Skip to main content

ရည်စူးကုသိုလ် ရစေလို (၂)

ဘုန်းကြီးကျောင်းသို့ နေ့ဆွမ်း ကပ်မှာဖြစ်သည့်အတွက် မနက် ၁၀ နာရီလောက် အရောက်သွားရမှာဖြစ်သည်။ ဘုန်းဘုန်းက ၁၁ နာရီ ဆွမ်းစားနေကြတဲ့။ ဒီတော့ အိမ်ကနေ မနက် ၈နာရီလောက်ကတည်းက ထွက်လာခဲ့သည်။ ဘုန်းကြီးကျောင်းက Colindale မှာရှိသည်။ မနက်ပိုင်း ၈နာရီ ရုံးသွားချိန်လည်း ဖြစ်တော့ ကြပ်လိုက်တဲ့ ရထားတွေ၊ နောက်ပိုင်း လန်ဒန်မှာ ဒီထက် ပိုဆိုးမယ်ထင်တာပဲ။ ဒီကြားထဲ Signal problem ကြောင့် ခဏခဏ ရပ်စောင့်နေရတဲ့ အခါတွေက ရှိသေး။ ထားပါလေ စိတ်ညစ်စရာတွေ မပြောချင်တော့ဘူး။

ဒါနဲ့ပဲ ဘုန်းကြီးကျောင်းကို မနက် ၁၀နာရီ မထိုးခင်လောက်မှာ ရောက်သွားတယ်။ ဒီ ဘုန်းကြီးကျောင်းကတော့ Manchester က ဘုန်းကြီးကျောင်းလို ဘုန်းကြီးကျောင်း သိပ်မပီသသေးဘူး။ အိမ်သဘောမျိုးပဲ ရှိသေးသည်။ မြေနေရာရှာပြီး လုပ်နေကြတယ်လို့တော့ သိရပါတယ်။ ဒါပေမဲ့ တစ်ခုအံ့သြဖို့ကောင်းတာက စကျင်ဆင်းတုတော် အကြီးကြီးတစ်ဆူ ရှိသည်။ မန်းလေးကျွဲဆန်ကန်မှ Company တစ်ခုကနေ ပို့ပေးထားတာလို့ ဘုန်းဘုန်းပြောပြချက်အရ သိရသည်။ ဘုန်းဘုန်းနာမည်ကိုတော့ ဦးသီလို့ပဲ ခေါ်ကြသည်။ ဘွဲ့နာမည်က နည်းနည်းမှတ်ရခက်သည်။ ကျောင်းတွင် ကိုယ်တော်လေးပါး သတင်းသုံးနေသည်ကို တွေ့ရသည်။ ဦးသီက ကျောင်းထိုင်တော့ မဟုတ်။ ကျွန်တော်တို့ ဆွမ်းကပ်တဲ့နေ့ကျမှ ကျောင်းထိုင်က အပြင်ကြွသွားသည်။ ကျောင်းထိုင်ဘုန်းကြီးကတော့နာမည်ကြီးပဲ။ မြန်မာသံအမတ်ကြီးဆိုလျှင် သူ့ကို ကောင်းကောင်းသိသည် razz ဘာကြောင့် သိလဲဆိုတာတော့ ... wink ။ လူတွေလည်း ခက်သည်။ တစ်ချို့လူတွေဆိုလျှင် ဒီ ဘုန်းကြီးကျောင်းသို့ သိပ်မလာချင်ကြ။ ဘာပဲဖြစ်ဖြစ်လေ ကိုယ့်ဘာသာရေးက ဘာသာရေးပဲပေါ့။

၁၁ နာရီထိုးတာနှင့် ဆွမ်း၊ ဟင်း ပြင်ပြီး ဘုန်းဘုန်းကို ကျွန်တော်တို့ မောင်နှမ နှစ်ယောက် အဘအတွက် ရည်စူးပြီး ဆွမ်းကပ်ခဲ့သည်။ မေမေလည်း ဒီနေ့ အိမ်မှာ ဆွမ်းလောင်းမှာ သေချာပါသည်။

ဆင်းတုတော် အကြီးကြီးကို တွေ့မြင်နိုင်ပါတယ်။

ဘုန်းဘုန်းက ရေစက်ချတရားနှင့် ငါးပါးသီလပေးတယ်။ ဒါကြောင့် ဒီနေ့ တစ်နေ့တာအတွက် ကုသိုလ် မရချင်နေပါစေ။ ငရဲတော့ မကြီးအောင်နေမှ။ ဘုန်းကြီး ဆွမ်းစားပြီးတဲ့နောက် ဘုန်းဘုန်းနှင့် ကျွန်တော် လေတံခွန်ပြိုင်ပြီး လွှတ်ကြသေးသည် razz ဘုန်းကြီးကျောင်းမှ ၂နာရီထိုးခါနီးလောက်တွင် ပြန်ခဲ့သည်။ စိတ်ထဲမှာတော့ ကြည်နူးနေတာအမှန်ပါပဲ။ ဘုရားရိပ်တရားရိပ်ရဲ့ အေးမြမှုလို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။

[ မနက်ဖြန် အဲဒီကျောင်းမှာ မြန်မာ Community အင်အားပြပွဲရှိတယ်လို့ သိရပါတယ် (ဘုန်းကြီးကျောင်း ဆောက်လုပ်ရန်အတွက်) ။ ဘုန်းဘုန်းကတော့ လာခဲ့လို့ ပြောလိုက်တယ်။ နေ့လည်ကျောင်းသွားရဦးမှာဆိုတော့ သွားဖြစ်မလား မသိသေးပါဘူး။ ]

Comments

  1. ငါ့ညီ CMS ရေ .. CMS အဘ အတွက်ဆုတောင်းပေးပါတယ် .. အခုလို ကိုယ်မရောက်ဖူးတဲ့ အရပ်ဒေသတစ်ခုရဲ့ သာသနာပြု မြန်မာဘုန်းတော်ကြီးကျောင်းများ အကြောင်းကို ရေးသားခြင်း နှင့် ဗဟုသုတ ရခြင်းအတွက်ပါ ကျေးဇူးအထူးတင်ပါတယ်။

    ReplyDelete
  2. ဆုတောင်းပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ကိုတိုး။ နောက်မှာလည်း ကျွန်တော်ကြုံကြိုက်သလို ဆက်ပြီး ရေးပေးသွားပါမယ် :)

    ReplyDelete
  3. သာဓုပါ ချမ်းမြစိုး
    နိုင်ငံရပ်ခြားမှာ ကြိုးစားပမ်းစား စာသင်နေရတဲ့အထဲ ဒီလို ကုသိုလ် လုပ်နိုင်တာ တကယ် မွန်မြတ်လှပါတယ်......။

    ReplyDelete
  4. သာဓုခေါ်တဲ့အတွက် တကယ်ပဲ ၀မ်းသာမိပါတယ်။
    ဘာသာရေးကတော့ လုပ်ဖြစ်တုန်း လုပ်ထားတာပါ :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

တကယ့်ကို မလွယ်ပါလား

စိုင်းထီးဆိုင်ရဲ့ "မန္တလေးရောက်ရှမ်းတစ်ယောက်" ဆိုတဲ့ သီချင်းလေးကို Lyric ပြောင်းပြီး ရေးထားပါတယ်။ ခံစား ရှူ့စားကြပါဦး။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" ဆိုရင်တော့ မကောင်းဘူးပေါ့ ... နော :P လဘက်ရည်ဆိုင် ထိုင်တိုင်းလည်း သူတောင်းစား လေးတွေက တတွတ်တွတ် တောင်းကြတယ် ရုပ်ရှင်ကြည့်တိုင်းလည်း ဗုံးပေါက်မလားရယ်ပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတယ် ဓာတ်ပုံရိုက်တိုင်းလည်း Police လေးတွေက အရိပ်တကြည့်ကြည့်နဲ့ ကြည့်ကြတယ် Bus Car တွေ စီးတိုင်းလည်း စပယ်ယာလေးတွေက လက်တဆော့ဆော့နဲ့ လုပ်ကြတယ် လက်မှတ် ၀ယ်တိုင်းလည်း အရောင်းသမားလေးတွေက မှောင်ခိုရှိုတိတ် လုပ်ကြတယ် ဘုရားတွေ သွားတိုင်းလည်း ဂေါပက လူကြီးတွေက ပတ်လည် ချက်စား လုပ်ကြတယ် လေဆိပ်တွေ ရောက်တိုင်းလည်း လ၀က လေးတွေက လက်ဆောင်ပါလား မေးကြတယ် အမှုတွေဖြစ်တိုင်းလည်း ရဲရဲ လေးတွေက လက်တဖြန့်ဖြန့်နဲ့ တောင်းကြတယ် ကျောင်းတွေ အပ်တိုင်းလည်း ကျောင်းအုပ်ကြီးတွေက ပိုက်ဆံ ဘိုင်ပွတ် ပွတ်ကြတယ် နိုင်ငံခြားကို ရောက်တိုင်းလည်း အပေါင်းအသင်းလေးတွေက ဗမာဆို နှာခေါင်း ရှုံ့ကြတယ် အင်တာနက်တွေ သုံးတိုင်းလည်း ပြိတ္တာလေးတွေက အကုန်လုံးနီးပါး ဘန်းကြတယ် ပွဲတွေလုပ်တိုင်းလည်း ရပ်ကွက်ရုံးတွေက...

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...