Skip to main content

ရဲဘက်စခန်းမှ လွတ်မြောက်လာသော ရွှေဝါရောင် သံဃာတော်တပါး၏ ရင်ဖွင့်ချက်

ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ ဆိုးရွားလှသည့် လင်တန် ရဲဘက် အကျဉ်းစခန်းတွင် ၃ လခွဲနီးပါး အလုပ်ကြမ်းနှင့် နှိပ်စက် ညှဉ်းပမ်းမှုများ ခံရပြီးနောက် ပြီးခဲ့သည့်လ ၁၈ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောသို့ ဦးဇင်း ဦးပညာသီရိ (ရန်ကုန်ကျောင်းတိုက်၊ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်) ထွက်ပြေး လွတ်မြောက်လာခဲ့သည်။

ဦးဇင်းသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက သံဃာတော်များ ရှေ့ဆောင်ဦးရွက်ပြုသည့် ရွှေဝါရောင် လှုပ်ရှားမှုကြီးတွင် ဦးဆောင်ပါဝင်ခဲ့ပြီး အောက်တိုဘာလ ၁၈ ရက်နေ့တွင် အာဏာပိုင်များက မုံရွာမြို့တွင် ဖမ်းဆီးနှိပ်စက်ကာ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်။ မုံရွာထောင်တွင် ၇ လခန့် အကျဉ်းချထားပြီးနောက် ၂ဝဝ၈ ခုနှစ် မေလနှောင်းပိုင်းတွင် ကလေးထောင်မှတဆင့် ချင်းပြည်နယ်ရှိ ရဲဘက် အလုပ်ကြမ်း စခန်းသို့ ပို့ဆောင်ခံခဲ့ရသည်။

ရဲဘက်စခန်းအတွင်း လူမဆန်စွာ ညှဉ်းပမ်း နှိပ်စက်မှုများနှင့် ထွက်ပြေး လွတ်မြောက်လာပုံကို သိရှိနိုင်ရန်အတွက် မဇ္ဈိမသတင်းဌာနက တွေ့ဆုံလျှောက်ထား မေးမြန်းချက်များကို တင်ပြလိုက်ပါသည်။

မေး။ ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဇင်းက ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါသလဲ ဘုရား။

ဖြေ။ ဦးဇင်းအနေနဲ့ ရွှေဝါရောင် တော်လှန်ရေးမှာ သံဃာ့တပ်ပေါင်းစု ဦးဆောင်ဆရာတော် ဦးသြဘာသနဲ့ လက်တွဲပြီးတော့ လုပ်ခဲ့တယ်။

မေး။ ဘယ်လို အဖမ်းခံခဲ့ရလဲ ဘုရား။

ဖြေ။ ရွှေဝါရောင် တော်လှန်ရေးအပြီးမှာ၊ သံဃာ့တပ်ပေါင်းစုက ကိုယ်တော်တွေကို စစ်အစိုးရက ဖမ်းဝရမ်းထုတ်တဲ့ အချိန်မှာ ဦးဆောင် ဆရာတော်တွေဟာ ရှောင်တိမ်းနေရတယ်။ ဦးဇင်းလည်း အပါအဝင်ပေါ့။ အဲဒီလို ရှောင်တိမ်းချိန်မှာ ဦးဇင်းကျောင်းကို စရဖ (စစ်ဘက်လုံခြုံရေးတပ်)၊ ကြံ့ခိုင်ရေး၊ ရဲတို့က ၃ ကြိမ်လောက် လာရောက် စီးနှင်း ရှာဖွေခဲ့တယ်။ ကံကောင်း ထောက်မစွာဖြင့် ဦးဇင်းက အပြင်ကို ရောက်နေခဲ့တယ်။ ဒီသတင်းတွေကြားတော့ ဦးဇင်းလည်း မုံရွာမြို့ကို ရှောင်တိမ်းခဲ့ပါတယ်။

ဖမ်းတဲ့ အချိန်က အောက်တိုဘာက ၁၈ ရက်နေ့၊ ည ၇ နာရီလောက် ရှိမယ် ထင်ပါတယ်။ အဲဒီအချိန်မှာ မုံရွာမြို့က soft link internet café မှာ အင်တာနက် အသုံးပြုနေတုန်း အဲဒီမှာ ဆိုင်ပိုင်ရှင်က ဖုန်းဆက်ပြောပုံ ရတယ်။ ခဏနေတော့ ပြန်အထွက်မှာ ရဲတွေရောက်လာပြီး ဖမ်းဆီးခံလိုက်ရတာ။

မေး။ ဖမ်းတုန်းက ဘယ်သူတွေ ပါသလဲ ဘုရား။ ပြီးတော့ ဘယ်ကို ခေါ်ဆောင်သွားလဲ။

ဖြေ။ လုံထိန်းရဲတွေ ပါတယ်၊ စစ်သားတွေ ပါတယ်။ အစိတ် (၂၅ ယောက်) – ၃ဝ လောက်ရှိမယ် ထင်တယ်။ သူတို့က ဦးဇင်းကို မေးစရာရှိလို့ ဆိုပြီးတော့ စခန်းကို ခဏလောက် လိုက်ခဲ့ပါလို့ ပြောတယ်။ ဦးဇင်းက ‘မေးစရာရှိရင် ဒီနားမှာ မေးပါ၊ ဘာမေးစရာ ရှိလို့လဲ’ ဆိုတော့ ‘စခန်းရောက်မှ ဖြေပါ။ စခန်းကျမှ မေးပါလိမ့်မယ်’ ဆိုပြီးတော့ မုံရွာမြို့ အမှတ် ၁ ရဲစခန်းကို ခေါ်သွားတယ်။

မေး။ စစ်ဆေးတာကရော ဘယ်လိုလဲ ဘုရား။

ဖြေ။ ဦးဇင်းဖြေတဲ့ အဖြေက သူတို့ စိတ်တိုင်းကျ မဟုတ်ဘူး။ သူတို့ လိုချင်တဲ့ အဖြေမဟုတ်ဘူးဆိုတော့ အဆိုးဆုံးက စရဖ အရာရှိ ကိုကိုအောင်ရယ်၊ ဦးစန်းဝင်းရယ်က ဦးဇင်း ရင်ဘတ်ကို စစ်ဖိနပ်နဲ့ ဆောင့်ကန်တယ်။ မျက်နှာကို စစ်ဖိနပ်နဲ့ ပေါက်တယ်။ နောက်ပြန် လက်ထိပ် ခတ်ထားတယ်။ မေးခွန်းတခု မေးတိုင်း ဦးဇင်းကို နားရင်းပါးရင်း ရိုက်တယ်၊ လက်သီးနဲ့ ထိုးတယ်။ ဦးဇင်းလည်း မေ့မြောသွားအောင် ခံစားရတယ်။ နောက်က ပြစ်ရိုက်တာ ရှေ့စားပွဲပေါ် မှောက်သွားတာပဲ။ နောက်ဆုံးတော့ ဦးဇင်းလည်း လုံးဝ မခံနိုင်တော့ဘူး။ ဦးဇင်းရဲ့ လက်အကြောတွေ၊ လက်တွေကို ချိုးတာပေါ့။ ကျဉ်ကြောတွေ နှိပ်တယ်။

နံကြားတွေကို ထောက်ပြီးတော့ မ’တာတွေ ရှိတယ်။ နားရင်းတွေကို ရိုက်တယ်။ နားရွက်တွေကို ဆောင့်ဆွဲတယ်။ နည်းမျိုးစုံနဲ့ စစ်ဆေးတယ်။ ခြေထောက်တွေကို တက်ကျိတ်တာက ဦးဇင်း ထောင်ကျတဲ့ အချိန်ထိ လမ်းကို ကောင်းကောင်း မလျှောက်နိုင်ဘူး။ ခြေသန်းတွေမှာ သွေးခြေဥနေတယ်။ ဦးဇင်း လုံးဝ မခံနိုင်တော့တဲ့အတွက် ဘာလုပ်လဲဆိုတော့ ဒီဝေဒနာတွေ မေ့သွားတာ ကောင်းတယ်ဆိုပြီးတော့ ဦးဇင်းရှေ့က ရှေ့မှာ ရှိတဲ့ စားပွဲကို ခေါင်းနဲ့ ပစ်ဆောင့်လိုက်တယ်။ ဘေးမှာရှိတဲ့ ရဲစခန်းမှူး ဦးအောင်ဝင်းက အတင်း ဦးဇင်းကို ဖက်ပြီးတော့ ‘ဦးဇင်း … အဲဒီလို မလုပ်ပါနဲ့။ တပည့်တော်တို့က တာဝန်အရ လုပ်ရတာပါ။ အထက်က ညွှန်ကြားချက်အရ လုပ်ရတာပါ’ လို့ ပြောတယ်။

ဦးဇင်းက အဲဒီဟာမျိုး လုပ်လိုက်တော့ တဖြေးဖြေးနဲ့ လက်လျှော့ သွားတယ်။ ဒါပေမဲ့ အောက်တိုဘာလ ၁၈ ရက်ကနေ ၂၄ ရက်နေ့အထိက နေ့ရော၊ ညပါ စစ်ဆေးတယ်။ ရေတောင် သောက်ခွင့်မပေးဘူး။ သူတို့အထက်က လူကြီးတွေ လာတဲ့အခါမှာ ခေါ်ပြီးတော့ စစ်ဆေးတယ်။ လူကြီးတယောက် လာလို့ရှိရင် တခြားအခန်းကို ပြောင်းပြီး စစ်ဆေးတယ်။ ‘လုံးဝ အဖြေမှန်မပေါ်ရင် အဖြေမှန်ပေါ်အောင်သာ စစ်ကွာ’ ဆိုပြီးတော့ အမိန့်ပေးတယ်။ နောက်ပိုင်းကျတော့ ဦးဇင်းကို ဘယ်လောက်ထိ ခြိမ်းခြောက်လဲဆိုတော့ ‘ဦးဇင်းရဲ့ ခန္ဓာကိုယ်တွေပေါ်မှာ ဖယောင်းတိုင် ထွန်းပြီးတော့ စစ်ဆေးမယ်’ ဆိုတာမျိုးထိ ပြောလာတယ်။

သူတို့ ဘာတွေ ထပ်မေးလဲဆိုတော့ ‘၈၈ ကျောင်းသားအုပ်စုကို သိလား၊ သူတို့နဲ့ အဆက်အသွယ်ရလား၊ NLD ပါတီက ဘယ်သူတွေနဲ့ အဆက်အသွယ်ရှိလဲ၊ ဘယ်သူတွေ သိလဲ’ ဆိုတော့ ဦးဇင်းက ‘ဘယ်သူတွေနဲ့မှ မသိပါဘူး။ အဆက်အသွယ်လည်း မရှိပါဘူး’ ဆိုပြီး ဖြေလိုက်တယ်။ ‘ငါတို့က အချက်အလက်တွေ ရပြီးသား။ မင်း ဗကသ လား။ ဗကပ လား’ ဆိုပြီးတော့ မေးတယ်၊ စွပ်စွဲတယ်။

ပိုဆိုးတာက ဦးဇင်းရဲ့ ပိုက်ဆံအိတ်ထဲမှာ အမေရိကန် စင်တာမှာ စာကြည့်တိုက် ကပ်ပြားလေး ပါတော့ သူတို့က ဘာမေးလဲဆိုတော့ ‘အမေရိကန် စင်တာမှာ နိုင်ငံရေးသင်တန်းတွေ တက်တာ မဟုတ်ဘူးလား။ အဲဒီမှာ နိုင်ငံရေး သင်တန်းတွေ ပို့ချနေတယ်၊ ဘာတွေ ပို့ချနေလဲ။ မပြောလို့ရှိရင် ဒီထက် ကြမ်းတမ်းတဲ့ စစ်ဆေးနည်းတွေနဲ့ စစ်ဆေးမယ်’ တဲ့။

‘အခုချိန်မှာ မင်းဟာ ငါတို့ လက်ခုပ်ထဲမှာ ရောက်နေတယ်။ ငါတို့ လုပ်ချင်သလို လုပ်လို့ရတယ်။ အဖြေမှန်ပေါ်အောင် မပြောလို့ရှိရင်၊ အဖြစ်မှန်ကို မပြောဘူးဆိုရင် ငါတို့ ရာထူးပြုတ်ရင် ပြုတ်သွား ပလေ့စေ၊ ဒဏ်ရာ အနာတရ မရှိဘဲနဲ့ သတ်တဲ့ နည်းတွေ အများကြီး ရှိတယ်’ လို့ ခြိမ်းခြောက် စစ်ဆေးတယ်။

‘နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ တရားမဝင် အသင်းအဖွဲ့ ဖွဲ့စည်းမှု၊ အစိုးရကို အကြည်အညို ပျက်စေတဲ့ ရေးသားမှု၊ တရားမဝင် ငွေကြေးကိုင်ဆောင်မှု – ပုဒ်မတွေ အများကြီး တပ်တယ်။ နောက်ဆုံးမှာ ဒီကောင်တွေက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုတာ ပြချင်တာနဲ့ နိုင်ငံခြားငွေ ကိုင်ဆောင်မှု ပုဒ်မနဲ့ ထောင်ဒဏ် ၃ နှစ် ချလိုက်တယ်။ ပြီးတော့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ဦးဇင်းကို မုံရွာထောင်ကို ပို့လိုက်တယ်။

မေး။ မုံရွာထောင်တွင်း အခြေအနေကို ပြောပြပေးပါလား ဘုရား။

ဖြေ။ မုံရွာ ထောင်ထဲတုန်းက ဦးဇင်း နောက်ကို အင်ဖော်မာ (သတင်းပေး) တွေ ထည့်ပေးထားတယ်။ ဦးဇင်းက လူတယောက်ကို စကားပြောမယ်ဆိုရင် နောက်ကနေ နားထောင်တာတို့၊ စောင့်ကြည့်တာတို့၊ အဲဒါတွေ လုပ်တယ်။ လူတယောက်နဲ့ စကားပြောပြီးတိုင်း ဦးဇင်းကို ရုံးကို ခေါ်ပြီးတော့မှ ‘သူ့ကို ဘာတွေ ပြောသလဲ၊ ဦးဇင်းနောက်မှာ တပည့်တော်လူတွေ ရှိတယ်၊ မဟုတ်တာတွေ မလုပ်ပါနဲ့၊ ဦးဇင်းကို သိက္ခာချမယ်’ လို့ ပြောတယ်။

မုံရွာထောင်ထဲ ရောက်တော့ စရဖ အရာရှိ ဦးစန်းဝင်းနဲ့ အက်စ်ဘီ ၂ ယောက်ရယ် မုံရွာမြို့ ရွှေကူကျောင်းတိုက်က သံဃနာယကဆရာတော် ဦးဇောတိကတို့ လာပြီးတော့မှ သိက္ခာ ချခိုင်းပါတယ်။ ဦးဇင်းကို သိက္ခာချခိုင်းတာ အနည်းဆုံး ၃-၄ ကြိမ်လောက် ရှိတယ်။

“မင်းရဲ့ သာသနာဝင် ကဒ်ပြားကို သိမ်းလိုက်ပြီ ဖြစ်တဲ့အတွက် ထောင်ကနေ လွတ်လာလို့ရှိရင်လည်း ဘုန်းကြီးဝတ်လို့ မရဘူး။ အခုလိုအချိန်မှာ သိက္ခာချမယ်ဆိုရင် နောက်ပြန်ဝတ်ချင်ရင် ဝတ်ခွင့်ပေးမယ်” လို့ ဦးဇောတိက က ပြောသေးတယ်။

ဒုထောင်မှူးကလည်း မကြာခဏ ခေါ်ခေါ်ပြီးတော့မှ သိက္ခာချခိုင်းတာတွေ ရှိတယ်။ ဝိနည်းနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ၊ နောက် သံဃတပ်ပေါင်းစုနဲ့ ဆက်နွယ်တဲ့ မေးခွန်းတွေ၊ ရွှေဝါရောင် သံဃတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေအကြောင်း မေးပါတယ်။ နောက်ပိုင်းမှ မေးတဲ့ ဒုထောင်မှူးဆိုသူဟာ စရဖ အရာရှိ ဦးစန်းဝင်းရဲ့ လူဆိုတာ သိလာတယ်။

မေး။ မုံရွာထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေ၊ သံဃာတော်တွေ ဘယ်လောက်ရှိလဲ ဘုရား။

ဖြေ။ မုံရွာထောင်ထဲမှာ အများကြီးပဲ ဒကာကြီး။ အရပ်ဘက် အကျဉ်းသားတွေ ရှိတယ်။ ဘုန်းကြီးတွေ ၆ ပါးလောက် ရှိတယ်။ နိုင်ငံရေး အကျဉ်းသား ၁ဝ ယောက်လောက် ရှိမယ်။ သတိထားမိတာက မြစ်ကြီးနားဘက်က ဦးစောထွန်း ဆိုတဲ့ နိုင်ငံရေးသမားကြီး ရှိတယ်။ သူက တိုက်ပိတ် ခံထားရတယ်။

မေး။ ထောင်ထဲမှာရော ဦးဇင်းကို နှိပ်စက်ညှဉ်းပမ်းတာတွေ ရှိလား။

ဖြေ။ ဦးဇင်းကို နှိပ်စက်ညှဉ်းပမ်းတာတော့ ရှိတာပေါ့။ ရောက်သွားပြီး မကြာမီ ဆရာတော် ဦးဂမ္ဘီရတို့ အဖမ်းခံရတဲ့အတွက် ဦးဇင်းကို လာစစ်ဆေးတယ်။ ‘သံဃတပ်ပေါင်းစုက ဆရာတော်တွေ ဘယ်မှာ ရှိသလဲ။ ဦးသြဘာသတို့ ဘယ်မှာ နေသလဲ၊ ရွှေဝါရောင်မှာ ပါဝင်ခဲ့တဲ့ ဆရာတော်တွေထဲက ဘယ်ဘုန်းကြီးတွေ သိသလဲ’ ဆိုတာတွေ မေးတယ်။ ‘မသိပါဘူး။ ပါလည်း မပါခဲ့ပါဘူး’ လို့ ဖြေလိုက်တယ်။ ဖြေပေမယ့် သူတို့က လုံးဝ လက်မခံဘူး။

မေး။ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ပြစ်ဒဏ်ချပြီးနောက် ဘယ်တွေကို ထောင်ပြောင်းရွှေ့တာတွေ ရှိသေးလဲ ဘုရား။

ဖြေ။ ဦးဇင်းကို ၂၁ ရက်၊ မေလမှာ ကလေးထောင်ကို ပို့တယ်။ ကလေးထောင်မှာ တပတ်လောက်နေပြီး မေလကုန်ပိုင်းလောက်မှာ ချင်းပြည်နယ် တီးတိန်မြို့နယ် လင်တန် ရဲဘက်စခန်းကို ပို့လိုက်ပါတယ်။

မေး။ ကလေးမြို့ ထောင်မှာရော စစ်ဆေး မေးမြန်းတာတွေ ရှိသေးလား။

ဖြေ။ ကလေးထောင်ထဲမှာတော့ စစ်ဆေး မေးမြန်းတာတွေတော့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာ ရဲဘက်ပို့ဖို့ သံခြေကျင်းတွေ ခတ်ထားပြီလေ။ မုံရွာကနေ ပို့လိုက်တဲ့ အကျဉ်းသား ၁ဝဝ ရှိတယ်။ အားလုံးကို သံခြေကျင်းတွေ ခတ်ထားတယ်။ တချို့ ရဲဘက်ပြေးတွေ ပါတယ်။ စစ်ပေါ်တာတွေ ပါတယ်။ အသက်လုပြီး ပြေးခဲ့တဲ့ သူတွေကို သံခြေကျင်း နှစ်ခု ခတ်ထားတယ်။ မုံရွာထောင်ကနေ ကလေးထောင်ထိ သွားရတဲ့ဟာက သံခြေကျင်းတွေနဲ့ နှစ်ယောက် တတွဲ သွားရတယ်။

မေး။ ရဲဘက်စခန်းကို ဘယ်လိုပို့လဲ ဘုရား။ ဘာအလုပ်တွေ လုပ်ရလဲ။

ဖြေ။ မေလကုန်လောက် ရောက်တဲ့အချိန်ကစပြီး သံခြေကျင်းတွေ ခတ်ပြီးတော့ ဦးဇင်းတို့ကို အလုပ်ကြမ်းခိုင်းပါတယ်။ ထင်းတုံးကြီးတွေ ထမ်းရတယ်။ ချင်းပြည်နယ်ဆိုတာ သိတဲ့အတိုင်းပဲ၊ တောင်တန်းကြီးတွေ။ ချောက်ထဲကနေ တောင်ကုန်းပေါ်ထိ ထမ်းတင်ရတယ်။ အဲဒီတိုင်တွေကို တနင်္ဂနွေနေ့ရက်တွေမှာလည်း ထမ်းတင်ရတယ်။ နားရက်မရှိဘူး။ ထမ်းတင်ရတဲ့ အခါမှာလည်း ရှေ့ကလူကို နောက်ကလူက မှီအောင် လိုက်ရတယ်။ မမှီတဲ့ လူတွေကို တပ်ခွဲမှူး၊ တပ်စုမှူးတွေက နောက်ကနေ တအုံးအုံး တဘုံးဘုံးနဲ့ ရိုက်တယ်။ ထင်းတုံးကို မနိုင်လို့ လဲသွားတဲ့သူတွေကို ခြေတောက်နဲ့ ပိတ်ကန်တယ်။ ရင်ဝကို ဆောင့်ကန်တယ်။ နှိပ်စက်တာတွေ ခံခဲ့ရပါတယ်။

မေး။ ရဲဘက်စခန်းမှာ အလုပ်ကြမ်းတွေ လုပ်နေရင်း ဦးဇင်းရဲ့ ကျန်းမာရေး အခြေအနေက ဘယ်လိုရှိခဲ့လဲဘုရား။

ဖြေ။ စားရတဲ့ အစားအစာကလည်း ပုံစံနဲ့ စားရပါတယ်။ ရဲဘက်စခန်းမှာ နာမည်ကြီးတဲ့ ဒံပေါက်ထမင်းပေါ့။ ထမင်းတွေထဲမှာ ကျောက်ခဲတွေ ပါတယ်၊ စပါးလုံးတွေ ပါတယ်။ တခါတရံမှာ ကြွက်ချေးတွေကလည်း ပါတယ်။ အဲဒီလို နီရဲနေတဲ့ ထမင်းတောင်မှ အဝ မစားရဘူး။ အကျဉ်းသားတွေက ဒီလောက် ပင်ပင်ပန်းပန်း လုပ်ရပြီး ထမင်းကို ဝအောင်မစားရဘူး ဆိုတော့၊ အဲဒီ ရဲဘက်စခန်းကို ရောက်ပြီး နှစ်ပတ် သုံးပတ်လောက်လည်းကျရော လူတွေက မျက်တွင်းတွေ ချောင်ကျသွားတယ်။ ဖြူဖတ်ဖြူရော် ဖြစ်သွားတယ်။ တချို့ဆိုရင် ဖျားတယ်။ တချို့ဆိုရင် သံခြေကျင်းရဲ့ ဒဏ်ကြောင့် ခြေထောက်တွေမှာ အနာတွေ ပေါက်လာတယ်။ သွေးစုနာတွေ ပေါက်လာတယ်။ ဦးဇင်းကိုယ်တိုင်လည်း သွေးစုနာ ၃-၄ ကြိမ်လောက် ပေါက်ဖူးပါတယ်။ အဲလို အစားဆင်းရဲတဲ့ဒဏ် အလုပ်ကြမ်းလုပ်ရတဲ့ ဒဏ်တွေကြောင့် မြစ်ကြီးနားက ကိုယ်တော်တပါးဆို ဒဏ်မခံနိုင်လို့ ဝါဆိုလပြည့်နေ့က ပျံလွန်တော်မူသွားရှာတယ်။

မေး။ ရဲဘက်စခန်းမှာ အလုပ်လုပ်လို့ လုပ်အားခရော ရတာမျိုးရှိလား ဘုရား။

ဖြေ။ ရဲဘက်စခန်းမှာ အကျဉ်းသားတဦးက အနည်းဆုံး တနေ့ကို အာဏာပိုင်တွေအတွက် တရက်ကို ၂ဝဝဝ သွင်းရတယ်။ ထောင်အလုပ်မရှိရင် အပြင်က ဝင်ငွေရတဲ့ အလုပ်တွေကို လိုက်လုပ်ရတယ်။ ၂ဝဝဝ ထက်ကျော်ရင်တော့ ထောင်သားတွေအတွက် စားစရာတွေ ဝယ်လို့ရတာပေါ့။

မေး။ ဘာကြောင့်မို့ အိန္ဒိယဘက်ကို ထွက်ပြေးခဲ့တာလဲဘုရား။

ဖြေ။ ဦးဇင်း ရောက်နေတဲ့ လင်တန် ရဲဘက်စခန်းကို အက်စ်ဘီ ၂ ယောက် ရောက်လာပြီး စစ်ဆေးပြန်တယ်။ ‘သံဃတပ်ပေါင်းစုမှာ ဦးဆောင်တဲ့သူတွေ သိလား’ ဆိုပြီး စက်တင်ဘာလ ၁၅ ရက်နေ့ မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ ဆက်တိုက်မေးတယ်။ အဲဒီနေ့မှာ ဆွမ်းမစားရဘူး။ မဖြေနိုင်ရင် ထိုးတာကြိတ်တာ လုပ်တယ်။ ဦးဇင်းကို ‘သံဃတပ်ပေါင်းစုမှာ ပါတယ် မဟုတ်လား။ သံဃတပ်ပေါင်းစုက ဆရာတော်တွေ ဘယ်မှာ ရောက်နေလဲ’ ဆိုတာတွေ မေးတယ်။ ဒီလူတွေက ကလေးထောင်ကို ပြန်ပို့ပြီး ပုဒ်မ အသစ်တိုးပြီးတော့ ထောင်ကိုထပ်ပို့မှာ သိလိုက်ရတဲ့အတွက် ဒီည ထွက်မပြေးလို့ မဖြစ်တော့ဘူးလို့ တွေးပြီး ထွက်ပြေးခဲ့တယ်။

မေး။ တီးတိန်မြို့ လင်တန် ရဲဘက်စခန်းကနေ ဘယ်လိုမျိုး ထွက်ပြေးလာခဲ့လဲ ဘုရား။

ဖြေ။ အဲဒီ အလုပ်ကြမ်းစခန်းကို ပထမ တထပ်က ၁ဝ ပေလောက်ရှိတဲ့ သစ်တုံးကြီးတွေကို သံဆူးကြိုးတွေပတ်ပြီး ကာထားတယ်။ အဲဒီသစ်တိုင်ကြီးတွေကို ဖက်ပြီးတော့ ကျော်တက်ခဲ့ရတယ်။ ဟာ … သံဆူးကြိုးတွေက လက်တွေခြေထောက်တွေကို စူးလိုက်တာလည်း မပြောပါနဲ့တော့။ ဒါပေမဲ့ ဒီဒဏ်ရာတွေကို ဂရုမစိုက်အားဘဲ အမြင့်ပေ ၁၅ ပေလောက်ရှိတဲ့ ဒုတိယသံဆူးကြိုးကို ကျော်ဖို့ ကြိုးစားရပြန်တယ်။ လက်တွေမှာလည်း သွေးအလိမ်းလိမ်းပေါ့။ ဟား ည အသက်အန္တရာယ် လွတ်ပြီဆိုတာနဲ့ ရင်ထဲမှာ နည်းနည်း ပေါ့သွားတာပေါ့။ အနာတရကို ဂရုမစိုက်အားဘဲ ကိုယ့်အသက်အန္တရာယ်ကို စိုးရိမ်ပြီး ဂက်စ်မီးခြစ်က အလင်းရောင်လေးကို အားပြုပြီး တွေ့တဲ့လမ်းအတိုင်း စွတ်ပြီး ထွက်ပြေးလာခဲ့တယ်။

တချို့ ချောက်ကမ်းပါးတွေဆို ၄-၅ နာရီကြာအောင် ဂရုစိုက်ဆင်းရတယ်။ ရှင်းလို့မရတဲ့ ခြုံတွေဆို လှိမ့်ချလိုက်ရတာရှိတယ်။ တိုးလို့မရတဲ့ ဆူးခြုံတွေဆိုရင် တောကောင်သွားတဲ့ လမ်းလေးတွေကို အားပြုပြီး လေးဘက်ထောက် သွားခဲ့ရတာတွေလည်း ရှိတယ်။ သားရဲတိရစ္ဆာန် အန္တရာယ်ကို စိုးရိမ်မိပေမယ့် ရှေ့ခရီးတွင်ဖို့ပဲ အာရုံထား ပြေးရတာပေါ့။ အဲဒီအချိန် ဗိုက်ကလည်းဆာ၊ စားစရာလည်းမရှိ၊ ရေကလည်း ငတ်တော့ တွေ့တဲ့ ဆီးဖြူသီးလေးတွေ ခူးစားပြီး ၂ ရက်၊ ၂ ည တိတိ မနားမနေ ပြေးခဲ့ရပါတယ်။

တခါတရံ ချောက်ကမ်းပါးတွေကို မတက်နိုင်လောက်အောင် မောပန်းနေတော့၊ ချောင်းတွေအတိုင်း စုံဆင်းနေတော့ ခရီးတွေက မဝေးသင့်ဘဲ ဝေးခဲ့တဲ့ ခရီးတွေကလည်း အများကြီးပဲ။ ရွာတွေကို တွေ့ရပေမယ့် အဖမ်းခံရမှာ၊ ခွေးဟောင်မှာ စိုးတဲ့အတွက် မဝင်ရဲဘူး။ ပတ်ရှောင်သွားရတယ်။ လမ်းတွေကလည်း မသိတော့ မှန်းဆသွားရတဲ့အတွက် အဝေးကြီး ရောက်သွားတာတွေ ရှိတယ်။ ပရိတ်၊ ပဋ္ဌာန်းနဲ့ ဘုရားဂုဏ်တော်တွေကို အဖော်ပြုပြီး မေတ္တာပို့ရင်း ပြေးလွှားနေရတာပေါ့။ နောက်ပိုင်း မရွတ်နိုင်တော့တဲ့အဆုံး အာရုံပဲ ပြုနိုင်တော့တယ်။

ကံကောင်းထောက်မစွာနဲ့ အသက် ၂ဝ ပတ်ဝန်းကျင်ရှိတဲ့ ချင်းတိုင်းရင်းသားလေး တယောက်က ထမင်းထုပ်နဲ့ ရေဗူးလေး ပါလာတာကို ပေးတော့ အငမ်းမရ မြိန်ရည်ယှက်ရည် စားလိုက်တယ်။ သခွားသီး ၃ လုံး ရောပေးတော့ စားလိုက်တာနဲ့ ရေဆာလည်း ပြေသွားတယ်။ ဒါနဲ့နောက်ဆုံး လမ်းပြပေးဖို့ အကူအညီ တောင်းလိုက်တော့ သူက လမ်းကြောင်းမှန်ကို ပြပေးတယ်။ ဦးဇင်းလဲ ကျေးဇူးတင်လွန်းလို့ ကျေးဇူးဆပ်တဲ့အနေနဲ့ ပါတဲ့ငွေ ၂ဝဝဝ ပေးလိုက်တယ်။

အဲဒီနောက် မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့ကို ရောက်လာခဲ့တယ်။

မေး။ ထွက်ပြေးတုန်းက သံခြေကျင်းနဲ့ပဲလား ဘုရား။

ဖြေ။ အကျဉ်းစခန်းက တာဝန်ရှိသူတွေကို သြဂုတ်လလယ်လောက်မှာ ပိုက်ဆံ ၅ဝဝဝဝ ပေးလိုက်တော့ သံချေကျင်း ဖြုတ်ပေးပါတယ်။ ဒါနဲ့ ပြေးဖို့ လွယ်ကူသွားတာပေါ့။

မေး။ စစ်အစိုးရက သံဃာတော်တွေကို မတရား ဖမ်းဆီးမှုတွေအပေါ် ဘယ်လို ပြောလိုပါသလဲဘုရား။

ဖြေ။ ရက်စက်ယုတ်မာလှပါတယ်ဆိုတဲ့ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်တုန်းကတောင်မှ သံဃာထုအပေါ်မှာ ဒီလောက် ရက်ရက်စက်စက် မနှိပ်စက်ခဲ့ပါဘူး။ အခု ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာ သာသနာ့ ဒါယကာလို့ ခေါ်နေတဲ့ စစ်အစိုးရရဲ့ ရက်စက်ယုတ်မာမှုကတော့ ကိုယ်တွေ့ကြုံလိုက်မှပဲ ပြောစရာစကားလုံး ရှာမရလောက်အောင် ရက်စက်ပါ့ပေ့လို့ သိလိုက်ရတယ်။

ဒီလိုမျိုး ရက်စက် ယုတ်မာမှုတွေကို ရပ်တန်းက ရပ်ပါ။ အဲလိုမှမဟုတ်ရင် သမိုင်းမှာ ဂျာမဏီက နာဇီဟစ်တလာတို့လို သမိုင်းဆိုး တင်ကျန်ခဲ့မှာ မလွဲပါဘူး။ အခုဆိုရင် ကမ္ဘာတဝှမ်းမှာ ရှိတဲ့ အာဏာရှင်တွေဟာ တယောက်ပြီးတယောက် ပြုတ်ကုန်ပြီ။ ကမ္ဘာမှာ ရှားရှားပါးပါး နအဖ စစ်အုပ်စုပဲ ကျန်ပါတော့တယ်။ နအဖ စစ်အုပ်စုသာ အမြင်မှန်ရမယ်ဆိုရင် အချိန်တွေ ကျန်ပါသေးတယ်။ သူတို့ရဲ့ နှလုံးသားမှာ စူးဝင်နေတဲ့ အမုန်းတရား၊ အာဃာတ တရားတွေဟာ သူတို့ကိုယ် သူတို့လည်း ဆင်းရဲဒုက္ခရောက်စေပြီး လူသားထု တရပ်လုံးကိုလည်း စိတ်မချမ်းမြေ့စရာတွေနဲ့ ရင်ဆိုင်နေရစေပါတယ်။ ဒီ အမုန်းတရား၊ အာဃာတ တရားတွေဟာ အမြင်မှန်ရတာနဲ့ ချက်ချင်း ပြောင်းပစ်လို့ ရပါတယ်။ ဒါမှမဟုတ်ရင် မြန်မာလူမျိုးတွေရဲ့ ဆင်းရဲတွင်းက နက်သည်ထက် နက်ပါလိမ့်မယ်။ အချိန်မီ ပြုပြင်ကြပါလို့ ဦးဇင်းအနေနဲ့ တိုက်တွန်းချင်ပါတယ်။

မေး။ ဦးဇင်းအနေနဲ့ ဘယ်လိုမျိုး ဆက်လက်လုပ်ဆောင်သွားမယ်လို့ စိတ်ကူးပါသလဲ ဘုရား။

ဖြေ။ ရွှေဝါရောင် အကြမ်းမဖက် တော်လှန်ရေးကြီးဟာ နအဖ စစ်အစိုးရအနေနဲ့ မတရား ဖမ်းဆီး ညှဉ်းပမ်းနှိပ်စက်၊ ဖိနှိပ်ဖြိုခွင်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် သံဃတပ်ပေါင်းစု ဦးဆောင်ဆရာတော် ဦးသြဘာသနဲ့အတူ သံဃာ ၃ သိန်းကျော်၊ ၄ သိန်းနီးပါး ကျန်ပါသေးတယ်။ ဦးဇင်းအနေနဲ့ ရှေ့ဆက်ပြီးတော့ နအဖ ဆိုတဲ့ အဓမ္မဝါဒီတွေကို အသက်ထက်ဆုံး ဓမ္မလမ်းကြောင်းပေါ်ကနေ အကြမ်းမဖက်တဲ့ နည်းတွေနဲ့ သံဃာထု၊ လူထုနဲ့အတူ ဆက်လက် လုပ်ဆောင်သွားမှာပါ။

အခု အနေအထားက အစွယ်နဲ့ ထိုးမယ့်ဆင်ဟာ နောက်တလှမ်းဆုတ် ဆိုတဲ့ အနေအထားပါ။ စက်တင်ဘာ လှုပ်ရှားမှုကြောင့် အာဇာနည် လူစွမ်းကောင်း ရဲရဲတောက် သတ္တိရှင်တွေ အများကြီး မွေးထုတ်ပေးခဲပါ့တယ်။ ဒီလူစွမ်းကောင်းတွေဟာ ဥပမာနဲ့ ပြောရမယ်ဆိုရင် ခြေစွမ်းထက်တဲ့ ဘောလုံးသမားကောင်းတွေ လိုပါပဲ။ ဒါကို အသင်းစုစည်းမှု တယောက်နဲ့တယောက် အပေးအယူ၊ အချိပ်အဆက်ရှိမှု၊ အောင်ကိုအောင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကို ဦးဇင်းတို့ ပြန်လည် တည်ဆောက်နေပါတယ်။

အရေးကြီးဆုံးအချက်က ဘောလုံးပွဲတွေမှာ ကိုယ့်ခြေထောက်ထဲ ဘောလုံးရောက်ပြီဆိုရင် တကိုယ်ကောင်းဆန်ပြီး တယောက်ထဲ ဆွဲမပြေးဖို့ အဲဒါ အရေးကြီးဆုံးပဲ။ နောက်ပြီး ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ မည်သူမဆို၊ မည်သည့်အဖွဲ့အစည်းမဆို ဒီမိုကရေစီသဘောတရား၊ ဒီမိုကရေစီကျင့်စဉ်တွေကို စတင်ကျင့်သုံးဖို့ လိုနေပါပြီ။

ဒီမိုကရေစီဆိုတာ သူတပါးက လာပေးတာမဟုတ်ဘဲ ကိုယ်တိုင်ကျင့်သုံးရတာပါ။ အဲဒီတော့ နအဖ လက်ထဲမှာ ဒီမိုကရေစီမ ရှိဘူး၊ အဲဒါကို သွားတောင်းမနေနဲ့၊ အချိန်ကုန်တယ်။ ပြည်သူတွေအနေနဲ့ ညီညီညွတ်ညွတ် ရှိပြီးတော့ ငါတို့ဟာ တနေ့ မုချ အောင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို မွေးပြီး သံဃာထု၊ ကျောင်းသားထုနဲ့ လက်တွဲကြပါ။ ဦးဇင်းလည်း စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ လက်တွဲဆောင်ရွက်ပါ့မယ်လို့ အခိုင်အမာ ဆုံးဖြတ်ထားပါတယ်။

အင်တာဗျူး
မြင့်မောင်၊ ဝိုင်းပီး အောက်တိုဘာလ 2008

Comments

Popular posts from this blog

မိုး သီချင်းများ

မိုးနဲ့ပက်သက်တဲ့ သီချင်းများကို ရနိုင်သမျှ စုစည်းပေးလိုက်ပါတယ်။ မိုးနဲ့ပက်သက်၍ ကျန်ရှိနေသေးသော (သို့) မျှဝေပေးလိုသော သီချင်းများရှိခဲ့ရင်လည်း comment ပေးခဲ့နိုင်ပါတယ်။ သီချင်းများ နားဆင်ရင်း အပန်းဖြေ ပျော်ရွှင်နိုင်ပါစေ မိုးရာသီထဲ - Lဆိုင်းဇီမိုးလေးဖွဲတုန်း - မျိုးကျော့မြိုင်၊ ထွန်းအိန္ဒြာဗိုဝမ်းနည်းမှတ်တမ်း - စိုင်းစိုင်းခမ်းလှိုင်အချစ်မိုး - ဂျေညီညီမေမြို့မိုး - စိုင်းထီးဆိုင်
မေဦးမိုး - ရင်ဂိုဒီမိုး - ဂျေညီညီအခါလွန်မိုး - ထူးအိမ်သင်
အလွမ်းမိုးစက်များ - အဲလက်စ်ထစ်ချုန်းမိုး - ဇော်ဝင်းထွဋ်ဇူလိုင်မိုး - ဆောင်းဦးလှိုင်မိမိုးကို - အဲလက်စ်မိုး - ထွန်းအိန္ဒြာဗိုမိုးမျှော်သူ - စံလင်းမိုးနဲ့အတူငိုနေမယ် - မေစံပယ်ညိုမိုးည - ခရီးသွားငါးယောက်မိုးသည်းထဲမှာ - ၀ိုင်ဝိုင်းမိုးသည်းထဲမှာ ပုန်းရှောင်သူ - NGIIKမိုးရာသီအလွမ်း - XBananaတစ်ခါတုန်းက - ရသမိုး - ကျော်သူစိုး၊ Rဇာနည်မိုးနဲ့မျက်ရည် - ရဲလေးမိုးပြေးလေး - YoYoမိုးပြေး - ခင်ဘုန်းရွာသာရွာပါမိုး - ဖြိုးကြီး၊ ငယ်ငယ်မိုးသက်တင်လေ - လွှမ်းမိုးရွာမယ်ဆိုရင်လေ - မီမီဝင်းဖေ (ဒဏ္ဍာရီသီချင်းများမှ)မိုးသီချင်း - NO

Add Digg vote button in Blogger post

Template ကို Backup လုပ်ပါ။Expand Widget Template ကိုရွေးပါ။ဒီ Code ကို ရှာပါ။<p><data:post.body/></p>
Replace with<p>
<!-- DIGG -->
<div style='float:right; margin-left:10px;'>
<script type='text/javascript'>
digg_url = '<data:post.url/>';
</script>
<script src='http://digg.com/tools/diggthis.js' type='text/javascript'/>
</div>
<data:post.body/>
</p>Source : Ajaxcold

ငါအိုသွားတဲ့အခါ

ငါအိုသွားတဲ့အခါ ငါဟာ အရင်ကငါ မဟုတ်တော့ဘူး။ ငါ့ကို နားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည ပုံပြင်တွေ မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။

မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မညိုညင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

ခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက “ဘာကြောင့်” ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး၊ လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးပါ။ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျောက် ကျင့်ပေးခဲ့ဖူးတာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

အသက်ကြီးလာလို့ စ…