Firefox Browser and Zawgyi Unicode Font can give you a better view of this blog.

28 Oct 2008

Happy Birthday to Myself

မေမေကမွေးပြီး ဖေဖေကကျွေးလို့ ကြီးပြင်းခဲ့ရတဲ့ကျွန်တော် ဒီနေ့ဆိုရင် အသက် ၂၄ နှစ်ပြည့်ပြီ။ မေမေမွေးခဲ့တဲ့ကျွန်တော် အသက်တစ်နှစ်ထပ်ပြီးကြီးသွားပြန်ပြီ။ ဒီနှစ် မွေးနေ့ (အောက်တိုဘာ ၂၉ရက်နေ့) မှာ ကျွန်တော်ကုသိုလ်ကောင်းမှု ကိုယ်တိုင်မလုပ်နိုင်ဘူး။ ဒါပေမဲ့ ဘုန်းဘုန်းတို့ကို လစဉ်ဆွမ်းအတွက် ပိုက်ဆံထည့်ပြီးတော့ အသိတစ်ယောက်ကို လှူခိုင်းလိုက်တယ်။ နိုဝင်ဘာ ၂ ရက်နေ့ရောက်မှပဲ Colindale ကျောင်းက ပြုလုပ်တဲ့ ကထိန်ပွဲမှာ ဖေဖေ့မွေးနေ့၊ မမမွေးနေ့နဲ့ပေါင်းပြီး ထပ်လှူမယ်လို့ စိတ်ကူးထားတယ်။

အခုတလော ကျောင်းကို ပြန်သွားနေရတာရယ် အလုပ်တစ်ဘက်ရယ်ဆိုတော့ ပင်ပန်းတယ်ဗျာ။ သူငယ်ချင်းတွေကိုလည်း ဘာမှ မကျွေးနိုင်ဘူး။ ဒီလိုမွေးနေ့မျိုး ဒါဟာ ပထမဆုံးပဲ။ နေးတစ်မြန်မာဖိုရမ်မှာ မွေးနေ့ဆုတောင်း လုပ်ပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေကိုလည်း ဒီနေရာကနေပဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ။

အသက်တစ်နှစ်ကြီးသွားပေမယ့် ကျွန်တော် မလိမ္မာသေးဘူး။ မရင့်ကျက်သေးဘူး။ ဒါပေမဲ့ လောကကြီးအကြောင်း အထူးသဖြင့် လူတွေအကြောင်းကို ပိုပြီး သိလာတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နေသင့်တဲ့ အရွယ်ရောက်နေပေမဲ့ ခြေထောက်တစ်ဖက်လောက်နဲ့ပဲ ရပ်တည်နိုင်တဲ့ အနေအထားပဲရှိနေသေးတယ်။ ကြိုးစားပါဦး။

လူတိုင်းလူတိုင်း ကိုယ့်မွေးနေ့ရောက်ရင် ပျော်ရွှင်ပေမယ့် ကျွန်တော့်အတွက် ဒီနှစ်မွေးနေ့မှာတော့ စိတ်ဖိစီးမှုတွေ၊ သတိရအောက်မေ့မှုတွေနဲ့ ပြည့်နေလို့ သိပ်ပြီး မပျော်ဘူး။

မန္တလေးက ဘော်ဘော်တွေ ... ဒီနေရာကနေပဲ Cheers! လှမ်းလုပ်လိုက်ပါတယ်ကွာ ;)

0 comments:

LinkWithin