Skip to main content

၆၀ နှစ်မြောက် အာဇာနည်နေ့

ဒီနေ့ဟာ မြန်မာပြည်မှာဆိုရင် အစိုးရ ရုံးပိတ်ရက် တစ်ရက်ဖြစ်သလို ပြန်စဉ်းစားကြည့်မယ်ဆိုရင် ၀မ်းနည်းအောက်မေ့ဖွယ်ကောင်းတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ မနှစ်က ဒီလိုအချိန် မန္တလေးမှာတော့ အာဇာနည်နေ့ကိုဂုဏ်ပြုတဲ့ အလွမ်းမိုးတွေ ရွာနေပါတယ်။ ဒီနေ့ဟာ မှတ်မှတ်ရရ မန္တလေးနဲ့ဝေးကွာခဲ့တာ တစ်နှစ်နဲ့တစ်လ ပြည့်တဲ့နေ့ပါ။ ဒီလိုနေ့မျိုးမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို သတိရ ၀မ်းနည်းကြေကွဲသလို ကိုယ်နဲ့ဝေးကွာနေတဲ့ ကိုယ့်မြေကိုယ့်ရေကိုလည်း သတိရမိပါတယ်။ ငယ်ငယ်တုန်းကတော့ အာဇာနည်နေ့ဆိုတာ ကျောင်းပိတ်လို့ပျော်နေခဲ့တယ်။ အသက်နည်းနည်းကြီးလာတော့ လေးပြုတာတွေ အာဇာနည်ကြီးတွေကျဆုံးခဲ့တာတွေကို သိလာတယ်။ နောက်ပိုင်းကျတော့ ဘယ်လို ရက်ရက်စက်စက် လုပ်ကြံခံခဲ့ရတယ်ဆိုတာတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့်သိလာတော့ စိတ်ထဲမှာ လုပ်ကြံခဲ့တဲ့သူတွေကို စက်ဆုပ်ရွံရှာမိသလို ဖြစ်မိတယ်။ ဒါလည်း လူတိုင်းနီးပါးတော့ ဖြစ်ကြမှာပါ။ အဲဒီအကြောင်းတွေကို ကျွန်တော်ဒီနေ့တွေးတောနေရင်း စိတ်ထဲမှာ ခံစားမိနေတာလေးတွေကို သူငယ်ချင်းတွေကို အသိပေးချင်တယ်ဗျာ။

ကျေးဇူးကန်းခြင်း - "တစ်လုပ်စားဖူး သူ့ကျေးဇူး"ဟု ဆိုပါလျှင် ကိုယ့်တိုင်းပြည်ကို သူ့ကျွန်ဘ၀က လွတ်မြောက်အောင် စွမ်းဆောင်ပေးခဲ့သော သခင်အောင်ဆန်းနှင့်တကွ အာဇာနည်ကြီးများရဲ့ ကျေးဇူးသည်ကား အဘယ်မှာ ဆပ်လို့ကုန်ပါမည်နည်း။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ သူ့တို့ရဲ့အာဇာနည်ကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သုံးစွဲတဲ့ ငွေကြေးတွေမှာ ပုံတွေကို ထည့်သွင်း ဂုဏ်ပြုခဲ့ကြတယ်။ ကျွန်တော်တို့နိုင်ငံမှာ အရင်ကတော့ ရှိပါသေးတယ် အခုနောက်ပိုင်းထုတ်တဲ့ ငွေကြေးတွေမှာ ပါမလာတော့ဘူး။ စဉ်းစားလို့ကိုမရဘူး။ ဘာ မဟုတ်တဲ့ တိရိစ္ဆာန်တစ်ကောင်ရဲ့ ပုံကိုတော့ ထည့်ထားတယ်။ သခင်အောင်ဆန်းတို့ရဲ့ အသက် သွေးချွေးတွေ ရင်းနှီးပြီး ရခဲ့တဲ့ လွတ်လပ်ရေးကို ခံစားနေကြပြီး သူ့တို့ရဲ့ကျေးဇူးတွေကို ကန်းနေကြတာလား .... ။

မနာလိုဖြစ်ကြခြင်း - လူတွေတစ်ဦးနဲ့တစ်ဦး မနာလိုစိတ်တွေထားပြီး ပြဿနာအများဆုံးဖြစ်ကြတယ်။ လူတွေဟာ သူများကောင်းစားတာ တိုးတက်တာတွေကို တွေ့ရင် မုဒိတာပွားပြီး ကြည်နူးရမည့်အစား မနာလိုစိတ် လုပ်ကြံချင်စိတ်တွေများနေကြတယ်။ ကိုယ်မလုပ်နိုင်တဲ့ အလုပ်တစ်ခုကို တစ်ခြားသူလုပ်ပြီဆိုရင် စိတ်ထဲမှာ အလိုလိုနေရင်း မနာလို မရှူ့စိတ်တွေ ပေါ်ပေါ်လာတတ်ကြတယ်။ အသိနဲ့သတိ မရှိကြဘူး။

အာဏာရူး (စည်းစိမ်ရူး) - လောကမှာ လူတွေကို အမက်မောဆုံးဘယ်ဟာလဲလို့ မေးလိုက်ရင်။ ငွေ (ပိုက်ဆံ) လို့ပဲ ဖြေကြလိမ့်မယ်။ တစ်ချို့တွေကြတော့ အာဏာလို့ ဖြေကြလိမ့်မယ်ထင်တယ်။ နှစ်ခုလုံးရမယ်ဆိုရင်တော့ ကိုယ့်ဆွေမျိုးသားချင်းတွေမက ကမ္ဘာကပါ ဘယ်လိုပြောပြော တားမရတော့ဘဲ အာဏာအတွက် ဆက်လိုက်မိုက်မဲကုန်ကြတဲ့ အာဏာဘီလူးတွေဖြစ်ကုန်ကြပြီး အသက်ကြီးတဲ့အထိ မစွန့်လွတ်နိုင်ကြသေးဘဲ ဖြစ်နေကြတယ်။ သူတို့တွေဘ၀ကူးသွားရင် အာဏာကိုစွဲလမ်းကိုးကွယ်လွန်းလို့ အာဏာစောင့်ဘီလူး ဆိုပြီးတော့များ ပေါ်လာမလား မသိဘူး။

အာဇာနည် (သို့) အမြဲတမ်းရှင်သန်နေတဲ့ အမည် - အာဇာနည်တွေဆိုတာ လူသေပေမဲ့ နာမည် မသေကြပါဘူး။ တစ်ချို့တွေကတော့ လူမသေသေးဘူး နာမည်အရင်သေကုန်ကြပြီ။ မေတ္တာတွေလည်း ၀ိုင်းပို့ခံနေကြရပြီ။ ကိုယ့်ရှေ့မှာ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းသာဓကတွေကိုကြည့်ပြီး သံဝေဂ မရနိုင်ကြသေးဘူး။ သိသိကြီးနဲ့ မိုက်မဲနေကြဆဲပဲ။ အမှန်ကို အမှားလုပ်၊ အမှားကို မှန်လုပ် ဟုတ်တာပြော ဒုက္ခရောက်တဲ့ ခေတ်ကြီးမှာ ... အင်း ... ။

ခံစားချက်တွေ ကျန်သေးတယ်ဗျာ။ ဒါပေမဲ့ အကုသိုလ်များလွန်းလို့ ဒီမှာတင်ပဲ ရပ်နားပါရစေ။ ကိုဖြိုး နှင့် မမယ်လိုဒီမောင်ကို ကျေးဇူးတင်ပါတယ်။

Comments

  1. ကိုချမ်းရေ
    ဒီပို့စ်လေးကိုသမိုင်းထဲက ရက်စွဲများမှာ သွားထည့် ရအောင် မေးလ် လိပ်စာနဲ့ ဘလော့ လိပ်စာလေး ကိုရန်အောင့် ပို့စ်မှာ သွားပေးပေးပါလား :)

    ReplyDelete
  2. ဟုတ်ကဲ့ ကျွန်တော် သွားထည့်ပြီးပါပြီ အစ်မ
    အကြောင်းကြားပေးတာ ကျေးဇူးပါ :)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...