Skip to main content

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။

အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး

ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။
'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရှင်းရေး လုပ်နေစဉ် အတွင်းမှာလဲ ဤအညစ်အကြေးတွေ ကင်းစင်သကဲ့သို့ မိမိ၏ ကိလေသာ အညစ်အကြေးတို့သည်လည်း ကင်းစင်ရပါလို့၏' ဟု စိတ်ထဲမှာ ဆုတောင်းပြီးလုပ်ပါ။ အလုပ်လည်းပြီးမြောက်သွားသလို မိမိမှာလည်း ကုသိုလ်တွေတိုးသွားပါတယ်။

ဆရာတော် ဦးဥတ္တရ
လပြည့်နေ့ ... ဒီနေ့မနက်စောစောစီးစီးက မင်းကွန်းဆရာတော်ကြီးရဲ့ ဓမ္မစင်္ကြာတရားနာဖို့ စိတ်ကူးရတယ်။ ခဏကြာတော့ စလုံးက ငယ်သူငယ်ချင်း မောင်ဆွေကြီးက သူအလုပ်မသွားခင် အွန်လိုင်းတက်လာပြီး အဲဒီတရားကို ဘယ်နေရာမှာ နာရမလဲတဲ့ လာပြီးမေးတယ်။ ဒါနဲ့ Dhammadownload . com လိပ်စာကိုပေးလိုက်တယ်။ ကျေးဇူးတင်လို့တဲ့ သာဓု သုံးကြိမ်ခေါ်သွားတယ်။ စောစောစီးစီး ကုသိုလ်အရင်ရလိုက်တယ် :) ဒီတစ်ခုကတော့ ဒီနှစ်အတွက် အမှတ်တရဖြစ်စေပါတယ်။ သူ့ကို အဲဒီလိပ်စာပေးလိုက်ပြီးနောက်မှာတော့ ကျွန်တော့်ရဲ့ဘလော့ရော Facebook မှာပါ တရားနာယူချင်သူတွေအတွက် အဲဒီလင့်ခ်ကို ပြန်ပြီး sharing လုပ်ထားပေးလိုက်တယ်။ ညပိုင်းမှာတော့ အောင်မြင်ချမ်းသာမြတ်စွာဘုရားကို ဆီမီးပူဇော်ပြီး ပဌာန်းတရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပါတယ်။
ကြာငါးမည် ကြိုင်သင်းလို့
လျှံဝင်းတဲ့ ပြောင်ထိန်။
ရွှေနန်းတောင်တော်ဦးမှာလ၊
ကွန့်မြူးမြင့်မိုရ်မီး၊
ညီးတဲ့ခါချိန်။
ရှိခိုးငယ်နှိမ်
သုံးကြိမ်ရိုပျောင်း၊
သက္ကစ္စဂါရ၀ါနှင့်၊
စဉ်အလာ ပူဇော်ပွဲကို
ခွဲကြပေတောင်း

--
ဖိုးသူတော်ဦးမင်း
ဒီကဗျာလေးကို ဖတ်မိတော့ မြန်မာပြည်မှာတုန်းက သီတင်းကျွတ်ကို ပိုပြီး သတိရသွားစေပါတယ်။ ကြာပန်း၊ ကြာဖူးတွေကိုလည်း မမြင်ရတာကြာပြီဖြစ်လို့ ငယ်ငယ်တုန်းက ဖြတ်သွားဖြတ်လာလုပ်ခဲ့ရတဲ့ မန္တလေး အောင်ပင်လယ်ကန်ဘက်က မြောင်းကြီးထဲက ကြာဖူး၊ ကြာငုံတွေကို ပြေးပြီး မြင်ယောာင်မိပါတယ်။ လပြည့်ညတွေမှာဆိုရင်လည်း လရောင်နဲ့ကြာရဲ့အလှ တကယ့်ကိုလိုက်ဖက်လှပါတယ်။ သီတင်းကျွတ်လရဲ့ ရာသီပန်းဟာလည်း ကြာမျိုးငါးပါး (ကြာဖြူ၊ ကြာနီ၊ ကြာညို၊ ကြာတံဆိပ် (ကြာပုဏ္ဍရိက်)၊ ကြာခေါင်းလောင်း (ကြာပဒုမ္မာ)) ဖြစ်ပါတယ်။ ငယ်ငယ်တုန်းက ကြာခွက်တွေကို ကိုယ်တိုင်ခူးပြီး စားခဲ့တာကိုလည်း အမှတ်ရနေပါသေးတယ်။

ရှေးမြန်မာဘုရင်များ လက်ထက်က သစ်ဝါးများကို မြင်းမိုရ်တောင်သဏ္ဍန် မြင့်မြင့်မားမား ဆောက်လုပ်ပြီး မီးထွန်းပွဲကို စည်ကားစွာ ကျင်းပခဲ့ကြပါတယ်။ ယခုခေတ်မှာတော့ မိမိတို့အိမ်ရှေ့ဝရန်တာမှာ ဆီမီးခွက်များ ထွန်းညှိပြီးဖြစ်စေ၊ မီးပုံးလေးများ ချိတ်ဆွဲပြီးဖြစ်စေ မြတ်စွာဘုရားကို ပူဇော်ကြသည့်အပြင် ဘုရားကျောင်းကန်တွေမှာ ဆီမီးတစ်ထောင်ပူဇော်ပွဲများနှင့် မီးပုံးပျံများကိုလွှတ်တင်ပြီး ကုသိုလ်ယူ ပူဇော်ကြပါတယ်။

ဖူးစာရေးနတ်ရဲ့ရုံး ပြန်ဖွင့်ပြီဖြစ်တဲ့အတွက် ၀ါတွင်းသုံးလ ကာလပတ်လုံး ထိန်းချုပ်ထားရတဲ့ သတို့သားလောင်း၊ သတို့သမီးလောင်းများလည်း မင်္ဂလာဆောင်အတွက် စတင်ပြီး အလုပ်ရှုပ်ကြပြီဖြစ်ပါတယ်။ လက်ထပ်ပွဲများ၊ မင်္ဂလာဆောင်များ၊ ၀မ်းမြောက်ခြင်း ဆုတောင်းများကို သတင်းစာ၊ ဂျာနယ်တွေမှာ မှိုလိုပေါက်အောင် တွေ့မြင်ရတော့မှာဖြစ်ပြီး အားမနာတမ်းလည်း လက်ဖွဲ့ပေးရတော့မှာဖြစ်ပါတယ် :P ထို့ကြောင့် သီတင်းကျွတ်လဟာ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောလ ဖြစ်ပါတယ်။

မိဘဘိုးဘွား နှင့် သက်ကြီးရွယ်အိုများ၊ ဆရာသမားများကိုလည်း သီတင်းကျွတ် အခါသမယမှာ ပူဇော်ကန်တော့ကြခြင်းဟာ ကျွန်တော်တို့ မြန်မာတွေရဲ့ ချစ်စရာဓလေ့တစ်ခုပါပဲ။ ငယ်ငယ်တုန်းကမိဘတွေကို ဦးသုံးကြိမ်အမြန်ချပြီး မုန့်ဖိုးတောင်းပြီး ဆိုးခဲ့တာကို အခုထိ မြင်ယောင်နေတုန်း။ အရွယ်ကြီးလာတဲ့အချိန်မှာတော့ မိဘနှင့် ဆရာသမားများ၏ သင်ကြားပေးမှုကြောင့် လေးလေးစားစားနဲ့ မင်္ဂလာယူ၊ ကုသိုလ်ယူပြီး ကန်တော့တတ်လာကို ပြန်တွေးမိတိုင်း မိဘနှင့် ဆရာသမားတွေကို ကျေးဇူးအကြိမ်ကြိမ်တင်နေမိတယ်။ အခုတော့ အဝေးကနေပဲ ရည်စူးပြီးကန်တော့နေမိတယ်။ နိုင်ငံရပ်ခြားမှာ လူကြီး၊ ဘုန်းကြီးကို မရိုသေ၊ ငယ်ရွယ်သူကို မလေးမစားဆက်ဆံတဲ့ လူတစ်ချို့ကိုလည်း စိတ်ပျက်ဖွယ်တွေ့မြင်ရပါတယ်။ အဲလိုလူတွေကို တွေ့မိတိုင်း ကျွန်တော့်ရဲ့ မိဘနှင့် ဆရာသမားတွေကို ကျေးဇူးတင်လို့မဆုံးဘူး။ ကျွန်တော့်ကို အဲလိုလူ မဖြစ်အောင် ဆုံးမခဲ့ပေးလို့။

ကျွန်တော်တို့ မန္တလေးရဲ့ သီတင်းကျွတ် အလှတရားကို ပြပါဆိုရင် မန္တလေးတောင်ကြီးကို ပထမဦးစွာ ပြရမှာပါပဲ။ ဘာလို့လဲဆိုတော့ ယခုလို သီတင်းကျွတ် လပြည့်နေ့မှာ ဆီမီးပူဇော်ပွဲတွေကို တောင်ပေါ်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပကြလို့ပါပဲ။ သီတင်းကျွတ်လပြည့် မီးပျက်ရင် မန္တလေးတောင်ကြီးဟာ ဆီမီးတွေ၊ မီးရှူးမီးပန်းတွေနဲ့ ပိုလို့တောင် ကြည့်လို့ကောင်းနေပါသေးတယ်။ ကျုံးဘေး ဆိုင်ကယ်နဲ့ လျောက်လည်ကြရင်း ဗျောက်တွေနဲ့ လက်ဆော့နေကြတဲ့ ကလေး၊ လူကြီးတွေကိုလည်း အလှူလို များပြားစွာ တွေ့မြင်ရမှာဖြစ်ပါတယ်။ မင်္ဂလာတံတား(ကျုံး၏တောင်ဘက်တံတား)နားမှာ ထိုင်ပြီး မီးရှူးမီးပန်းတွေကို ကြည့်ရတဲ့အရသာဟာလည်း မန္တလေးသီတင်းကျွတ်ရဲ့ အရသာတစ်မျိုးပဲဖြစ်ပါတယ်။

ပလ္လင်ဆေးမိုး ခေါ် မိုးကြီး ရွာချပြီးသည့်နောက် မိုးကုန်ပြီး ဆောင်းတွင်ကို ၀င်ရောက်စဖြစ်လာလို့ မန္တလေးရဲ့ အလှပဆုံးအချိန် (ဆောင်းရာသီ) ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာလည်း "သီတင်းကျွတ်ပြီလေ၊ သီတင်းကျွတ်ပြီလေ၊ သီတင်းကျွတ်ချိန်မှာလေ" ဟူသော ပျော်ရွင်တက်ကြွသည့် တေးသံများ ဝေေ၀စည်စည် ပေါ်ထွက်နေပါတော့တယ်။

My Label : Thadingyut, Mandalay Thadingyut, Myanmar Thatingyut, Lighting Festival, Thadingyut Festival

Comments

  1. မနှစ်က မန်းလေးတောင်ရဲ့ သီတင်းကျွတ်ညအလှကို ခံစားခွင့်ရတာကို သတိရတယ်။ ဒီနှစ်တော့ ချင်ပူမှာတင် ဥပုသ်ရတယ်ကွယ်...

    ReplyDelete
  2. သာဓုပါ :D

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။