နှစ်တစ်နှစ်ကုန်ဆုံးကူးပြောင်းဖို့ နောက်ဆုံးလဖြစ်တဲ့ ဆောင်းနှင်းဖွေးဖွေးကြားက ကျွန်တော်ချစ်တဲ့ ဒီဇင်ဘာကို ရောက်ရှိလာပြန်ပါပြီ။ ကျွန်တော့်အတွက် အချစ်ဆုံး၊ အနှစ်သက်ဆုံး၊ လွမ်းစရာအကောင်းဆုံး လတစ်လလည်းဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီဇင်ဘာမရောက်ခင်ကတည်းက ဆောင်း(ဒီဇင်ဘာ)သီချင်းတွေကို ကြိုပြီး နားထောင်နေခဲ့တယ်လေ။ ဆောင်းရာသီနဲ့ နှင်းဝတ်မှုန်တွေကို ခင်တွယ်နှစ်သက်မှု့ကတော့ ဘာနဲ့မှ မလဲနိုင်အောင်ပါပဲ။ အထူးသဖြင့် မန္တလေးဆောင်းရဲ့ ဒီဇင်ဘာလအချိန်လေးတွေကိုပေါ့။ ဒီမှာတော့ ခိုက်ခိုက်တုန်အောင် ချမ်းတယ် အေးတယ်။ ဒီထက်ပိုတာက အထက်ဘက် စကော့တလန်ပေါ့။ အဲဒီဘက်မှာတော့ နှင်းတွေစပြီး ကျနေပြီ။ နေကိုမြင်ရတာ ခပ်ရှားရှားပဲ။
မှတ်မိပါသေးတယ်။ ကျွန်တော် လန်ဒန်ရောက်ပြီး ခုနှစ်လအကြာ ၂၀၀၇ ဇန်န၀ါရီ၂၄ ရက်မှာ နှင်းဝတ်မှုန်တွေနဲ့ စပြီးမိတ်ဆွေဖြစ်ခဲ့တယ်။ အဲဒီတုန်းက သတင်းထဲမှာ နှင်းကျမယ်လို့ ကြေငြာကတည်းက နှင်းတွေကို ကြိုစောင့်နေခဲ့တာ။ ကျတော့ မနက်လေးနာရီထိုးနေပြီ။ အဲဒီထိ ထိုင်စောင့်နေတုန်းပဲ။ ပထမဆုံးလည်း ဖြစ်တာကြောင့် အိမ်အပြင်ထွက်ပြီး ဓာတ်ပုံတွေ ရိုက်ဖြစ်ခဲ့ပါသေးတယ်။
ဒီနှစ် ၂၀၀၈ မှာတော့ နှင်းကျတာ နှစ်ခါရှိသွားပြီ။ နည်းနည်းစောတယ်လို့ ပြောရမယ်။ ရာသီဥတုတွေပြောင်းလဲလာတာကြောင့် ဖြစ်မယ်ထင်ပါတယ်။ အခုလည်း နေ့တိုင်းဆိုသလို မိုးတွေရွာနေတယ်။ ပြီးတော့ အခုတလော ပိုပြီးတော့လည်း အေးတယ်။ အထက်ပိုင်းမှာတော့ minus အောက်ကို ဆင်းချင်နေပြီ။
လမ်းတွေမှာတော့ Xmas နှင့် New Year ကိုကြိုဆိုဖို့အတွက် မီးတွေစပြီး ထွန်းနေကြပါပြီ။ Central London မှာလည်း မီးတွေစပြီး ထွန်းလောက်ပြီ။ အဲလိုချိန်ဆို အရမ်းစည်တယ်။ နောက်ရက်အားမှ သူငယ်ချင်းတွေနဲ့အတူ ဓာတ်ပုံသွားရိုက်ဖို့ တိုင်ပင်ထားပါတယ်။ ရိုက်ပြီးရင် ဘလော့မှာ ပြန်ပြီး sharing ပြန်လုပ်ပေးမယ်။ အဲဒီချိန်သွားရိုက်ရင်တော့ အတော်လေးအေးနေမှာ မြင်ယောင်ပါသေးတယ်။ ဒါပေမဲ့ တစ်ယောက်တည်း မသွားရတော့ တော်ပါသေးတယ်။ တစ်ယောက်တည်းဆို ငူတူတူ ကြောင်တောင်တောင်ဖြစ်နေမှာ သေချာတယ်။ အဲဒီဒုက္ခ တော်တော်ဆိုးတယ်။ ခံစားဖူးတဲ့လူတိုင်း သိပါတယ် :)
ရာသီဥတု အေးလာသလို ကျန်းမာရေးကိုလည်း ဂရုစိုက်နေရတယ်။ သွားစရာရှိမှပဲ အပြင်ကိုထွက်ပြီး အိမ်ထဲမှာပဲ ပြန်အောင်းနေဖြစ်တာများတယ်။ လုပ်စရာရှိတာတွေလုပ်ရင်း သီချင်းလေးတွေနားထောင်တယ်။ သီချင်းတွေကတော့ အကုန်လုံး ဒီဇင်ဘာသီချင်းတွေချည်းပါပဲ။ Selection လုပ်ထားတာ စုစုပေါင်း ၂၇ ပုဒ်ရှိတယ် :) Download လုပ်ချင်ရင် ကျွန်တော့်ဘလော့ရဲ့ Sidebar မှာ တင်ပေးထားပါတယ်။ နားထောင်တိုင်း အတိတ်ဆီက ဒီဇင်ဘာလတွေ၊ မန္တလေးဆောင်းညတွေကို သတိရမိတယ်။ နားမထောင်ဘဲလဲ မနေနိုင်ဘူး။ ဒါလည်း Virus တစ်မျိုးလို့ ပြောရမလို ဖြစ်နေပြီ :D အခုလည်း စာရေးရင်း သီချင်းတွေကို ဖွင့်ထားနေမိတယ်။ Virus ကတော့ တော်တော်ထိနေပြီ ;)
အအေးကနည်းနည်းပိုလာ အပြင်ထွက်ရမှာလည်း ကြောက်တော့ အစားအသောက်လည်း ဒုက္ခရောက်တယ် (အမှန်တော့ ပျင်းတာ)။ ကြုံရာကျပန်း စားသောက်နေရတယ် ;) ခေါက်ဆွဲနဲ့ညားလိုက် ရွှေခေါင်းပြောင်နဲ့ညားလိုက် ပေါင်မုန့်နဲ့ညားလိုက်ပေါ့။ စိတ်ပါတဲ့နေ့ သို့မဟုတ် ငြီးငွေ့လာတဲ့နေ့ရောက်မှပဲ ဈေးဝယ်ပြီး ချက်ဖြစ်တယ်။ ချက်လိုက်ရင်လည်း ကြက်၊ ၀က်၊ အမဲ အဲဒီထဲက မထွက်တော့ဘူး။ အမဲသားကတော့ ချက်ခဲပါတယ်။ ကြက်တစ်လှည့် ၀က်တစ်လှည့်ပေါ့။ ကြာတော့ ကျွန်တော်မျိုးလည်း ခေါင်းထိပ်မှာ ကြက်လို အမောက်ပဲ ထွက်မလား ဒါမှမဟုတ် ၀က်လို နားရွက်ပဲ ကြီးလာမလား မသိဘူး။ အရမ်းအေးလာရင် ဆောင်းတွင်းဘက် မန္တလေးကျုံးဘေးမှာဖွင့်တဲ့ နို့ဟင်းမလိုင်ဆိုင်တွေကိုလည်း ပြေးပြီးသတိရမိသေးတယ်။ မြန်မာပြည်က အစားအသောက်တွေအကြောင်း ပြောရတာ သိပ်တော့ မကောင်းဘူးဂျာ။ ပြောရင်း ခံတွင်းထဲမှာလည်း တံတွေးတွေ မြိုမြိုချနေရတယ် :}
စာရေးနေရင်း Window Media Player က ဘိုဖြူရဲ့ လက်တီး သီချင်းကိုရောက်သွားပါပြီ။ က ချင်တဲ့စိတ်တွေပေါက်လာသလိုလို တောင်ကြီးကိုပဲ သွားလည်ချင်သလိုလို ဖြစ်လာပြန်ပြီ။ Virus ကတော့ မနိုင်တော့ဘူး။ သတိလည်း ရစရာပါပဲ ဘာလို့လည်းဆိုတော့ တောင်ကြီးရဲ့အလှက ဘာနဲ့မှမတူဘူး။ မြို့ကလည်း သန့်တော့ နေချင်စဖွယ်အရမ်းကောင်းတယ်။ ဆောင်းတွင်းသွားလည်လို့ကတော့ ချမ်းပုံက ကမ်းကုန်လောက်တယ်။ ကံဆုံးတာတစ်ခုက တောင်ကြီးတန်ဆောင်တိုင်ကို တစ်ခါမှ မရောက်ဘူးသေးဘူးဗျာ။ ပြန်ရောက်မှ ရောက်အောင် သွားလည်ဦးမယ်။ ကြိမ်းထားတာ :P
ဒီဇင်ဘာဆောင်းတွင်းနဲ့ ပက်သက်ပြီး လုံးဝ မမေ့နိုင်တဲ့ နေ့လေးတစ်ရက်ကတော့ ၂၀၀၇ အကုန် ၂၀၀၈ ကူးတော့မည့် နောက်ဆုံးရက်ဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ပါပဲ။ အဲဒီနေ့က မန္တလေးမြို့အနီး ပန်းမြို့တော်လို့လည်းအမည်တွင်တဲ့ တောင်ပေါ်မြို့ကလေးတစ်မြို့ကို ရောက်နေခဲ့တယ်။ ဒီနှစ် ဒီဇင်ဘာ ၃၁ ကိုတော့ မည်သို့မည်ပုံ ဖြတ်သန်းရမည် မသိသေး :-? သေချာတာတစ်ခုကတော့ ကမ္ဘာကြီး ချာချာလည် ဖြစ်နေမယ်ဆိုတာပါပဲ။ ဘာလို့လည်းဆိုတော့ အဲဒီအချိန်ကျရင် Virus က အဆိုးဆုံး အခြေအနေထိ ကိုက်ခံနေရပြီ။ မည်သည့် အန်တီဗိုင်းရပ်စ် အန်ကယ်ဗိုင်းရပ်စ်မှလည်း မနိုင်တော့။
ရွှေမန္တလေးရဲ့ဆောင်းကို ခံစားမှုအာရုံနဲ့ မလုံလောက်ဘဲ အမြင်အာရုံပါရဖို့အတွက် ကိုပုဂံနတ် (ခ) သခင်စိုးကြီး ကိုလည်း ကွန့်မန့်သွားပွတ်ပြီး အပူကပ်ထားလိုက်သေးတယ်။ သမင်စိုးကြီး အဲ သခင်စိုးကြီး မ စပါ :P နောက်ထပ် အပူကပ်ရမယ့်လူတွေ ကျန်သေးတယ်။ ဆရာတုံ နဲ့ ကိုဂျေကြီး :) ၂၀၀၆ တုန်းက ကိုဇော်မိုးအောင်နဲ့ ဆရာတုံကြီးကျေးဇူးကြောင့် ပုံတွေ ကြည့်ခွင့်ရခဲ့တယ်။ အခုထိ ကျေးဇူးတင်ဆဲပါ။
မနှစ်က မန္တလေးကို ခဏပြန်ရောက်နေတုန်းက မော်ဒယ်ကြီး ကိုဇော်မိုးအောင် (ခ) ဒီမိုးသစ်ကို လူကိုယ်တိုင် အရှင်လတ်လတ်ကြီး တွေ့ခွင့်ရခဲ့ပါတယ်။ နောက်ပိုင်းတော့ သူအလုပ်တွေရှုပ်နေတာကြောင့် သိပ် မတွေ့ဖြစ်တော့ဘူး။ မနှစ်က မှတ်မှတ်ရရ ကိုဖြိုးလည်း မန္တလေးကို ပြန်ရောက်နေတော့ ကျွန်တော်၊ ဆရာတုံ၊ ပုဂံနတ်၊ ကိုဂျေတို့ တော်တော်လေး ဆုံဖြစ်ခဲ့ကြတယ်။ ဆောင်းတွင်းလည်းဖြစ်တော့ လဘက်ရည်ဆိုင်မှာ မဆုံဘဲ အချမ်းပြေအောင် ကုစားပေးတဲ့ ဆိုင်တစ်ချို့မှာ အမြဲဆုံဖြစ်ကြတယ်။ အခုချိန်ပြန်စဉ်းစားရင် အားလုံးဟာ အမှတ်တရလေးတွေချည်းပါပဲ။ အမှတ်တရ အဖြစ်ဆုံးကတော့ ၃၅လမ်းက ကောင်းကောင်းမှာ လူစုံတက်စုံ ဆုံဖြစ်ခဲ့ကြတာရယ် လမ်း၃၀က ရွှေလှခင်ဆိုတဲ့ ဆိုင်မှာ ညတွင်းချင်း သံအမတ်ကြီးဖြစ်သွားတဲ့ မိတ်ဆွေလေးကိုပါပဲ :P
ကျွန်တော် ဒီဇင်ဘာကို ခင်တွယ်မြတ်နိုးပေမဲ့ ခန္ဓာကိုယ်ကတော့ ဆောင်းတွင်း အအေးဓာတ်ကို သိပ်ပြီး မခံနိုင်ဘူး။ အရမ်းအေးလာရင် နှာစည်းတဲ့ ပြဿနာက ဆောင်းတွင်းတိုင်းမှာ ခံနေရတဲ့ ပုံမှန်ပြဿနာ တစ်ခုလိုပါပဲ။ ဒါပေမဲ့ ဒီဇင်ဘာနဲ့ နှင်းစက်တွေကိုတော့ ကျွန်တော်ချစ်နေမြဲပါပဲ။ နောင်လည်း ချစ်မြဲ ချစ်နေဦးမယ့် ဒီဇင်ဘာပါပဲဗျာ။
ကျွန်တော်ရဲ့ ဒီဇင်ဘာပုံရိပ်တွေကတော့ ရေးလို့ပြီးမှာ မဟုတ်တဲ့အတွက် ဒီလောက်နဲ့ပဲ ရပ်နားပါရစေ။ ခုချိန်ဆို ဖတ်ရတဲ့သူလည်း မျက်စိညောင်းနေလောက်ပြီ။ စိတ်ရှည်သီးခံပြီး ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ Xmas နှင့် New Year ညတွေရောက်မှ ပြန်ဆက်ပါဦးမယ်။
ကျန်းမာပျော်ရွှင်ပါစေ :)
Comments
Post a Comment
Thanks for your comment.