စာမေးပွဲတော့ ပြီးသွားပြီ။ အောင်စာရင်းထွက်မှပဲ ဘယ်လိုကြိုးစားခဲ့လဲဆိုတာ ကြည့်ရတော့မှာပဲ။ ဘာပဲပြောပြော စိတ်ထဲမှာတော့ တော်တော်လေးပေါ့သွားတယ်။
စာမေးပွဲအပြီး ပွဲကြည့်ရင်းစိတ်အပန်းလည်းဖြေ၊ မတွေ့တာကြာပြီဖြစ်သည့် မိတ်ဆွေတွေနှင့်လည်းတွေ့ဆံဖို့ရာ Nargis ဒုက္ခသည်များရန်ပုံငွေအတွက် ကျင်းပသည့် ယဉ်ကျေးမှု့ကပွဲရှိရာ Greenford Townhall သို့ ကျွန်တော်ရောက်ရှိခဲ့ပါတယ်။
ပြပွဲစမည့်အချိန်မှာ နေ့လည် ၄နာရီခွဲဖြစ်သော်လည်း လိုအပ်သည်များ ၀ိုင်းဝန်းကူညီဖို့ရာ နေ့လည် ၂နာရီခွဲခန့်ကစပြီး ရောက်ရှိနေခဲ့ပါတယ်။ ပွဲအတွက် လိုအပ်သည်များကို ပြင်ဆင်ရင်း ၄နာရီခွဲကျော်ကျော်လောက် ရောက်တဲ့အခါမှာတော့ မြန်မာ့ယဉ်ကျေးမှု့ကပွဲလေးကို စတင်ကျင်းပခဲ့ပါတော့တယ်။

ဘုန်းဘုန်းဦးဥတ္တရမှ မြန်မာ့ယဉ်ကျေးမှုကပွဲကျင်းပရသည့် ရည်ရွယ်ချက်နှင့် ရန်ပုံငွေရှာဖွေမှု့အကြောင်းတို့ကို အမိန့်မှာစကား မိန့်ကြားပါတယ်။ ထို့နောက်မှာတော့ မြန်မာ့ယဉ်ကျေးမှုကို နိုင်ငံခြားရောက် မြန်မာများထိန်းသိမ်းစောင့်ရှောက်သင့်ပုံ၊ အမျိုးဘာသာ သာသာနာကို ချစ်ခင် စောင့်ရှောက်သင့်ကြောင်းတို့ကို သတိပေးစကားတို့နှင့်တကွ မိန့်ကြားတော် မူပါတယ်။
လူငယ်အများစုဟာ သူများဂီတ(အနောက်တိုင်းဂီတ)ကို မြိန်ရည်ယှက်ရည် စားသုံးနေကြတယ်။ မိမိရဲ့ကိုယ်ပိုင် ယဉ်ကျေးမှုကို စားသုံးဖို့နေနေသာသာ၊ ယဉ်ကျေးမှုပွဲတွေမှာ လူငယ်ပရိသတ်လာအားပေးတာ မတွေ့ရသလောက်ပဲ။မြန်မာ့ယဉ်ကျေးမှု့အနုပညာကို မြန်မာတိုင်း ကြိုက်တတ်ဖို့မလိုပေမယ့်၊ ကိုယ့်ယဉ်ကျေးမှု့ ကိုယ့်ဘာသာတရားကို ချစ်တတ်ဖို့လိုပါတယ်။ဆရာတော် ဦးဥတ္တရ
ကျွန်တော်အဝေးကနေပြီး လာရောက် ကူညီဖျော်ဖြေပေးတာပါ။ ဒီပွဲလေးကို လာတဲ့သူတိုင်းဟာ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတဲ့သူတွေလည်း ဖြစ်သလို၊ နာဂစ်ဒုက္ခသည်တွေအတွက် မေတ္တာ၊ စေတနာထားပြီး ကူညီနေကြတဲ့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေဖြစ်တယ်ဆိုတာ မုချယုံကြည်ပါတယ်။ အဲဒီတော့ လှူပါ၊ တစ်ပြားပဲ ဖြစ်ဖြစ်၊ တစ်ပဲပဲဖြစ်ဖြစ်၊ ကိုယ်တတ်နိုင်သလောက် လှူဒါန်းကြပါလို့ မေတ္တာရပ်ခံပါတယ်။အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်၏ သားကြီး၊ ရွှေမန်းချမ်းသာ၏ အစ်ကို ရွှေမန်းဝင်းမောင် ပြောသွားတဲ့ စကားလေးတွေပါ။ ရွှေမန်းဝင်းမောင်ဟာ အမေရိကန်ပြည်ထောင်စုကို ၈၈ ခုနှစ်မှာရောက်ရှိသွားပြီး အခုလက်ရှိမှာတော့ Lotus Music and Dance မှာ Instructor အဖြစ် လုပ်ကိုင်လျှက်ရှိပါတယ်။ ညီအစ်ကိုနှစ်ယောက် ဒီပွဲမှာ ပြန်ဆုံကြတဲ့အတွက် ၀မ်းသာပျော်ရွှင်ပြီး မမောနိုင်မပန်းနိုင် ကြိုးစားတင်ဆက်ပေးသွားတာကို တွေ့ရပါတယ်။
အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်၏ သား၊ ရွှေမန်းဝင်းမောင်၏ညီ မန္တလေးမြို့ဂုဏ်ဆောင် တစ်ဦးလည်းဖြစ်တဲ့ ရွှေမန်းချမ်းသာပါ။ သူလည်း မြန်မာ့ယဉ်ကျေးမှု အနုပညာကို ပြည်တွင်းမှာသာမက ပြည်ပမှာပါ ပြန့်ပွားတိုးတက်အောင် လုပ်ဆောင်နေသူဆိုတာ ငြင်းဖွယ်ရာ မရှိပါဘူး။ ပြည်ပမှာ ဖျော်ဖြေဖို့အတွက် ဆရာတော် ဦးဥတ္တရကဲ့သို့သော ဦးဆောင်ဦးရွက်ပြုပြီး ဆောင်ရွက်မည့် ပုဂ္ဂိုလ်များစွာ ပေါ်ထွက်လာဖို့လည်း မျှော်လင့်မိပါတယ်။
နှစ်ပါးသွားမှာ ရွှေညီအစ်ကိုနှစ်ဦး ချစ်ချစ်ခင်ခင်ပေါ့။ လွမ်းတဲ့စိတ်၊ မျိုးချစ်တဲ့စိတ်တွေဟာ သူတို့ သွေးတွေထဲမှာ ပွက်ပွက်ဆူနေတယ်။ ရွှေတံဆိပ်ဆုရှင် ဒါလီလင်းနှင့် ရွှေမန်းသဘင်မှ ရွှေတံဆိပ်ဆုရှင် ရွှေကြိုးကြာနှင့် သွန်းအိနြေ္ဒတို့ကလည်း နှစ်ပါးသွားကကွက်တွေမှာ မြိုင်ဆိုင်သွားအောင် ပီပြင်စွာ ကပြခဲ့ကြပါတယ်။
နှစ်ပါးသွားဆိုတာကို ငယ်ငယ်ကတည်းက တီဗွီမှာပဲ ကြည့်ဖူးခဲ့တဲ့ကျွန်တော် ... အခုလို ကိုယ့်ရှေ့မှောက်မှာ ကပြတာကို ကြည့်ရတဲ့အခါမှာတော့ ... မေမေတို့ ဖေဖေတို့ လူကြီးတွေ ဘာ့ကြောင့် နှစ်ပါးသွားကို နှစ်သက်ကြသလဲဆိုတာ ကိုယ်တိုင် သဘောပေါက် ခံစားလာရတယ်။

ပြပွဲအပြီးမှာတော့ ယူကေနိုင်ငံရောက် ၀ါသနာရှင် အစ်မများ၊ အန်တီများ၊ အမေများနှင့်အတူပေါ့
ကပွဲလေးနဲ့ ပက်သက်ပြီး ရရှိခဲ့တဲ့ ဗဟုသုတတွေ၊ တွေးခေါ်မှုတွေကတော့ ကျွန်တော့်စိတ်ထဲမှာအံ့မခန်းပါပဲ။ ပထမဆုံးအကြိမ် မြန်မာ့ယဉ်ကျေးမှုနှင့် ပက်သက်ပြီးခံစားရတဲ့ ခံစားမှုမျိုးပါ။
သေချာတာ တစ်ခုကတော့ ကျွန်တော်မြန်မာ့ယဉ်ကျေးမှုဆိုတာကို အရင်ကထက် ပိုပြီး ခံစားတတ်လာတယ်။ ချစ်တတ်လာတယ်။ မြတ်နိုးတတ်လာတယ်။ အဲဒီနောက်မှာတော့ ထိန်းသိမ်းစောင့်ရှောက်တတ်တဲ့သူတစ်ဦးပါဖြစ်လာအောင် ကြိုးစားရဦးမှာပေါ့ဗျာ။

Comments
Post a Comment
Thanks for your comment.