4 Nov 2006

တန်ဆောင်မုန်းလပြည့် (သို့) ဆေးပေါင်းခတဲ့ည

ဒီမှာတော့ ဘာတွေခနေလဲတော့ မသိတော့ဘူး။ မယ်ဇလီဖူးသုပ်လဲ ဘယ်နားမှာမှန်း မသိဘူး။ ကြက်သားနှင့်ဘူးသီး ကာလသားချက်လေးလဲ လွမ်းမိတယ်။ လက်ရာကောင်းကောင်းလေးလဲ မစားရတာကြာပြီ။ အခုတလောလည်း စိတ်က ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့။ စာတွေကလည်း အခုတလော ကြည့်စရာတွေများနေတယ်။ ကြည့်လို့ကို မပြီးနိုင်ပါ။ လပြည့်နေ့ဆိုတာ စာကြည့်တာကို ခဏရပ်ပြီး လွတ်လွတ်လပ်လပ် နာရီဝက်လောက် လပြည့်နေ့အကြောင်းလေး တွေနေလိုက်တယ်။

စိတ်အပန်းဖြေတဲ့ အနေနဲ့ပေါ့။ မန်းလေးမှာ လပြည့်နေပျော်ခဲ့တာလေးတွေ မျက်စိထဲမှာ ပေါ်လာတယ်။ လပြည့်နေ့ညတွေဆိုရင် မန်းလေး ကျုံးလမ်းနဲ့ ၇၃ လမ်းတို့လို လမ်းမတွေပေါ်မှာ ဆိုင်ကယ်တွေနဲ့ စည်ကားနေတတ်တယ်။ တစ်ချို့ကလည်း သီတင်းကျွတ်လက်ကျန် မီးပန်းလေးတွေကို လွှတ်ရင်းပေါ့။ အထူးသဖြင့် မင်္ဂလာတံတားနားက မီးတိုင်းကြီးမှာဆိုရင် တော်တော်လေး စည်ကားတာပေါ့။ နောက်တစ်နေရာကတော့ မန်းလေးတောင်ကြီးပေါ့။ လမင်းရဲ့ အေးမြတဲ့ အလင်းရောင်တွေအပြင် မီးရှူးမီးပန်းတွေရဲ့ ရောင်စုံခြယ်သမှုကြောင့်လည်း မန်းလေးတောင်ကြီးက ပိုပြီး သာယာလှပနေတော့သည်။ တောင်ပေါ်သို့တက်ကြသော ဆိုင်ကယ်တန်းကြီးကလည်း မီးရထားတွဲလေးများပမာ။ ဆောင်းဝင်စပြုနေဖြစ်သော မန်းလေးမှာ အအေးဒဏ်ကို အံတုရင်း ပျော်စရာ တန်ဆောင်တိုင်ညချမ်းလေးကို ဖြတ်သန်းရတာကလည်း မန်းလေးသူ မန်းလေးသားတို့အတွက် ပျော်စရာတစ်ခုပင်ဖြစ်သည်။

တန်ဆောင်တိုင်ညတွေကို တွေးမိရင် ရန်ကင်းတောင်ကြီးကို သွားပြီး ကာလသားကြက်ချက်စားခဲ့တာကိုတော့ ဘယ်လိုမှ မေ့မရပါ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတော့ ကျွန်တော်တို့သူငယ်ချင်းတစ်စု မြို့ထဲမှာ သိပ်ပြီး မလည်ချင်တော့တာနဲ့ ရန်ကင်းတောင်ကို သွားပြီး ကာလသားကြက်ချက်စားဖို့ရာ တိုင်ပင်ခဲ့ကြသည်။ ကြက်သားဟင်းချက်ရာတွင် ပိုပြီးပြည့်စုံစေရန် ဟိုအရွက်ခြောက်(မဲမဲလေးတွေဗျာ)လေးတွေကိုလည်း လိုက်ရှာပြီးဝယ်ခဲ့ကြသည်။ လိုအပ်တာများ ရရှိပြီးသည့်နောက် လူစု၊ ပြီးတော့ ဆိုင်ယ်လေးတွေ ကိုယ်စီနဲ့ ၁၉လမ်းမှတစ်ဆင့် ငရဲ့မင်းစေတီတည်ရှိရာ တောင်တော်ထူး ရန်ကင်းတောင်ကြီးဆီသို့ ချီတက်ခဲ့ကြသည်။ လိုအပ်တဲ့ ကြက်သားလေးကတော့ အဲဒီရောက်မှပဲ လိုက်ရှာရန် စီစဉ်ခဲ့ကြတယ်။ ရန်ကင်းတောင်ဘက်မှာတော့ ကြက်သားက ပေါမှပေါ့။ အသားတိုးကြက်ယူမလား၊ တိုက်ကြက်ယူမလား အဆင်ပြေသည်။ သို့သော် ဈေးကြီးသောကြောင့် တိုက်ကြက်ကို မယူခဲ့ကြပါ။ ၀ယ်မဲ့ဝယ်တော့လည်း သမ၀ါယမကောလိပ်ဝန်းထဲက အသိတစ်ယောက်ရဲ့ ကြက်ခြံကနေပဲ သွားပြီးဆွဲခဲ့ကြသည်။ ကြက်သားချက်စားရန် ဂျကာကို လိုက်ရှာလိုက်လာ မိုးညှင်းမှ သူငယ်ချင်းတစ်ယောက်နေသော အဆောင်လေးက ကွက်တိဖြစ်သွာသည်။ သူရဲ့အဆောင်လေးက ရန်ကင်းတောင်ရောက်ခါနီး မြောင်းလေးနားမှာ၊ အင်ဂျင်နီယာ ဦးမောင်မောင်ဖွင့်ထားသော အဆောင်လေးဖြစ်သည်။ ကျွန်တော်တို့ သူငယ်ချင်းတစ်စုအတွက်တော့ တော်တော်လေးအဆင်ပြေသည်။ ဒန်အိုးခွက်ယောက်ကလည်း အဲဒီကပဲ ယူ၍သုံးစွဲရန် အဆင်ပြေသည်။ ကြက်သားစတင်ချက်ရာတွင် ပြဿနာတစ်ခု တက်လေတော့သည်။ ဘာလဲဆိုတော့ ... ကြက် ... ဟုတ်ပါသည် .. ကြက်က အသေမဟုတ်။ အရှင်လတ်လတ်ကြီးတွေ ၀ယ်ခဲ့ကြသည်။ လပြည့်နေဆိုတော့လည်း ကုသိုလ်ကောင်းမှုလေးတွေလုပ်ပြီး ကုသိုလ်ယူနေချိန်မှာ ဘယ်သူမှ မသတ်ချင်။ ထို့ကြောင့် ကြက်သတ်ရန် အခက်တွေ့နေသည်။ ဒါနဲ့ပဲ နောက်ဆုံးဆုံဖြတ်လိုက်တာက အကုသိုလ်ကို ခွဲဝေယူရန်မှ တစ်ပါး အခြားမရှိတော့။ ငရဲအကြီးဆုံးကတော့ ကျွန်တော်နှင့် ပြည်ကြီး(အရူး)ပဲ။ တော်ပြီ .. ကြက်သတ်တာကတော့ ဒါနဲ့ပဲ ရပ်လိုက်မယ်။ လပြည့်နေ့ကြီး ကြက်သတ်တာကို ဆက်မတွေးချင်တော့ဘူး။ ကြက်သားကိုတော့ မိုးညှင်းမှာ သူငယ်ချင်းရဲ့ အသိတစ်ယောက်က လာချက်ပေးသည်။ ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာလည်း ချက်တတ်တာက တစ်ယောက်မှ မပါပါ။ အခုချိန်ဆိုရင်တော့ မပြောတတ်။ တစ်ချို့ကလည်း ချက်ရမှာဘယ်လောက်ပျင်းလဲဆိုရင် Chess တောင် မကစားချင်ကြ။ ကြက်သားဟင်းမကျက်မီ ဟိုမည်းမည်းလေးတွေလည်း ခတ်လိုက်ကြသေးသည်။ အဲဒီမည်းမည်းလေးတွေကတော့ ကြက်သားဟင်းစားပြီးမှ အစွမ်းပြမလားတော့ မသိ။ ခတ်တော့ ခတ်လိုက်တာပါပဲ။ ခဏကြာပြီးနောက် ကြက်သားဟင်းအိုးမှ အနံ့လေးက စားလို့ရပြီး ဖြစ်ကြောင်းသတိလာပေးသည်။ ထို့ကြောင့် သူငယ်ချင်းများ တပျော်တပါး ကာလသားကြက်သားဟင်းလေးကို မြိန်ရေယှက်ရေ အရသာရှိရှိ စွဲခဲ့ကြသည်။ ဒီကြားထဲ လူလိုမသိတတ်တဲ့ခွေးက ကြက်သားအိုးနားရောက်လာလို့ မောင်အရူးလေးက ဒါးနဲ့လိုက်ခုတ်လိုက်သေးသည်။ ရီလိုက်ရတာလည်း ကြက်သားဟင်းတောင် မြိုမကျချင်။ ဒီကောင်ရဲ့ စိတ်ကလည်း မလွယ်။ သူငယ်ချင်းတွေထဲမှာ အဆိုးဆုံးလို့ပြောလို့ရသည်။

ကြက်သား ဟင်းများကို မိန်ရေယှက်ရေ စားသုံးပြီးသည့်နောက် မန်းလေးညချမ်းကို ဖြတ်သန်းရန် မန်းလေးဘက်သို့ ခြေဦးပြန်လှည့်ခဲ့ကြသည်။ အပြန်လမ်းဖြစ်သည့် ပုသိမ်ကြီး-မန်းလေး ဆက်သွယ်ထားသည့် အောင်ပင်လယ် လမ်းကြီးပေါ်မှာတော့ လူသူသိပ်မရှိတော့လှပါ။ ကွင်းပြင်မို့လို့လားတေ့ မသိ အအေးက ပိုလာသည်။ မိန်းလမ်းဖြစ်သည့် ၁၉ လမ်းပေါ်သို့အရောက်မှာတော့ ဆိုင်ကယ်များ ပြိုင်ပွဲလုပ်လား အောင်းမေ့ရသည်။ တော်တော်စည်ကားနေပြီ။ ဆိုင်ကယ် စီးရင်းမီးရှူးလွှတ်တဲ့လူကလွှတ် တနူးရာ လုပ်တဲ့သူကလုပ်နဲ့ ရှုပ်ယှက်ခတ်နေသည်။ ဒီကြားထဲ တချို့နေရာလေးတွေမှာ သိုင်းပြိုင်ပွဲလေးတွေလည်း တွေ့ရတတ်သေးသည်။ ရဲတွေကတော့ စောင့်နေတာပါပဲ။ ဒီကြားထဲကို မရ ဖြစ်ချင်တော့လည်း ကြံဖန်ဖြစ်နေကြသည်။ ဖြစ်ကြတာကလည်း အုပ်စုလိုက်လေးတွေပေါ့။ ဒီအချိန်ဆိုတာကလည်း တစ်ချို့က ရှက်ကီ အရှိန်ကြောင့် ကောင်းနေတတ်သလို ဟိုဆေး သည်ဆေးလေးတွေကြောင့်လည်း စိတ်အရှိန်မြင့်နေကြသည် မဟုတ်ပါလား။

သည်လိုနဲ့ မန်းလေးကျုံးဘေးကို ၀ှီးရင်း မယ်ဇလီဖူးသုပ်လွေးရန် အလို့ငှာ မောင်အရူးရဲ့ မဒီလေး နေထိုင်ရာ ဇာနီယမင်းသူ အဆောင်သို့ ခြေဦးလှည့်ခဲ့ကြသည်။ အဲဒီအဆောင်ကတော့ မန်းလေးမှာ တော်တော်များများ သိကြပါသည်။ ၇၄နှင့်၇၅လမ်းကြား ၃၀နှင့်၃၁လမ်းကြားတွင် တည်ရှိပါသည်။ အဆောင်ရှေ့ကို ရောက်သွားတော့ ဂစ်တာမောင်များက ခိုသံများပေး၍ ဖျော်ဖြေနေလေပြီ။ ကျွန်တော်တို့ကတော့ ဘလာ .. ဘာမှမပါ၊ စားဖို့သက်သက်သာ လာခဲ့ကြသည်။ မောင်အရူးနှင့် မောင်အရူးရည်းစား (ပန်းသီး-အခုတော့ မန်းမပေါ့ .. ရသွားကြပြီကိုး) ကောင်းမှုကြောင့် မယ်ဇလီဖူးသုပ်လေးများ စားခဲ့ရသည်။ အဆောင်သူများရဲ့ လက်ရာကလည်း မဆိုးလှပါ။ သူတို့လည်း တတ်နိုင်သလောက် လက်စွမ်းပြကြသည် မဟုတ်ပါလား။ အဆောင်ရှေ့မှာ ခဏရပ်ထားတုန်း သူငယ်ချင်းသုံးလေးယောက်ကလည်း သူတို့ရဲ့ မျက်စိနဲ့ ပါးစပ်ကို အနားပေးကြ။ အခွင့်အရေးရရင် ရသလောက် အကျိုးရှိရှိ တနာရူးကြသည် .. အဲလေ .. စကားပြောကြသည်။ အဆောင်ရှေ့မှာတော့သိပ်ပြီး မချမ်းခဲ့ကြမှာ။ အဆောင်တစ်ဆောင်ရဲ့ ရှေ့မှာမီးဖိုတွေသည့် အတွက် မ လားခဲ့ကြသည်။ ဘယ်သူမှာတော့မသိ။ ဒါကလည်း လပြည့်ညမှာ နောက်ပြောင်ကြသည် အရသာပဲ မဟုတ်လား။ ပန်းသီးတို့ အဆောင်ရှေ့ရောက်တော့ မယ်ဇလီဖူးသုပ်စားလိုက် မီးလှုံလိုက်နဲ့ .. အတော်လေး ဟန်ကြသည်။ အချိန်ကြည့်လိုက်တော့ ညက တော်တော်ညည့်နက်နေပြီဖြစ်သည့်အတွက် ဆက်လက်ထွက်ခွာရန် ကြေငြာမောင်းထုကြသည်။ ထို့နောက် လည်စရာနေရာ ထပ်မံရွေးလိုက်တော့ ဘုတ်ကျတာက မိန်းဘက်။ တော်တော်စည်သည့်နေရာပေါ့။ ကိုလေးဖြူတို့ ကိုအငဲတို့ ပျော်ခဲ့ကြသည့် ကျောင်းတော်ကြီးပေါ့ဗျာ။ ကျွန်တော်တို့ ခေတ်ရောက်တော့ မိန်းဆိုတာက ဘာမှန်းမသိ အဆောင်ဆိုတာကလည်း ပိုက်ဆံပေး .. နေလို့ရတဲ့နေရာပါလား ဆိုတာပဲ သိတော့သည်။ ကျောင်းသာဖြစ်ပြီး ကျောင်းသားဘ၀ကို သိပ်ခံစားလို့ မရခဲ့။ နောက်ပိုင်းကျောင်းသားလေးတွေ ပိုဆိုးဦးမည်။ မိန်းဘက်မှာကတော့ အပြင်အဆောင်တွေကဘက်မှာ တော်တော်စည်တယ်။ သက်ဆိုင်ရာ သက်ဆိုင်ရာ လူတွေ အလွမ်းသယ်ကြ မယ်ဇလီဖူးသုပ်လေးများစားကြ မုန့်လုံးရေပေါ်လေးများ စားကြနဲ့ .. အလုပ်ကို ဖြစ်နေတာပဲ။ ဒီကြားထဲ တစ်ချို့သူငယ်ချင်းတွေက လက်ယားလို့ ဟိုဟားလေးတွေ ဒီနားရွေ့ ဒီဟာလေးတွေ ဟိုနားရွေ့လိုက်လုပ်ကြသည်။ တော်တော်တော့ ပျော်စရာကောင်းသည်။ ထိုသို့ အ၀ကဲပြီးသည့်နောက်တွင် မန်းလေးမဟာမြတ်မုနိ ကိုယ်တော်ကြီးသို့သွား၍ ပူဇော်ပြီးနောက် အိမ်သို့ပြန်ခဲ့ကြသည်။

တစ်ချို့တွေကလည်း နယူး၇ီးယား အကြိုလေ့ကျင့်သလား ထင်ရသည်။ ညလုံးပေါက် လည်သည့်လူတွေလည်း ရှိသည်။ မန်းလေးလူငယ်ပိုင်းတော်တော်များများမှာ အကျင့်တစ်ခုတော့ ရှိသည်။ အခါကြီးရက်ကြီးများမှာ တစ်ညလုံးဘယ်လောက်ပဲ လည်ခဲ့လည်ခဲ့ မနက်ပိုင်းလင်းခါနီးတွင့် ဘုရားကြီးသို့ သွားရောက်၍ မျက်နှာသစ်တော်ရေ ကပ်ပြီးမှာ အိပ်သို့ ပြန်ကြသည်။ ကျွန်တော်သည်လည်းပဲ သူငယ်ချင်းများနှင့် နယူရီးယားရောက်တိုင်း ထိုသို့လုပ်လေ့ရှိသည်။ မနက်စောစော ဘုရားကြီးမှာ မျက်နှာသစ်တော်ရေကပ် ရွှေဆိုင်းချပြီး ကုသိုလ်ယူရတာကလည်း မန်းလေးသူ မန်းလေးသားများရဲ့ ချစ်စဖွယ် အပြုအမူပဲ မဟုတ်ပါလား။

နောက်ပြီး ဒီနေ့လို့ရက်မျိုးမှာ တောင်ကြီးမှာတော့ မီးပုံပျံပွဲကြီးနဲ့တော်တော် စည်နေလောက်ပြီ။ အခါအခွင့်သင့်ရင်တော့ တောင်ကြီးကိုထပ်သွားချင်သေးသည်။ နောက်တစ်နေရာက မေမြို့၊ တစ်ချို့ မန်းလေးသူ မန်းလေးသားများလည်း မေမြို့သို့တက်ကြသည်။ အန်တ၇ာယ်တော့များသည်။ ကားရော ဆိုင်ကယ်ရော လမ်းမှာ ရှုပ်နေသည့်အတွက်ကြောင့် သိပ်တော့ မသွားချင်လှပါ။ ဒီနှစ် မေမြို့မှာ ပန်းပွဲတော် လုပ်မည်ဟုလည်း သိရသည်။ တော်တော်လေးကို စည်လောက်ရောပေါ့။ အင်း .. အခုဟာက တန်ဆောင်တိုင် လပြည့်ပေါ့ ဘာလိုနဲ့ပြီးသွားမှာပါပဲလေ။ နောက်လည်း နယူရီးယား ခရစ်စမတ် လာဦးမယ်။

ဒီညမှာတော့ သူများတွေပြောကြသလို လမင်းကြီးကို ကြည့်ပြီး ဆုတောင်းရဦးမယ်။ ဆုတောင်းပြည့်တယ်လို့ ပြောကြတာပဲ။ မယ်ဇလီဖူးသုပ်ကတော့ စိတ်ထဲကပဲ အ၀စားလိုက်တော့မယ်။ ဒီမှာ ညပိုင်းအပြင်ထွက်ရင်တော့ တော်တော်အေးနေပြီ။ စိမ့်နေတာပဲ။ အင်း ... ဆောင်း ... လပြည့်ညတွေ ... ကြည့်စရာစာတွေ ... သတိရစရာနေရာတွေ ... လုပ်စရာအလုပ်တွေ...

4 comments:

  1. အစ်ကိုရေး မှပဲမန်းလေးကို ပိုသတိရလာတယ်။အစကဒီလောက် မဆိုးသေးဘူး...အခုတော့မရတော့ဘူး...ပြန်ပြေး ချင် စိတ်ကို ပေါက်လာပြီ...

    ReplyDelete
  2. hey man. It's very interesting. I have told you rite... :)

    ReplyDelete
  3. ဝေဟင်ရေ ... အစ်ကိုလည်း မန်းလေးကို ပြန်ပြန်ပြေးတာ ခဏခဏပဲ (အိမ်မက်ထဲမှာ)

    နီတူး .... ဂျီတီစီက သူငယ်ချင်းတွေနဲ့ သွားခဲ့ကြတာကွာ တော်တော်ပျော်စရာ ကောင်းပါတယ်

    ReplyDelete
  4. ဟယ် မနေ့ည က အိမ် မှာမွေး ထား တဲ့ ကြက် လေး ပျောက် သွား တယ်...အာစိလက် ချက် လား ဟင်...(မှတ်ချက်-မိုးလင်းရင် တွန် တဲ့ကြက်နော် တစ် မျိုး ထင် မှာ စိုး လို့)... ဟား ဟား

    ReplyDelete

Thanks for your comment.