Waterloo Bridge ရဲ့အောက်မှာ တည်ရှိပြီး စာအုပ်ကောင်းတွေရော အဟောင်းတွေရော ဈေးချိုချိုနဲ့ ၀ယ်လို့ရနိုင်တဲ့နေရာလေးတစ်ခုပါ။ စာအုပ်တွေအပြင် ပန်းချီကားတွေကိုလည်း ရောင်းချနေတာ တွေ့ရပါတယ်။ စာဖတ်ဝါသနာပါသူ၊ စာအုပ်စုဆောင်းသူတွေအတွက် အကြိုက်တွေ့စရာနေရာလေးတစ်ခုပါ။
ဒီစာအုပ်ဈေးလေးကို မြင်တော့ ကျွန်တော်တို့ ရွှေမန္တလေးရဲ့ ဈေးချိုညဈေးတန်းကိုလည်း သတိရမိတယ်။ ဈေးချိုညဈေးတန်းမှာလည်း စာအုပ်အဟောင်းတွေကို ဈေးပေါပေါနဲ့ ရှာဖွေဝယ်ယူလို့ရပါတယ်။ စာဖတ်ဝါသနာပါသူတွေအတွက် စာအုပ်တိုက်တွေ စာအုပ်ဆိုင်တွေမှာ စာအုပ်ရှာလို့မရတော့ရင် ဈေးချိုညဈေးတန်းကို ပြေးရပါတယ်။ အဲဒီမှာမှ မရရင်တော့ ရဖို့ရာ သိပ်ပြီး မသေချာလှတော့ပါ။
ကွန်ပျူတာသင်တန်းတက်တုန်းက သူငယ်ချင်းတွေနဲ့အတူ ညဘက် ဗိုက်ဆာရင် ဈေးချိုညဈေးတန်းဘက်ကို သွားပြီး မုန့်စားကြတယ်။ ညဈေးတန်းမှာ အကြိုက်ဆုံးကတော့ ၀က်သားဒုတ်ထိုး။ ဆိုင်နာမည်က ဦးလေးကြီး။ တစ်ခါတစ်ခါစားရင် အဆုံးမသတ်နိုင်ပဲ ဈာန်ဝင်သွားပြီး ရှစ်ရာ တစ်ထောင်ဖိုးလောက် ထိရောက်ရောက်သွားတယ်။ ရောက်လဲ ရောက်သင့်ပါတယ် ... အသီးမှာ သရက်၊ အသားမှာ ၀က် မဟုတ်လား။
နောက်တစ်ခုကျန်တာက အသားမှာ လက်ဖက်။ ဈေးချိုဘက်ရောက်လို့ လမ်းကြုံရင် သူငယ်ချင်းရဲ့ လက်ဖက်ပွဲရုံ(အောင်ချမ်းသာ)မှာ ၀င်ဝင်ကစ်သေးတယ်။ သူကလည်း တယ် သဘောကောင်းတဲ့ကောင်ကြီး။ ဘယ်လောက်တောင်သဘောကောင်းလဲဆိုရင် ဘီယာဆိုင်ထိုင်ရင်းနဲ့ အမြည်းကုန်သွားတော့ ထပ်မမှာခိုင်းဘဲ ဆိုင်ကယ် Tool Box ထဲမှာ ထည့်ထားတဲ့ လက်ဘက်ကို စေတနာဒလဟောနဲ့ ကျွေးတယ်။ တစ်ခါကများဆို ဘီယာသောက်တာလည်း များနေပြီ၊ ရေချိန်ကိုက်နေပြီဆိုပါတော့၊ အဲဒီချိန်မှာ မောင်မင်းကြီးသားရဲ့ လက်ဘက်နဲ့ မြည်းလိုက်တာ မူးနေတာတောင် ဘယ်ရောက်သွားမှန်းမသိလဲ ဘီယာအစား ရေချည်း လှိမ့်သောက်နေရပါတော့တယ်။ နောက်မှ လက်ဘက်ထုပ်က Label ကိုကြည့်လိုက်တော့ "ရှူးရှဲ"တဲ့။ နောက်နေ့မနက် အိပ်ယာနိုးလာတော့ ပန်းကမ္ဘာလေးထဲမှာ တ၀ဲလည်လည်ပေါ့ :P
London က စာအုပ်အဟောင်းဆိုင်လေးတစ်ခုအကြောင်း ပို့စ်နည်းနည်းရေးလိုက်တာ မဆိုင်တဲ့ မန္တလေးက အကြောင်းတွေပါ ရောက်ကုန်ပါလား။
အင်း ... ဒီလိုနဲ့ပဲ ပြည်ပမှာ မြင်တာတွေ့တာလေးတွေနဲ့ ကိုယ့်ပြည်တွင်းက ကိုယ်တွေ့အကြောင်းအရာလေးတွေ တိုက်ဆိုင်မိတိုင်း ကျွန်တော်တို့ ပြည်ပရောက် ရွှေမြန်မာများမှာ လွမ်းလွမ်းပြီး ဆွေးနေရပါတော့တယ် မဟုတ်လား။

Comments
Post a Comment
Thanks for your comment.