ဒေါ်ကြည်ဦး (၁၉၂၅-၂၀၀၉)
အမည်အရင်း ဒေါ်လှကြည်၊ သထုံသရိုင်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်း ဇာတိဖြစ်သည်။ အဖ ဗိန္ဒောဆရာကြီး ဦးသက်နှံ နှင့် အမိ ဒေါ်ငွေယုန်တို့မှ ၁၂၈၇ ခုနှစ်၊ ၀ါဆို လဆန်း (၅) ရက်၊ ၂၃-၀၆-၁၉၂၅ တွင် ဖွားမြင်သည်။ မွေးချင်း ခြောက်ယောက်တွင် ငါးယောက်မြောက်ဖြစ်သည်။ အစ်ကိုနှစ်ယောက် အစ်မနှစ်ယောက်နှင့် ညီမတစ်ယောက်ရှိသည်။
တောင်စွန်းဆရာကြီး ဦးထွန်းလှ၏ မူလတန်းကျောင်းတွင် ငယ်စဉ်က ပညာသင်ယူခဲ့သည်။ စစ်ပြီးခေတ်တွင် မိသားစုနှင့်အတူ ရန်ကုန်သို့ ပြောင်းလာသည်။ ပြည်ဆရာကြီး ဦးလေ၊ ဆရာကြီး မွန်းဓာတု ပညာရိပ်သာတို့မှာ ပညာဆက်လက်သင်ယူ၍ ၁၉၅၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုသည်။
ဗလစ လူငယ်အစည်းအရုံးမှ ဖွင့်လှစ် သင်ကြားပေသည့် သိုင်းသင်တန်းသို့ တက်ရောက်ရင်း သိုင်းပညာ ပြန့်ပွားရေးအတွက် ၀ထ္ထုဆောင်းပါး၊ ကဗျာပြိုင်ပွဲ ပြုလုပ်ရာတွင် "သက်လုံ" ၀ထ္ထုဖြင့် ရွေးချယ်ခံရသည်။ ထိုဝထ္ထုကို ဆရာဦးချစ်သန်းက တိုင်းရင်းမေ ဂျာနယ်သို့ ပို့ပေးရာမှ စာပေနယ်သို့ စတင်ရောက်ရှိသည်။
၁၉၅၂ ခုနှစ် မြ၀တီ မဂ္ဂဇင်း ထုတ်ဝေသောအခါ မဂ္ဂဇင်းနှင့် ပက်သက်၍ အကြံပြုဝေဖန်စာ ပြိုင်ပွဲပြုလုပ်ရာ၌ဝေဖန်စာ ပေးပို့လျှင် ဆုရသဖြင့် အယ်ဒီတာချုပ် ဗိုလ်မှူး ဘသောင်း (မောင်သုတ) က သူရေးသားသည့် "တစ်ကျွန်းသို့" စာအုပ်နှင့် ငွေ နှစ်ဆယ့်ငါးကျပ်၊ ပတ်ကားငါးဆယ့်တစ် ဖောင်တိန်တစ်ချောင်း ချီးမြှင့်သည်။
၁၉၅၃ ခုနှစ်တွင် လူထု ပညာရေးကောင်စီမှ ထုတ်ဝေသည့် လူထုပညာ စာစောင်တွင် လက်ထောက် အယ်ဒီတာ ဖြစ်လာသည်။ ယဉ်ကျေးမှု၊ နော်ရထာ၊ သမ၀ါယမ၊ စာပေဗိမာန်၊ အထောက်တော်၊ မြတ်ရတနာ စသည့် မဂ္ဂဇင်းများ၌ ၀ထ္ထုဆောင်းပါးများ ရေးသားခဲ့သည်။ တေးပဒေသာ မဂ္ဂဇင်းတွင် ပင်တိုင်အဖြစ် လစဉ်ဝထ္ထုတစ်ပုဒ် ရေးရသည်။ ငွေတာရီ၊ မြ၀တီ၊ ရှူမ၀၊ မိုးဝေတို့တွင် ဆောင်းပါးများစွာ ရေးခဲ့သည်။
၁၉၅၉ ခုနှစ်တွင် ဖွဲ့စည်းသည့် "မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း" တွင် စတင်တည်ထောင်သူ အဖြစ်ပါဝင်ခဲ့သည်။ ယုဝတီဂျာနယ်တွင် ဆရာမကြီး ဒဂုန်ခင်ခင်လေး လက်ထက်မှစ၍ ဆရာမကြီး ကွယ်လွန်ပြီးသည်အထိ အယ်ဒီတာအဖြစ် ၆ နှစ်ခန့် ဆောင်ရွက်ခဲ့သည်။
ရေးသား ထုတ်ဝေခဲ့သည့် စာအုပ်များမှာ မြန်မာရိုးရာ စကားထာ၊ ကလေးကြေးမုံ၊ ငှက်မျိုးစုံ၊ ကလေးကြေးမုံ ပင်မျိုးစုံ၊ ရှေးထုံးစဉ်လာ မြန်မာမှုများ၊ ကိုကိုတို့အရွယ်၊ မေ့ကွက်ကိုရှာ၊ အလောင်းတော်ကဿပ တောလား၊ လူဝင်စားများနှင့် တွေ့ဆုံခြင်း၊ ဗုဓ်ဒဂယာ ဓမ္မခရီး၊ ထူးဆန်းအံ့ဘွယ် ပရလောကနယ် စသည့်စာအုပ်များဖြစ်သည်။
ရန်ကင်း (၃) ရက်ကွက်၊ တိုက် ၂၁၆၊ အခန်း ၆ တွင်နေထိုင်သည်။
ခင်ပွန်းဖြစ်သူ စာရေးဆရာ နန်းညွန့်ဆွေ၊ သား မောင်ဝဏ္ဏ (ကွယ်လွန်)၊ မောင်တေဇနှင့် မောင်သူရ (ဇာဂနာ) တို့ရှိသည်။
သခင်မကြီး ဒေါ်ကြည်ဦး (ခ) စာရေး ဆရာမကြီး ယုဝတီကြည်ဦးသည် ၂၀၀၉ခုနှစ်၊ မတ်လ ၂၀ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်မြို့ နေအိမ်၌ ကွယ်လွန် အနိစ္စရောက်ခဲ့သည်။
မကွယ်လွန်မီက ၂၀၀၇ သံဃာ့အရေးတော်ပုံနှင့် ၂၀၀၈ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးတို့တွင် အသက်အရွယ်ကြီးရင့်ပြီး နာမကျန်းသည့်ကြားက လူငယ်များနှင့်အတူ ၀ိုင်းဝန်းအားပေး ဆောင်ရွက်ခဲ့သည်။ နှုတ်ပိတ်ခံပြည်သူများ၊ အဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ၊ စာနယ်ဇင်းသမားများကိုယ်စား စစ်အစိုးရကို ရဲဝံ့စွာ ဝေဖန်ပြောဆိုခဲ့သည်။ ၃လနီးပါး အစာမစားနိုင်ဘဲ မြန်မာပြည်အရေးကိစ္စများကို တသီးပုဂ္ဂလဆောင်ရွက်ခဲ့ပြီး လူကြီးရောဂါနှင့် အိပ်ယာထဲလဲမှ ရပ်နားသည်။ ထို့နောက် ရက်အနည်းငယ်အတွင်း ကွယ်လွန်ခဲ့သည်။
PS : လက်ကမ်းစာဆောင်တစ်ခုမှ ပြန်လည်မျှဝေခြင်းဖြစ်သည်။

