Skip to main content

စက်ဘီစီးခဲ့ စက်ဘီးစီးဆဲ စက်ဘီးဆက်စီးဦးမဲ့မြို့ - ဆူးငှက်

ကျွန်တော်တို့ မန္တလေးနှင့် စက်ဘီး ခွဲခြားမရတဲ့ကြောင်းကို ဆရာဆူးငှက်ရဲ့ ဆောင်းပါလေးနှင့်တကွ တင်ပြလိုက်ပါတယ်။ စက်ဘီးနှင့်ပက်သက်တဲ့ စိတ်ဝင်စားစရာလေးတွေကို ခံစားနိုင်မယ်လို့ ယုံကြည်ပါတယ်။

ဒီပို့စ်အတွက် ရွှေမြတ် (Fido) ကို အထူးကျေးဇူးတင်ပါတယ်။

ကဲ ... ခံစားကြည့်ကြပါဦး ...

လှည်းနောက်မြီးထက်၊
ခြေတွဲလောင်းလေးယှက်ပြီး
သံသာသီတော့ပေ ...
တောင်ခြေမဝေးတဝေး ...
ဖွေးဖွေးတည်နေ၊ စေတီ
ကျောင်းကန် ပြာသာဒ်များနဲ့
ဘုရားဇရပ်တို့ ပျော်စရာပေ
အပါးကပ်လို့ မျှော်တာတွေ
အလားနတ်တို့ပြေ ..၊
အိုအောင်မင်းအောင်
ပေါင်းကြလို့လေ ...၊
တူစုံမောင်မယ်၊
တောင်းဆုကိုချွေ ...၊
မန်းတောင်ရိပ်ကို ခိုသူ
ပျိုဖြူနှမတွေ ....

၁၉၃၀ ၀န်းကျင် ယခုလိုတစ်ဝါတွင်း၌ မန္တလေးသူလေးတွေ လှည်းယာဉ်ကျော့စီးပြီး မန္တလေး တောင်သို့ ဘုရားဖူးလည်သည့် မြင်ကွင်းကို ဆရာမြို့မငြိမ်းက "တစ်ဝါတွင်း" သီချင်းတွင် ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က မန္တလေးသူလေးများက အခါကြီးရက်ကြီးရောက်လျှင်ဖြင့် အချင်းချင်းစုရုံးကာအကြီးအကဲ၊ မိဘများကိုခွင့်ပန်ပြီး တန်ခိုးကြီးဘုရားများသို့ တပျော်တပါးသွားရောက်ကြပေလိမ့်မည်။ သကျသီဟ၊ အိမ်တော်ရာ၊ ချမ်းသာကြီး၊ ချမ်းသာရ၊ ရှင်ပင်ပက်လက်၊ ရွှေကျီးမြင်၊ ရတနာမဉ္ဇူ၊ ဆုတောင်းပြည့်၊ ဆုတောင်းရ ... စသည်ဖြင့် ရှိမှာပေါ့ ...။

ဆရာမြို့မငြိမ်းခေတ်က မန္တလေးသူတွေ မန္တလေးတောင်သို့ ဘုရားဖူးသွားကြတော့ လှည်းနောက်မြီးမှာ ခြေတွဲလောင်းလေးယှက်ပြီး သီချင်းသံပြိုင်သီကြသတဲ့ ...။ သူတို့ စီးလာကြသော လှည်းယဉ်တန်းက ကျုံးနံဘေးလမ်းတစ်လျှောက် ခြူသံလေးတွေ တလွင်လွင်နှင့်မို့ နားဝင်အေးလှသတဲ့ ...။

ထိုခေတ်ထိုအချိန်က မန္တလေးတွင် ဘိုင်စကယ်ဟုခေါ်သည့် စက်ဘီးတွေ တွင်တွင်ကျယ်ကျယ် သုံးစွဲနေလောက်ပြီ။ သို့သော် ထိုစက်ဘီးများကို ယောက်ျားဘသား ကျားကျားလျားလျားကြီးတွေကပဲ စီးကြမည်။ တကယ်တော့ အေဒီ ၁၇၉၀ ပြည့်နှစ်တွင် ပြင်သစ်၌ သစ်သားတန်းကိုဘီးနှစ်ဘီးတပ်ပြီး ခြေနှင့်ကန်သွားသော စက်ဘီးလောင်းလေးပေါ်ပြီးနောက် နောင်နှစ် ၅၀ နီးပါးအကြာအေဒီ ၁၈၃၉ ရောက်မှ ခြေထောက်နှင့် နင်းသွားရသော စက်ဘီးကိုစကော့လူမျိုးတစ်ယောက်က တီထွင်ချိန်တွင် မြန်မာကလည်း ကြေးသွန်းသံသွန်းအတတ်တွေ ကျွမ်းကျင်နိုင်နင်းနေပါပြီ။ ၁၈၆၆ ခုနှစ်၌ ပြင်သစ်ပြည်တွင်ပဲနိဖာသင် (ရှေ့ဘီးကနောက်ဘီးထက် လေးဆကြီးသော) စက်ဘီးတွေ လမ်းပေါ်တွင်ကျယ်စွာ စီးနေချိန်၌ ရတနာပုံ မန္တလေးမြို့တော်ကြီးမှ အိမ်ရှေ့စံကနောင်မင်းသားက ပြင်သစ်၊ အီတလီနိုင်ငံများသို့ မြန်မာလူငယ်တွေကို ပညာတော်သင်စေလွှတ်ကာ ကိုယ်ပိုင်လက်နက်စက်ရုံကအစ အခြားလူသုံးကုန် စက်ရုံများအထိ တည်ထောင်နိုင်ရန် ကြံရွယ်နေပေပြီ။

ကနောင်ကိုယ်တော်ကြီး စောစီးစွာနတ်ရွာစံခဲ့ပေလို့ ...။ သို့မဟုတ်က ၁၈၈၅ ခုနှစ်တွင် ယခုခေတ် စက်ဘီးပုံစံကို အင်္ဂလန်၌ စီးပွားဖြစ် စတင်ရောင်းချနေသောအခါ ရတနာပုံမန္တလေးမှာလည်း စက်ဘီးစက်ရုံရောက်မလာပေဘူးဟု မည်သူပြောအံ့နည်း ...။ ထားပါတော့ ...။ စစ်ကြီးမတိုင်မီ မန္တလေးတွင် အင်္ဂလန် စက်ဘီးတွေ အသုံးပြုလာတာတော့ သေချာသည်။ မန္တလေးမြို့ မျက်နှာဖုံးနာမည်ကျော် အနုပညာရှင် ရွာစားကြီး စိန်ဗေဒါက သူ့ဆင်တိုစက်ဘီးအသစ်ကြီးနှင့် မက်မက်မောမော ဓာတ်ပုံအရိုက်ခံခဲ့သည်။ အင်္ဂလိပ်ခေတ်မှာ ခေတ်ဆန်သည့်မြန်မာမိန်းမပျိုလေးကလည်း ဆံထုံးထုံးကာ ရှန်ဟဲညွန့်ပိုးထည် လက်ရှည်အင်္ကျီဖားဖားနှင့်ဇင်းမယ်လုံချည်ဝတ်ပြီး မိန်းမစီးစက်ဘီးပေါ်တက်ထိုင်၍ စတိုင်ထုတ်နေပြီ။ မြန်မာမိန်းမပျိုလေးစီးနေသော စက်ဘီးက မိန်းမစီးစက်ဘီးပုံချိုးထားသည်။ သည်တော့ အမျိုးသမီးများအတွက်လည်း စက်ဘီးတွေ ၀င်နေပြီပေါ့။ သို့သော် ကျယ်ကျယ်ပြန့်ပြန့်တော့စီးကြဟန် မတူသေး ...။ ယောက်ျားစီးစက်ဘီးကိုတော့ တွင်တွင်ကျယ်ကျယ်စီးကြရောပေါ့။ အဘယ့်ကြောင့်ဆိုသော် မန္တလေး ၁၃၀၀ ပြည့် (၁၉၃၉) အရေးတော်ပုံတွင် ၂၆ ဘီလမ်းပေါ်၌ စက်ဘီးတွေ အတုံးအရုန်းလဲနေသည့် ဓာတ်ပုံမှတ်တမ်းများလည်းရှိသည်။ ထို့ပြင် အရေးတော်ပုံတွင် ကျဆုံးသည့် အာဇာနည်များဈာပန ပို့ဆောင်ပွဲ၌ မန္တလေးတွင် ထိုအချိန်က စတင်သုံးစွဲနေသော ဆိုက်ကားများကလည်း အုပ်နှင့်သင်းနှင့် လိုက်ပါပို့ဆောင်ကြသည့် မှတ်တမ်းဓာတ်ပုံများလည်း ရှိသည်။

တကယ်တော့ ထိုစဉ်ကာလကတည်းက မန္တလေးတွင် စက်ဘီးများတွင်ကျယ်စွာ သုံးနေကြသည်။ မန္တလေးတွင် ဓာတ်ရထားများ၊ မြင်းရထားများစသည်ဖြင့် သယ်ယူပို့ဆောင်ရေးတွင် အရှိန်ရနေပြီး၊ ၀ံသာနုစိတ်ဓာတ်ဖြင့် ဆိုက်ကားများလည်း ၀င်းကြိုဝင်းကြား၊ လမ်းကြိုလမ်းကြားမကျန် ၀င်ထွက်သယ်ပို့နေကြသော်လည်း စက်ဘီးက မန္တလေးအတိုင်းအတာနှင့် အလွန်တာသွား အရာရောက်လှ၏။ မန္တလေးတွင် စက်ဘီးနှင့်ပတ်သက်၍ ပြောစမှတ်တစ်ခုလည်းရှိသည်။ မန္တလေးတွင် စက်မှုလက်မှု အထက်တန်းကျောင်းနေရာမြေ၊ ယခု အမှတ် ၁၄ အထက်တန်းကျောင်းဝင်းနေရာ မြေ၊ မန္တလေးဆေးရုံကြီး မြောက်ဘက်သုံးဆယ်ဝင်းမြေ၊ ၈၁ လမ်းနှင့်လမ်း ၃၂ လမ်းထောင့် တရားဇရပ်ကြီး၊ မန္တလေး ဘိုးဘွားရိပ်သာ၊ မန္တလေး၏ ပထမဆုံးမီးသဂြုင်္ိဟ်စက်စသည်ဖြင့် အများပြည်သူအတွက် လှူဒါန်းထားသော ကုသိုလ်အစုစုအပြင် မန္တလေးမြို့ပေါ်တွင် ၀င်းမြေ၊တိုက်တာအိမ်ခြံ စသည်ဖြင့် များစွာ ပိုင်ဆိုင်ခဲ့သော ထိုမြေ၊ ထိုယာ၊ ထိုဝင်း၊ ထိုအိမ်များကို အများအတွက် ရွက်ပုန်းသီးလှူဒါန်းခဲ့သော ဦးကျော်လှသည် သူစတီးဘရားသား၌ ရုံးအုပ်စာရေးကြီးဝင်လုပ်သောအခါ ရုံးရှိရာ ဂေါဝိန်ဆိပ်သို့ မြောက်ဘုံဘိုင်တန်းရှိနေအိမ်မှ အသွားအပြန်ကိုရာလေးစက်ဘီး ဖြင့်သွားသတဲ့။ သူပိုင်ရာလေး စက်ဘီးက ကာကီစထူထူဖြင့် စက်ဘီးကုန်းကိုဖုံးအုပ်သည်။ ဘောင်များကိုလည်းကာကီစနှင့် ပတ်ချုပ်ထား၏။ စက်ဘီးကိုရပ်လိုလျှင် ဘရိတ်အုပ်ပြီးမရပ် ...။ ဘရိတ်ပွန်းမှာစိုး၍ ဖြည်းဖြည်းချင်းအရှိန်လျှော့ပြီးစီးကာ ရပ်လိုသောနေရာရောက်မှ ခုန်ဆင်းသည်။ အိမ်ရောက်သည်နှင့် စက်ဘီးကို ဖုန်သုတ်လေလျှော့ပြီး တန်းမှာဆွဲထားသည်။ နောက်ရက် ရုံးသွားမှ တန်းကချ၊ လေထိုးစီးသတဲ့ ...။ စက်ဘီးကို ဤမျှညှာတာ...၊ ဤမျှယုယပြီး ရိုသေစွာ ကိုင်တွယ်ပုံကို မန္တလေးရှေးလူကြီးတွေ ပြောစမှတ်ပြုသည်။

စစ်ကြီးမတိုင်မီအထိတော့ မန္တလေးမှာ မန္တလေးသူတွေ စက်ဘီးကိုတွင်တွင်ကျယ်ကျယ် စီးကြပုံမပေါ်သေး ...။ ထို့ကြောင့် ၀ါတွင်းဝါကျွတ်ဘုရားကျောင်းကန်ကို မန္တလေးသူတွေစုပြီး လှည်းယာဉ်စီးကာဘုရားဖူးထွက်ကြပုံကို ဆရာမြို့မငြိမ်းက ရေးသားစပ်ဆိုခဲ့သည်။

"လက်ပံပွင့်တွေ ..
လေအတိုက် ကြွေလိုက်တဲ့အခါ
တ၀ဲဝဲ ၀ဲကာလေယာဉ်ပမာ ...
သြော် ... ချစ်စရာ ချစ်စရာ
မြင်ရပါလေဦးတော့မည်၊
ရိုးတံတွေကျဲ
နေပူထဲ ... မှာ
ရွှေညာသူပျိုဖြူချောတွေ
စက်ဘီးလေးတွေစီးကာကိုယ်စီ
စက်ဘီးလေးတွေစီးကာကိုယ်စီ"

နောက်တော့ မန္တလေးက စက်ဘီးမြို့တော်ကြီး ဖြစ်သွားသည်။ အထူးသဖြင့် မိန်းကလေးများအနေနှင့် စက်ဘီးနှင့်က ပိုမိုခရီးရောက်ဣနြေ္ဒရလာသည်။ ရှေးက မန္တလေးတွင် မိန်းကလေးများအနေနှင့် အရွယ်ရောက်သည်နှင့် ဆိုင်ရာဆိုင်ရာ နီးစပ်သူများထံ ဈေးသင်အပ်ကြသည်က များသည်။ ဈေးသည်အများစုက ဈေးချိုတော်ကြီးမှာမို့ ကိုယ့်အိမ်မှဈေးချိုခရီးကို စက်ဘီးနှင့်သွားကြသည်။ အလားတူ ကျောင်းသွား၊ ရုံးသွား၊ အလုပ်သွား ကိစ္စအတွက်လည်း စက်ဘီးများကို တွင်တွင်စီးကြသည်။ မန္တလေးမြို့ပြဖွဲ့စည်းမှုက ဆင်ခြေဖုံးမှသည် ဈေး၊ ကျောင်း၊ ရုံး၊ အလုပ်ရုံ၊ ဆေးလိပ်ခုံ စသောနေရာများက အဝေးဆုံး သုံးမိုင်၊ လေးမိုင်သာသာမို့ စက်ဘီးက အရာရောက်သည်။ အိမ်ထောင်စုတစ်စုတွင် စက်ဘီးတစ်စီးကမဖြစ်မနေလိုအပ်သော မြို့လည်းဖြစ်၏။ ပျမ်းမျှအားဖြင့် လူဦးရေဆယ်ဦးလျှင်စက်ဘီးတစ်စီး အနည်းဆုံး ရှိရတော့သည်။ ထို့ကြောင့် မန္တလေးသူများ တွင်ကျယ်စွာ စက်ဘီးစီးနေကြပြီဖြစ်သည့် ၁၉၅၉ ခုနှစ် မန္တလေးနှစ် ၁၀၀ ပြည့်နှစ်က လူဦးရေနှစ်သိန်းခွဲတွင် စက်ဘီးစီးရေ နှစ်သောင်းကျော်ရှိနိုင်သည်။ သည်အချိုးအစားက ပြောင်းလဲသွားနိုင်ပါပြီလား ...။ ဒါကတော့ တပ်အပ်သေချာပြောနိုင်သည်။ ထိုအချိန်ကလူဦးရေနှစ်သိန်းခွဲတွင် အိမ်ခြေ ၃၅၀၀၀ ရှိသည်ဆိုတော့ နှစ်အိမ်လျှင်စက်ဘီးတစ်စီးပဲ အနည်းဆုံးထား ... စက်ဘီးစီးရေ ၁၇၀၀၀ကျော် ၁၈၀၀၀ နီးပါးတော့ရှိသည်။ မန္တလေးကား စစ်ကြီးပြီး နောက်ပိုင်း စက်ဘီးနှင့် အတော်ယဉ်ပါးကာ သုံးစွဲမှုပမာဏ တစ်နှစ်ပြီးတစ်နှစ် ပိုမိုကြီးထွားလာခဲ့သည်။ စက်ဘီးတစ်စီးပေါ်ရှေ့ဘောင်တန်း၌တစ်ယောက်တင်၊ နောက်ကယ်ရီယာပေါ်ကလေး ပွေ့ချီထားသော မိခင်တစ်ဦးကို တင်ဆောင်ကာလေး ယောက်စီးနင်းသွားတာလည်းမဆန်းတော့ ...။ ထို့အတူ စက်ဘီးကို ထီးဆောင်း၍လည်း ကျွမ်းကျင်စွာစီးနင်းသည်။ ခေါက်ထီးပေါ်သောခေတ်၌ မန္တလေးသူက ကျော့ကျော့ရှင်းရှင်းစက်ဘီးစီးမပျက်နှင့် ခေါက်ထီးဖွင့်၊ ခေါက်ထီးပိတ်ခဲ့သည်။ စက်ဘီးပေါ်တက်သည်နှင့် လက်တစ်ဖက်က စက်ဘီးလက်ကိုင်ကိုကိုင်ကာ လက်တစ်ဖက်က ထဘီနားစကို ထိန်းသိမ်းပြီးမှစက်ဘီးပေါ်ကျွမ်းကျင်စွာ တက်နိုင်သည်။ စက်ဘီးပေါ်ရောက်တော့ လက်ကိုင်နှစ်ဖက်ကို လက်ဖနောင့်နှင့်ဖိပြီး လက်မောင်းကို ဆန့်တန်းကာခါးကို ဆန့်ဆန့်ကလေးနှင့် ဒူးကိုစေ့ကာလှပသော ကိုယ်ဟန်နေထားနှင့်နင်းနိုင်သည်။

"ဘီးကလေးကိုစီး ...
အချစ်ကလေးကိုတင်ပြီး
ကိုယ်သွားရတာလေ...
အင်မတန်ပျော် ...
စကြ၀ဠာအဆုံးထိနင်းရမလား..."

မန္တလေးမှာ ဆရာ စိုင်းခမ်းလိတ် လည်းစက်ဘီးစီးခဲ့သည်။ အဆိုတော် စိုင်းထီးဆိုင်လည်း စက်ဘီးစီးခဲ့သည်။ အဆိုတော် ဂျေမောင်မောင်လည်း စက်ဘီးစီးခဲ့သည်။ ထို့အတူ ...ထို့အတူ... မန္တလေးသူတိုင်းလိုလိုက စက်ဘီးစီးရင်းလိုရာခရီးကိုကျော့ကျော့ မော့မော့သွားနိုင်သည်။ မန္တလေးတက္ကသိုလ်ဝင်းကြီးထဲက ပင်မဆောင်ကြီး လှေကားအခြေမှာ စက်ဘီးတွေစီရပ်ထားပုံက အင်စတောလေးရှင်း ပြကွက်တစ်ခုပမာ အနုပညာမြောက်နေသည်။ သစ္စာဆောင်ရှေ့မှာလည်း စက်ဘီး၊ ရွှေမန်းဆောင်ရှေ့မှာလည်းစက်ဘီး၊ မြတမာဆောင်ရှေ့မှာလည်း စက်ဘီး ...၊ အုတ်ခုံကြီးသာ ကျန်တော့သောအတုမရှိကျောင်းကြီး၏ မကန်းရုပ်လှေကားခြေမှာယောက်ျားစီး စက်ဘီးတစ်စီးနှင့် မိန်းမစီးစက်ဘီးတစ်စီး ခေါင်းချင်းဆိုင်နေသည်။ ၀င်းလိုက်ရုံမြောက်ဘက် ဒေါ်သောင်းသောင်းစက်ဘီးအပ်ဆိုင်မှာ သောကြာနေ့ဆို စက်ဘီးလက်မှတ်ကုန်နေတတ်သည်။ ၀ါဆိုလ ဇွန်ပန်းပွင့်ရာသီတွင် မျက်ပါးရပ်မြသီတာဇာတ်ရုံ၌ ရုံခါခေါင်းလောင်းမထိုးမီ မီးသတ်ရန်ပုံငွေ စက်ဘီးစတင်းမှာ နေရာပြည့်သွားသည်။ တက္ကသိုလ်နှင့် နန်းတွင်း လူငယ်ဘောလုံးပွဲအပြီး ဗထူးကွင်းမှသည် မစိုးရိမ်မီးပွိုင့်အထိ စက်ဘီးအုပ်ကြီးက မပြတ်တော့။ သီတင်းကျွတ်လဆန်း ၁၀ ရက်နေ့ည လမ်းလယ်ဘုရားပွဲမှာလည်း ၈၂လမ်းပေါ် စက်ဘီးများကပွဲဈေးတန်း လျှောက်နေကြ၏။ မကြာမီ စက်ဘီးအားလုံးအငြိမ့်စင်ဘေး၊ အငြိမ့်စင်နောက်ရောက်သွားကြ၏။ ထိုစဉ်က ၂၅.၆၄ စတုရန်းမိုင် ဧရိယာအကျယ်အ၀န်းရှိမန္တလေးမြို့ အတွင်းမှ စက်ဘီးများကား အခု ထိုအင်အားထက်မယုတ်မလျော့ဘဲ ပို၍ပင်တိုးကာ ၄၅ စတုရန်းမိုင်ရှိ မဟာမန္တလေးဧရိယာအတွင်း ဆင်ခြေဖုံးအများစုစီ ဗဟိုခွာအားပုံစံဖြင့် ကျဲပြန့်သွားတော့သည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က စာရင်းဇယားများအရ မန္တလေး ငါးမြို့နယ်မှာ လူဦးရေ ၇၄၄၉၀၉ ဦးရှိသည်။ မန္တလေးအနီးဝန်းကျင် ပုသိမ်ကြီးနှင့် အမရပူရ နှစ်မြို့နယ်မှာ လူဦးရေ ၃၁၉၉၆၄ ဦးရှိသည်။ ထားပါတော့ ...။ မန္တလေး ငါးမြို့နယ်လူဦးရေပဲ။ ထိုလူဦးရေမှာ ပျမ်းမျှ ငါးယောက်လျှင် စက်ဘီးတစ်စီးရှိတယ်ဆိုပါစို့ ...။ (တကယ်လည်းရှိသည်။) စက်ဘီး စီးရေပေါင်း ၁၄၈၉၈၂ စီးရှိမည်။ ထိုအရေအတွက်ထဲမှ မန္တလေးသူတွေ တစ်ဝက်ကျော်က စက်ဘီးစီးနေကြတာသေချာသည်။ ဒါဆိုရင် မန္တလေးသူတွေက အနည်းဆုံး ၇၄၄၉၁ စီးသော စက်ဘီးများစီးနေဆဲဖြစ်၏။ မန္တလေးအနီးအနား ပုသိမ်ကြီးနှင့် အမရပူရမြို့နယ်များက လာရောက်ကြသူတွေနှင့်ဆိုလျှင် အနည်းဆုံး အစီးရေ ရှစ်သောင်းကျော်သော စက်ဘီးတွေနှင့် မန္တလေးသူတွေကိုယနေ့တိုင် မြင်တွေ့နေရပေဦးမည်။

လွန်ခဲ့သော သုံးနှစ်၊ လေးနှစ်အတွင်း တရုတ်ဆိုင်ကယ်တွေ အစီးရေ သိန်းဂဏန်းမျှဝင်လာတော့ မန္တလေးသည် ဆိုင်ကယ်မြို့တော်ဟုဆိုသူက ဆိုကြ၏။ ၁၀ သိန်းနီးပါးမျှ လူဦးရေတွင် ဆိုင်ကယ်စီးရေ တစ်သိန်းဝင်လာသော်လည်း နဂိုရှိရင်းစွဲ သိန်းချီရှိနေသောစက်ဘီးတွေ ယုတ်လျော့မသွား၊ ပို၍ပင်တိုးလာဦးမှာ ဧကန်မုချဖြစ်သည်။

စက်ဘီးတိုင်းပြည်ဟု သမုတ်အပ်သော တရုတ်ပြည်မှာတော့ ဘီဂျင်းမြို့တော်ကြီးအပါအ၀င် လာမည့်နှစ်များအတွင်း လောင်စာချွေတာမှုအရ စက်ဘီးစီးရေ သန်းချီ၍ တိုးကာစီးကြဦးမှာတဲ့။ ဒါဖြင့် မန္တလေးမြို့ဆိုတာလေးကများ ...။

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။