဥပမာ ... sexy စိတ်နှင့်အလားသဏ္ဍာန်တူကြောင်း)" ဟောပြောခဲ့ပါတယ်။ ဆရာမတာဝန်ထမ်းဆောင်ရာမြို့ဖြစ်တဲ့ ချင်းမိုင်မြို့အကြောင်း နှင့် ဘုရင့်မိုးအကြောင်းတို့မှာလည်း ကျွန်တော်အတွက် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ ဖြစ်ခဲ့ပါတယ်။

ဆရာမရဲ့ ပရိသတ်များ

ထို့သို့ဟောပြောပြီး နောက်ဆုံးမှာတော့ ပရိသတ်များနှင့် အမေးအဖြေများ ပြုလုပ်ခဲ့ပါတယ်။ ဆရာမ၏ ထွက်ပြီးသား စာအုပ်များနှင့် ပက်သက်ပြီး မေးမြန်းမှုများ၊ စာပေလောက ကျင်လည်မှုအတွေ့အကြုံများအကြောင်းစသည်တို့ကို အဓိကထား မေးမြန်းခဲ့ကြပြီး ဆရာမမှ စိတ်ရှည်လက်ရှည် ဟောပြောဖြေကြားပေးခဲ့ပါတယ်။ အခမ်းအနားကို ညနေ ၅ နာရီခန့်တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။

ကျွန်တော့်အတွက် ဗဟုသုတတွေ၊ မှတ်သားဖွယ် အတွေ့အကြုံများ ပေးခဲ့တဲ့ ဆရာမ ဒေါ်နုနုရည်(အင်းဝ) ကျန်းမာချမ်းသာပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ နောက်နှစ်မှာလည်း ယခုလို စာပေဟောပြောပွဲတွေမှာ ပြန်လည်ဆုံတွေနိုင်ဖို့ မျှော်လင့်ရင်း ...

--
ခင်မင်လေးစားစွာဖြင့်
ချမ်းမြစိုး

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။