Skip to main content

သီတင်းကျွတ်အတွေးများ

တို့အညာဒေသ ရွာသာရွာ
ရွာဦးကျောင်းက ထိုနီးအနားမှာ
အလွန် ကြည်စိမ်းလဲ့လဲ့ရေကန်သာ
ဖြူနီပြာဝါရောင်စုံကြာ
တင်ဆန်းလန်းစွာ ဦးတင်ကာ

မြစ်ရောင်ရေထဲ ရှပ်ဖြာပုံဆွဲ
ပုထိုးမြတ်ဘော်ဖြူ ငွေအဆင်းပါ

ပျိုပျိုမေ ဖော်ဆွေသဟာ ညှိထွန်းမီးကြာ
ရောင်စုံပင်ထင်နေတာ နုသောမျက်နှာ
သီတင်းကျွတ်ရိပ်သာ ထွန်းပစန္ဒာ
ပြုံလျက်မူရာ နှစ်ကိုယ်တူ မောင်မယ်ပါ။

ဘာလိုလိုနဲ့ သီတင်းကျွတ်ကာလကို ရောက်ပြီ။ ဒီနှစ်ကစပြီး အဖေအမေနဲ့ ဆရာ၊ ဆရာမတွေကို စိတ်ထဲကပဲ ကန်တော့နိုင်တော့မယ်။ ကာယကံ ၀စီကံမနောကံတွေနဲ့ ပြစ်မှားမိတာရှိရင် ခွင့်လွတ်ပါ ... အဖေ အမေ နှင့် သင်ဆရာ မြင်ဆရာ နှင့် ကြားဆရာများခင်ဗျား။ ၁၆ ကျောင်းက ဆရာကန်တော့ပွဲကိုလည်း မသွားနိုင်တော့ဘူး။ ကျွန်တော် အမြဲသတိရနေပါတယ် ဆရာဆရာမများခင်ဗျား။ မန္တလေးမှာလည်း ဘုရားပွဲတွေနဲ့ စည်ကားနေလောက်ပြီ။ အရမ်းသတိရတယ် ရွှေမန္တလေး။ သူငယ်ချင်းတွေနဲ့ ကျုံးဘေးမှာ ဖျောက်တွေဖောက်ခဲ့တာတွေလည်း မျက်စိထဲမှာမြင်မိတယ်ကွာ။ မင်းတို့လည်း ငါ့ကို သတိရမှ ရကြရဲ့လားတော့မသိဘူး။ ငါကတော့ မင်းတို့ကို အမြဲသတိရနေပါတယ်ကွာ။ မီးရောင်တွေ၊ မီးပုံးပျံတွေနဲ့ထိန်ထိန်လင်းနေမယ့် မန္တလေးတောင်ကြီးကလည်း အတွေးထဲမှာ ၀င်ဝင်လာတယ်။ လပြည့်နေ့ဆိုရင် ကျုံးဘေးမှာ မီးပုံးလာလွှတ်တဲ့သူတွေရော လျှောက်လည်ကြတဲ့ သူတွေရော စည်ကားနေခဲ့တဲ့ မြင်ကွင်းတွေက မေ့လို့မရဘူး။

လပြည့်နေဆိုရင် မဟာမြတ်မုနိဘုရားကြီး နဲ့ အောင်တော်မူဘုရားကို အရမ်းသွားချင်တယ်။ အရမ်းစည်ကားပြီး ပျော်ဖို့ကောင်းတယ်။ သီတင်းကျွတ်နဲ့ပက်သက်ပြီး သတိရတဲ့ နောက်တစ်နေရာကတော့ ရန်ကင်းတောင်ပါပဲ။ ရန်ကင်းတောင်သွားတဲ့လမ်းမှာရှိတဲ့ ချောင်းကြီးထဲမှာလည်း ကြာပန်းတွေနဲ့ ပြည့်နေလောက်ပြီ။ ငယ်ငယ်တုန်းက သမ၀ါယမကောလိပ် ၀င်းထဲမှာနေခဲ့တယ်။ သီတင်းကျွတ်ရောက်ရင် ရန်ကင်းတောင်ကြီးကလည်း မီးရောင်တွေ ထိန်ထိန်နဲ့ပေါ့။ ကျောင်းဝင်းက ရန်ကင်းတောင်ခြေမှာဆိုတော့ အိမ်ရှေ့ထွက်လိုက်တာနဲ့ မီးရောင်တွေနဲ့ထိန်ထိန်လင်းနေတဲ့ ရန်ကင်းတောင်ကြီးကို အတိုင်းသားမြင်နေရတယ်။ လပြည့်နေ့ဆိုရင်လည်း လပြည့်ဝန်းကြီးနဲ့ ရန်ကင်းတောင်ကြီးဟာ အရမ်းလိုက်ဖက်တာပဲ။ လမင်းရဲ့ အလင်းရောင်တွေနဲ့ ရန်ကင်းတောင်ကြီးရဲ့အလှဟာလည်း ပိုပြီးပြည့်စုံသွားတယ်။ ရန်ကင်းတောင်ခြေတ၀ိုက်ဟာလဲ ဘုန်းတော်ကြီးတွေရဲ့ တရားသံတွေနဲ့လွှမ်းနေတတ်တယ်။ အရမ်းသာယာတဲ့ သာသနာ့နယ်မြေပါပဲ။

နောက်ပြီး သီတင်းကျွတ်ပြီဆိုတာနဲ့ ဘယ်သူငယ်ချင်းတွေရဲ့ မင်္ဂလာသတင်းတွေ ကြားရအုံးမလဲမသိဘူး။ မင်္ဂလာဆောင်မည့် သူငယ်ချင်းများနှင့် စုံတွဲများလည်း ဘ၀ခရီးလမ်း ဖြောင့်ဖြူးကြပါစေ။

[ ဘလော်ပါ မိတ်ဆွေများ နှင့် လာရောက် လည်ပတ်ကြသူများအားလုံးလည်း သီတင်းကျွတ်ကာလစ၍ အညံ့တွေအားလုံး ကျွတ်လွတ်ပြီး ကျန်းမာပျော်ရွှင်ကြပါစေ ]

သီတင်းကျွတ်အမှတ်တရ သီချင်းလေး နဲ့ သီတင်းကျွတ်ပွဲတော်အကြောင်းကို ကျွန်တော်လေးစားတဲ့ ဆရာတင်မိုးနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ အစီအစဉ်လေးကို နားထောင်မိတော့လည်း ပိုဆိုးဗျာ။ ကျွန်တော်တော့ ဒီတွေဆုံခန်းလေးထဲမှာ ဆရာတင်မိုးပြောတာတွေကို နားထောင်ပြီး ပြန်ချင်စိတ်တောင်ပေါက်မိတယ်။


Real Media Player မရှိပါက ဒေါင်းလုပ် လုပ်ယူနိုင်ပါသည်။ [ RealM player Download ]

Credit >> ဆရာတင်မိုး၊ မိုးမခရေဒီယို၊ ကိုသက်နိုင်
MediaSource >> http://bcbgaust.net/

Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...