Skip to main content

Sharing: တောင်သမန်ကျိန်စာ - မောင်စွမ်းရည်

ဆရာမောင်စွမ်းရည်ရဲ့ ကလောင်စွမ်းအားကတော့ တကယ့်ကို ပီပြင်ပါတယ်ဗျာ။ ဆရာပြောတဲ့ ပုခုံးမှာဒေါက်၊ ခါးမှာဗြောက်ရှိတဲ့သူတွေရဲ့ လုပ်ရပ်ကတော့ တကယ့်ကို ကန်းကုန်ပါတယ်။ ရှေးကအမွေ ကျွန်းတိုင်တွေကို အုတ်တိုင်တွေ အစားထိုးလုပ်ပြစ်ရက်ပါပေ့ ... မြန်မာပြည်မှာကလည်း ကျွန်းက ရှားသကိုး။ အဲလို ရွှေဥာဏ်တော် စူးရောက်တဲ့လူတွေကို ဆရာတတ်စွမ်းတဲ့ ကလောင်လက်နက်နဲ့ တိုက်ခိုက်တဲ့ ထိချက်တော့ ပြင်းထန်ပါပေတယ်။ အထူးသဖြင့် "ရှေးကအမွေ၊ သမိုင်းမြေကို၊ သူ့အမေလင်၊ အမွေထင်လို့၊ ထင်တိုင်းတုံးတိ၊ စစ်သားပကတိ၊ ညီပါဘိ" ဆိုပြီး စပ်ထားတဲ့ စာသားလေးကို အခိုက်ဆုံးပဲဗျာ :D

“ တံတားသာဟန်၊ တောင်သမန်” တဲ့
ရန်ကုန်ဆရာ၊ မန်းကိုလာတော့
ကဗျာဥာဏ်ပွား၊ ဈာန်ဝင်စားလို့
တံတားကဗျာ၊ ခင်းခဲ့ပါသတဲ့။
မော်လမြိုင် မုဒုံ
ဒဂုန် ဒလ၊ ပဲခူးစလို့။
မြင်းခြံ မုံရွာ၊ မိတ္ထီလာနဲ့
ကသာနဗား၊ မြစ်သားစလို့။
အမေရိကန်၊ အင်္ဂလန်
ဂျပန် ယိုးဒယား၊
ဘင်္ဂလား စလို့။
ဝေးနေနီးနေ နှစ်ထွေများစွာ
ကမ္ဘာ့မြေခြား၊ ပင်လယ်ခြားလဲ
တဆင့်စကား၊ တဆင့်ကြားနဲ့
တံတားဟိုဘက်၊ ထန်းလက်တဲနန်း
ထန်းပြင်တန်းနဲ့၊
ထန်းတောအဆုံး၊ ထုံးဖြူဖြူနဲ့
ဘုရားနဲ့၊
တံတားသည်ဘက်၊ လက်ပံပင်ကမ်း
ဇရပ်တန်းနဲ့၊ ပတ်လမ်းနဲ့။
လက်ပန်ကုန်းမှာ၊ ဘုန်းကြီးကျောင်းနဲ့
တန်ဆောင်းနဲ့၊
သီလရှင်နဲ့၊ သံဃာနဲ့
တောင်သမန် ရွှေအင်း
လေညင်းကမွှေး၊ မယ်ဇယ်ဖွေးသနဲ့
နွေးရင်လဲသာ၊ အေးရင်လဲသာ
နွေခါတမျိုး၊ ဆောင်းတမျိုး
မယ်ဇယ်ရိပ်တန်း
ချွေးသိပ်ပန်းဖြေ၊ ထန်းရေချိုခါး
ငါးကြော် ဖါးကြော်၊ ဘူးသီးကြော်နဲ့
ပဲကြော်တမျိုး လှော်တမျိုး။
ထန်းပင်မြစ်ဖုတ်တမျိုး၊ ပြုတ်တမျိုး။
တံတားကောက်ကလိမ်
ရေတိမ် ရေနက်
သမိုင်းကကွက်၊ လှိုင်းဂယက်နဲ့
ကျက်သရေတမျိုး၊ အလှတိုး၊
ကုလားပဲခင်း၊ မြေပဲခင်းနဲ့
ပြောင်းခင်းစိမ်းစို
စိုပြီးရင်ဝါ၊
ရာသီတမျိုး၊ အလှတမျိုး၊
ညလဲတမျိုး၊ နေ့တမျိုး။
ရေပြင်မြင့်က၊ တံတားနိမ့်ကျ
တံတားမြင့်က၊ ရေပြင်နိမ့်ကျ
မြင့်ရနိမ့်ရ၊ ဆုတ်ရ တက်ရ
ကြည်ရ နောက်ရ၊ သဘာဝ
ဆောင်း ကတမျိုး၊ နွေတမျိုး၊
မြင့်နိမ့်ဆုတ်တိုး၊ အလှနှစ်မျိုး။

အချိုသောက်လိုက်၊ အခါး သောက်လိုက်
တံတားလျှောက်လိုက်၊ ဘုရားရောက်လိုက်
မယားငေါက်လိုက်၊ နွားငေါက်လိုက်နဲ့
ကြိုက်သလိုသွား၊
တံတားအို မှောင်ကိုလျှောက်မလား
ညရောက်တဲ့ါ၊ လမင်းသာလိမ့်
လမသာလဲ၊ ကြယ်ဖြာလိမ့်။

တံတားအလှ၊ သဘာဝမို့
ဘာမှမချယ်၊ ဘယ်ခါမဆို
ဝါညိုကော့လန်၊ ရေနံမသုတ်
ထုံးမသုတ်ဘူး
ရွှေလဲမချ၊ ငွေမသဘူး
ရှေးကအတိုင်း၊ သမိုင်းအမွေ
တိုချင်တို၊ ရှည်ချင်ရှည်
ရေမြေအလှ၊ သဘာဝနဲ့၊ ပနံရ။

တံတားကြမ်းခင်း
ကျဉ်းတာလဲရှိ၊ ကျယ်တာရှိ
တိုတာလဲရှိ၊ ရှည်တာရှိ။
တံတားတိုင်တွေ
ရိုင်တာလဲရှိ၊ ခိုင်တာရှိ၊ မြင့်တာလဲရှိ၊ နှိမ့်တာရှိ
ဘယ်သူမှလဲ လာမညှိ။

မညီမညာ၊ သည်နေရာကို
အလီလီ အလာက၊ ကြည့်သာသွား
ဘုန်းကြီးကျောင်းသား၊ နွားကျောင်းသားရော
သူတောင်းစားနဲ့ ပွဲစားရော
ရည်းစားပူနွေး၊ မပူအေးတဲ့
ကလေးကျောပိုး၊ မုဆိုးဖိုရော
လူပျိုရော၊
တခုလပ်ရော၊ စတုဗျပ်ရော၊
မပြတ်လာသွား
တံတားတိုင်တွေ၊ ထိကိုင်ရွှံ့ပေ
ရေချင်ရေမယ်၊
တိုရှည်ကျဲစိပ်၊ စိတ်မ၀င်စား။

အကြွေးယူတဲ့၊ ပွေးထူမရော
အကြွေးတောင်းတဲ့၊ သူဋ္ဌေးလောင်းရော
မောင်ရှင်လောင်းနဲ့၊ ဖါခေါင်းရော
မသာလောင်းနဲ့၊ ရွာခေါင်းရော
ငေါင်းစင်း ငေါင်းစင်း၊ သည်ကြမ်းခင်းမှာ
ခိုင်းတိုင်းလှုပ်လှုပ်၊ တကျုတ်ကျုတ်နဲ့
လှုပ်တိုင်းဂီတ၊ သဘာဝ
သဒ္ဓါကြွလို့၊ ကဗျာသသူသ
တခါတခါ၊ ကသူက
အာဏာပြသူ မရှိကြ။

ထန်းရေမော့သူလဲသိ
လှေဆော့သူလဲသိ
အရက်သမားလဲသိ၊ ကြက်သမားလဲသိ
ပိဋကတ်အိုးကွဲနဲ့၊ နခိုးလဲသိ
အရပ်ဂျပိုးနဲ့၊ ဖိနပ်သူခိုးလဲသိ
သိပင်သိငြား၊ လာသွားမတ္တ
ဖြတ်ကြလှီးကြ၊ မလုပ်ကြ
ကြမ်းကျိုး၊ ကြမ်းစားထိုး
တိုင်ကျိုး၊ တိုင်စားထိုး
အစားထိုးတိုင်၊ မတိုင်းမတိ
သမိုင်းအရှိ၊ အရိုင်းပကတိ
ညှိကာဖြတ်ကာ၊ ဘာမှမလုပ်
တိုင်ငုတ်တို ရှည်၊ မညီညာ
မညီခြင်းသာ၊ အလှပါ။

တနေ့သောခါ
ပခုံးမှာဒေါက်၊ ခါးမှာဗျောက်နဲ့
မြှောက်တက်စိမ်းပုတ်၊ ၀တုတ်ဂွတို
စစ်ဗိုလ်တယောက်၊ စိတ်ရူးပေါက်လို့
ခါးထောက်ငြင်ငြို၊ သ၀န်တိုသနဲ့
တိုကာရှည်ကာ၊ မြင့်တာနှိမ့်တာ
စိပ်တာ ကျဲတာ၊ အံလွဲကာနဲ့
ကောက်ကာကွေးတာ၊ မညီညာကို
မကြည်သာဟန်၊ ကလန်ကလား
စစ်သားမဆန်
ပုန်ကန်နိမိတ်၊ သူလန့်ထိတ်မိ
သတိသက်သာ၊ ညာညှိဘယ်ညှိ
ညီအောင်တိစေ၊ မိန့်တော်ချွေသတဲ့။
နိမ့်ချေ မြင့်ချေ၊ တိုးချေဆုတ်ချေ
အင်းတော်ရေလဲ၊ ညီစေညှိစေ
မဆုတ်စေနဲ့ ဧရာမြစ်က
ထာဝရရေ။ သွင်းကြစေတဲ့။
ရှေးကအမွေ၊ သမိုင်းမြေကို
သူ့အမေလင်
အမွေထင်လို့၊ ထင်တိုင်းတုံးတိ
စစ်သားပကတိ၊ ညီပါဘိ။

တနေ့သော်ကား
သတင်းကြားနဲ့၊ တံတားဒါယကာ
ဦးပိန်လာခဲ့၊
တိုကာတိကာ၊ မြင်လိုက်ပါသော်
ကျောက်စာထွင်းထု၊ ကျိန်စာပြုသတဲ့
“ပုတုတ်ဂွတို၊ စစ်ဗိုလ်သတ္တ၀ါ
ငတုံးကာသည်
ရောက်ရာဘ၀၊ ပုကွနိမ့်တို
ကောက်ရိုးမှိုသို့၊ တိုတိုစီစီ
ညီစေသတည်း”

--
မောင်စွမ်းရည်
၂၀၀၉ ဒီဇင်ဘာ ၁၃

ကဗျာဖတ်ပြီး တောင်သမန်အင်းကို သတိရတုန်းမှာ ကြက်သီးထစရာကြုံခဲ့ရတဲ့အဖြစ်အပျက်လေးကို ပြောပြပါဦးမယ်။ တစ်ခါက သူငယ်ချင်းတွေနဲ့ တောင်သမန်အင်းဘက်ကို ဘီယာသွားသောက်ကြတယ်။ ရေများနေတဲ့အချိန် အင်းကိုလည်းရောက်ရော အင်းထဲက ဝါးဖောင်ပေါ်မှာ ရစ်ရွှေရည်နဲ့ ငါးကြော်လေးနဲ့ ဇိမ်ခံကြသည်ပေါ့။ ငါးကြော်ဆိုတာကလည်း ငဇင်ရိုင်းလို့ခေါ်တဲ့ လက်သန်းလောက်ရှိတဲ့ ငါးလေးတွေပါ။ တစ်ချို့ ငါးပိုက်နဲ့ဖမ်းလို့ ရလာတယ်။ တစ်ချို့က မျှားလို့ရလာတဲ့ငါးတွေပါ။ အဲဒီလို ငါးလေးတွေ တကျွတ်ကျွတ်နဲ့ ဝါးလိုက် ရစ်ရွှေရည်လေး အာခေါင်ထဲလောင်းထည့်လိုက် ဇိမ်ကျနေတုန်း ပါးစပ်ထဲမှာ မာကျောကျောအရာတစ်ခုကို ဝါးမိသလို ခံစားလိုက်ရလို့ ပြန်ပြီးထွေးထုတ်ကြည့်လိုက်တော့ ကြက်သီးထစရာ ငါးမျှားချိတ် ဖြစ်နေတယ်။ အဲကျမှ သဘောပေါက်လိုက်တယ် ... အဲဒီငါးဟာ ငါးမျှားချိတ်နဲ့ ဖမ်းလို့ရလာတဲ့ ငါးပါလားလို့ :D

ဗိုက်ထဲသာ ရောက်သွားလို့ကတော့ .... +-*&%$ ... အဲဒီတော့ တောင်သမန်ဘက်ကို သွားရောက်လည်ပတ်ပြီး အလှအပခံစားရင်း စားကြသောက်ကြမည့် မိတ်ဆွေများကို ငါးကြော်မှာစားရင် ကြည့်ကြပ်သတိထားပြီးစားကြပါလို့ ခင်မင်ရင်းနှီးစွာ သတိပေးလိုက်ရပါတယ် :)

Comments

Popular posts from this blog

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။

eBook : သီပေါမင်းပါတော်မူ အရေးတော်ပုံ - အမျိုးသားပညာဝန် ဦးဖိုးကျား

Download
သီပေါမင်းပါတော်မမူမီနှင့် ပါတော်မူပြီးခါစ နိုင်ငံအခြေအနေ ... ပါတော်မူရခြင်း အကြောင်းအရင်းတို့ကို နိုင်ငံခြားသားတို့က မဟုတ်မမှန် ဖော်ပြရေးသားထားမှုများအား အမျိုးသားပညာဝန် ဦးဖိုးကျားက တုံ့ပြန်ချေပထားသော စာအုပ်

Buddhapadipa Temple

Camera: Nikon D7000 | 35mm, F8 @ 1/200s, ISO 200 Software : Adobe Lightroom, Photoshop © Chan Mya Soe