Skip to main content

Sharing: မြနန္ဒာရေညိုသန်းတယ် ရွှေမန်းတောင်ရိပ်ခို

သင်္ကြန်ကျပြီဆိုမှဖြင့် ဟိုကဒီက သင်္ကြန်သီချင်းတွေ ‘တူးပို့ တူးပို့ တူးပို့’ နဲ့ ကြားကြရပြန်ပြီလေ။ အဲဒီ သင်္ကြန်သီချင်းတွေထဲမှာ ကြားရတာ များလွန်းလို့ နားထဲမှာ ရိုးအီနေကြပြီမို့ ‘မြနန္ဒာ ရေညိုညိုရစ်ခတ်သန်းတယ် ရွှေမန်းတောင်ရိပ် အတူတူ ခိုသူ ပျိုဖြူတွေရယ်’ လို့များ ဆိုလိုက်ရင်ဖြင့် ဒါ သင်္ကြန်သီချင်း မြနန္ဒာလို့ ပြောတဲ့သူက ပြောမယ်။ ဒါမြို့မငြိမ်းရဲ့ သင်္ကြန်သီချင်းပေါ့ မန်းတောင်ရိပ်ခိုလေလို့ ပြောတဲ့သူက ပြောမယ်။

မြနန္ဒာလို့ လူသိများနေပေမဲ့ တကယ့် နာမည်အမှန်က မန်းတောင်ရိပ်ခို ဖြစ်ပါတယ်။ ကြာတော့လဲ ကြာခဲ့ပြီလေ။ ဒီ မန်းတောင်ရိပ်ခို သီချင်းကို စပြီး ကြားဖူးတာက ကျွန်တော် လေးတန်းကျောင်းသား ဘဝမှာပေါ့။

ကျွန်တော့်ဇာတိမြို့က အညာမှာ။ အဲဒီတုန်းက ရပ်ကွက်ထဲမှာ ဘုရားပွဲရှိရင် ကွင်းပြင်ကြီးထဲမှာ ပိတ်ကားကြီး ထောင်ပြတဲ့ ရုပ်ရှင် အလကားကြည့်ရတယ်။ ကြော်ငြာ အတိုအစတွေလဲ ပါတယ်။ ပွင့်ကောင်း ငါးပိ ငံပြာရည် ကြော်ငြာတို့၊ ကာတွန်းဦးဗကလေးရဲ့ ကာတွန်းကိုလဲ ကြည့်ရတယ်။ ဘုရား ထီးတင်ပွဲ သတင်းတို့၊ သတင်း တိုလီ ထွာလီတွေလဲ ပါတယ်။

အသေးစိပ် ကောင်းကောင်း မမှတ်မိတော့ပါ။ မှတ်မိနေတာက အဆိုတော် ဦးအံ့ကြီး နဲ့ နိုင်ငံခြားသားတွေ သီချင်းဆိုကြတဲ့ ရုပ်ရှင်ကားပိုင်းတိုကလေးပါ။ အကော်ဒီယံတွေ ဂီတာကြီးတွေနဲ့ သူတို့ ဆိုတဲ့သီချင်းက မန်းတောင်ရိပ်ခို ပါပဲ။ အဲဒီ နိုင်ငံခြားသားတွေက အာလုပ်သံကြီးတွေနဲ့ မြနန္ဒာ ရေညိုညို ရစ်ခတ်သန်းတယ် ရွှေမန်းတောင်ရိပ် အတူတူခိုသူ ပျိုဖြူတွေရယ် လို့ ဗမာလို ဆိုနေတော့ ကလေးပီပီ သိပ် အံ့သြတာပဲ။ ‘ဟာ နိုင်ငံခြားသားကြီးတွေက ဗမာလို ဆိုတယ်ဟ’ ပေါ့လေ။

အဲဒီလို မန်းတောင်ရိပ်ခို သီချင်းကို စပြီး ကြားဖူးခဲ့တယ်။ စပြီး စွဲမိတယ် ဆိုပါတော့။ အလယ်တန်း ကျောင်းသားဘဝ ရောက်တော့ သီချင်းစာသားကို သီချင်း စာအုပ်တွေမှာ ရှာတတ်ပြီ။ သီချင်းအလိုက်ကိုတော့ အဖေနဲ့အမေတို့က ဆိုပြကြလို့ တော်တော် ရလာတယ်။ အဲဒီအချိန်မှာ ဝါသနာ စပါလာတဲ့ ပလွေလဲမှုတ် ဟာမိုနီကာလဲ မှုတ်ကျင့်ပေါ့။ ဒီလိုနဲ့ နောက်တော့ သင်္ကြန်ကျပြီ ဆိုမှဖြင့် သင်္ကြန်မဏ္ဍပ်တွေမှာရော ရေပက်ခံကားတွေနဲ့ရော တခါလာ မန်းတောင်ရိပ်ခို၊ နောက်တခါလာလဲ မန်းတောင်ရိပ်ခိုပဲ။ သူငယ်ချင်းတွေနဲ့ ဆိုလိုက် ကလိုက်ပေါ့။ ပျော်ခဲ့တယ်။

ဒီလိုနဲ့ အထက်တန်း၊ ကောလိပ်၊ ဘဝတက္ကသိုလ်ပါ ဖြတ်သန်းလာခဲ့ပြီ။ ဒီနေ့အထိပဲ သင်္ကြန်ကျပြီ ဆိုမှဖြင့် သင်္ကြန်ပိုး ထတဲ့ပြီး မြနန္ဒာ ရေညိုညို ရစ်ခတ်သန်းတယ် လောက်တော့ ဟစ်လိုက်ချင်သေးတယ်။

မန်းတောင်ရိပ်ခို သီချင်းကို အရပ်ထဲ ရုပ်ရှင်ထဲ စီဒီထဲ ဗီစီဒီထဲမှာ ကြားရလွန်းလို့ သီချင်းနဲ့တော့ ရင်းနှီးနေကြပြီ။ သီချင်း ရေးတဲ့သူ ဘယ်သူလဲဆိုတာ နည်းနည်း သိတဲ့လူက မြို့မငြိမ်း ရေးတယ်လို့ ပြောမယ်။

တကယ်တော့ မန်းတောင်ရိပ်ခို သီချင်းကို ဆရာကြီးသုံးဦးက တပိုဒ်စီ ရေးခဲ့ကြတာပါ။ ဆရာကြီး အေဝမ်းဆရာညှာ ခေါ် မန္တလာညှာ၊ ဆရာကြီး မြို့မငြိမ်း၊ ဆရာကြီး ဦးဘသိန်း(မန္တလေး) တို့ သုံးဦး ဖြစ်ပါတယ်။

အေဝမ်း ဆရာညှာ (ခ) မန္တလာညှာ

“ချိုပြုံး ရွှင်သော နှမပျိုငယ်၊ တကိုယ်လုံးပင်ချော အလှပိုတယ် xxxx ရိုးရိုးသားသားနဲ့ ကျုပ်တို့မြို့မက ကျေနပ်တယ်” အပိုဒ်ကို ဆရာကြီး အေဝမ်းဆရာညှာ ခေါ် မန္တလာညှာက ရေးပါတယ်။

မြို့မငြိမ်း

သံပြိုင်ပိုဒ်ဖြစ်တဲ့ “မြနန္ဒာ ရေညိုညို ရစ်ခတ်သန်းတယ် ရွှေမန်းတောင်ရိပ် အတူတူခိုသူ ပျိုဖြူတွေရယ် xxxx နိမိတ်ကောင်းယူမယ် နှစ်ဦးသင်္ကြန်တော် ဝယ်” ကို ဆရာကြီး မြို့မငြိမ်းက ရေးပါတယ်။

ဦးဘသိန်း (မန္တလေး)

“ခါးသေးနွဲ့ မူယာကြွယ် လှဂုဏ်မြင့်ထယ် xxxx မောင်တို့ လာချေပေါ့ကွယ် ကညာမေကျော့ရဲ့ ငွေငန်းထွက်ခါလယ်” အပိုဒ်ကို ဆရာကြီး ဦးဘသိန်း(မန္တလေး) က ရေးပါတယ်။

တေးသံရှင် ကိုအံ့ကြီး

မန်းတောင်ရိပ်ခိုသီချင်းကို ပထမဦးဆုံး သီဆိုသူကတော့ ကိုအံ့ကြီး ဖြစ်ပါတယ်။ ရန်ကုန်မှာ ဘီတီဘရားသား မိသားစု တီးဝိုင်းနဲ့ အသံသွင်းပါတယ်။ ဘီတီဘရားသား ဦးဘဦးလေး နဲ့ ရန်ကုန်မှာ ရွှေဂုန်မြို့မအသင်း တည်ထောင်ထားတဲ့ မန္တလေး မြို့မ ဦးလှဒင် တို့က ဆရာကြီးသုံးဦးရဲ့ ရေးပြီးသား သီချင်းတွေထဲက တပိုဒ်စီယူပြီး မန်းတောင်ရိပ်ခို သင်္ကြန်သီချင်း လို့ နာမည်ပေးပြီး ကိုအံ့ကြီးက သီဆိုပါတယ်။

အဲဒီ ပထမဦးဆုံး အသံသွင်းထားတဲ့ သီချင်းကို ဒီနေ့မှာ ကြားဖူးသူ တော်တော် နည်းလိမ့်မယ်။ တီးမှုတ်တာက ဘီတီဘရားသား မိသားစု တီးဝိုင်းနဲ့ ဆိုတော့ သီချင်းစာသားထဲမှာ မြို့မ နာမည် ပါနေပေမဲ့ အဲဒီ မူလ အသံသွင်းထားတဲ့ သီချင်းမှာ မန္တလေးမြို့မ အဖွဲ့ကြီးရဲ့ တီးလုံး ဟန်ပန်တွေ မပါသေးပါ။

နောက်ပိုင်းမှာတော့ သီဆိုသူတွေကိုလဲ မရေနိုင်တော့ပါ။ ပြန်ဆိုထားတဲ့ သီချင်းတွေမှာ သီချင်းစာသားတွေလဲ နည်းနည်းစီ ကွဲလာတယ်။ ဦးအံ့ကြီး ဆိုထားတာတောင်မှ စာအုပ်ထဲက စာသားနဲ့ ကွဲပြားနေတာတွေ တွေ့ရသေးတယ်။ မူရင်း အဓိပ္ပာယ်တွေတော့ ပြောင်းမသွားဘူးပေါ့။

သီချင်းအလိုက်ကလဲ ဒီလိုပါပဲ။ နောက်ပိုင်းမှာ သီဆိုသူတွေက လုံးထပ်ကလေးတွေ ထည့်ပြီး ကွန့်ဆိုကြတာတွေလဲ ရှိတယ်။ မြန်မာ့ ဆိုင်းဝိုင်းကြီးတွေနဲ့ရော သံစုံဝိုင်းကြီးတွေနဲ့ပါ တီးကြတယ်။ မန္တလေး မြို့မ အဖွဲ့ကြီးကလဲ တီးပါတယ်။ အတီးမှာလဲ မန္တလေး မြို့မ အဖွဲ့ကြီးရဲ့ တီးလုံး ဟန်ပန်ဖြစ်တဲ့ ခြောက်လုံးပတ် အဆို့အပို့တွေ ထည့်လာတယ်။ သင်္ကြန်တီးလုံး အသွား ဖြစ်တဲ့ ‘တူးပို့ တူးပို့ တူးပို့’ပေါ့။

တာပလာဦးလှဒင် (ခ) သံဖြူတန်းဦးလှဒင်

ဘယ်လိုပဲ ဆိုဆို၊ ဘယ်လိုပဲ တီးတီး၊ သင်္ကြန်သီချင်းဆိုရင် ‘တူးပို့ တူးပို့ တူးပို့’ ပါပဲ။ ‘တူးပို့ တူးပို့ တူးပို့’ ဆိုရင် သင်္ကြန်ရေသဘင် တီးလုံး အသွား လို့ သမိုင်းတခေတ် တွင်ရစ်အောင် ဆရာကြီး မြို့မငြိမ်းနဲ့ မြို့မအဖွဲ့ ဒိုးဆရာ တာပလာဗုံ အတီးကောင်းလို့ တာပလာဦးလှဒင်လို့ ခေါ်ကြတဲ့ သံဖြူတန်း ဦးလှဒင်တို့ တီထွင်သွားတဲ့ “စည်တိုသုံးချက် တီးလုံးအသွား” ကို ဘယ်ဟာနဲ့မှ အစားမထိုးနိုင်ပါ။

မန်းတောင်ရိပ် အတူခိုလို့ သင်္ကြန်အခါ မြန်မာ့ နှစ်သစ်မှာ ရွှင်လန်း ချမ်းမြေ့ကြပါစေ။ ။

Via : မြနန္ဒာရေညိုသန်းတယ် ရွှေမန်းတောင်ရိပ်ခို
ရန်ဝင်း (တောင်တံခါး)
ဧပြီ ၁၁၊ ၂၀၀၉


(၁) ပြည်သူချစ်သော အနုပညာသည်များ [ လူထုဒေါ်အမာ ]

(၂) မြို့မငြိမ်းနှင့် သူ့အနုပညာ [ သန်းအောင်ခိုင် ]

(၃) အတာတေးနှင့်မန္တလေးသင်္ကြန် [ အောင်အောင် (ယဉ်မွန်) ]

စာအုပ်များကို အထူး ကျေးဇူးတင်စွာနဲ့ ကိုးကားပါတယ်။

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ချစ်ခြင်းရင်ခုန် ယုံကြည်စွာဖြင့်

မန္တလေးမှာ ရိုက်ထားတဲ့ ဇာတ်လမ်းလေး၊ အရမ်းကြိုက်တယ်။ ရန်ကင်တောင်နားက နည်းပညာတက္ကသိုလ်ထဲမှာ နောက်ခံထားပြီးရိုက်ထားတယ်။ နောက်ခံသီချင်းလေးလည်း အရမ်းမိုက်တယ်။ ဒွေး ဆိုထားတာ။ ဒီဇာတ်ကားလေးကြည့်ပြီး နည်းပညာတက္ကသိုလ်မှာ Evening Class တက်တုန်းက သွားခဲ့တဲ့အချိန်တွေကို သတိရမိတယ်။ တကယ်တော့နည်းပညာတက္ကသိုလ်ဟာ ကျွန်တော်အရင်တုန်းက နေခဲ့တဲ့အိမ်နဲ့ နီးနီးလေး။ အရင်တုန်းက ရန်ကင်းတောင်ခြေက မန္တလေး သမ၀ါယမကောလိပ်မှာ နေခဲ့တယ်။ ငယ်ငယ်လေးကတည်းကပေါ့။ ရန်ကင်းတောင်တ၀ိုက်ဟာ အရမ်းသာယာတဲ့နေရာလေးပါပဲ။ ရေတံခွန်တောင်နဲ့လည်း နီးနီးလေး။ မေမြို့ကိုလည်း ဆက်သွားလို့ရသေးတယ်။ ပြီးတော့ ရန်ကင်းတောင်ခြေနားလေးမှာ မြကျောက်စေတီဆိုတာရှိတယ်။ အဲဒီမှာ သဘာဝအတိုင်း ရေသန့်တွေထွက်နေတယ်။ မြကျောက်ဆရာတော် ဆိုတာလည်းရှိတယ်။ နာမည်ကြီးပေါ့။ လူကြီးပိုင်းတွေ တော်တော်ကိုးကွယ်ကြတယ်။ အထူးသဖြင့် နန်းတွင်းထဲက လုလင်တွေပေါ့။ ဒီဇာတ်ကားလေးတင်ပေးတဲ့ ခရမ်းပြာအိမ်မက် မှ ကိုကို မမ များကို ကျေးဇူးတင်ပါ၏။ [ အပိုင်း ၁ ] [ အပိုင်း ၂ ]

၁၀ တန်းအောင်စာရင်းများ ထွက်

မနေ့က ၁၀ တန်း အောင်စာရင်းများ ထွက်တယ်လို့သိရပါတယ်။ ရန်ကုန်မှာတော့ အောင်ချက် တော်တော် ကောင်းပြီး ဂုဏ်ထူးထွက်သူတွေလည်း များတယ်လို့သိရပါတယ်။ အဲဒီလို အောင်စာရင်းထွက်တဲ့နေ့ဆိုရင် မန္တလေးကို သတိရမိတယ်၊ ပြီးတော့ (၁၆) အ.ထ.က။ ကျွန်တော်တို့ ၁၀ တန်းအောင်စာရင်းထွက်တဲ့နှစ် (၂၀၀၀)တုန်းက ဆိုရင် မိုးတွေရွာလိုက်တာ အမုန်းပဲ။ မိုးရွာထဲမှာပေါ့ ပျော်တဲ့သူကပျော်၊ ၀မ်းနည်းသူက ၀မ်းနည်း။ ဂုဏ်ထူးမပါလို့ စိတ်ညစ်တဲ့သူက ညစ်နဲ့၊ စုံနေတာပဲ။ အောင်စာရင်းကြည့်ကြည့် ပြီးချင်း အဖေနဲ့ အမေကို သွားပြောတယ်။ တစ်မိသားစုလုံးပျော်လို့ပေါ့။ ပြီးတော့ ၁၆ ကျောင်းက ဆရာမတွေဆီကိုသွားတယ်။ ကျောင်းကိုရောက်တော့လည်း ပျော်စရာကြီး၊ ဆရာ/ဆရာမတွေက သူတို့တပည့်တွေအတွက် အရမ်းကို ပျော် နေကြတယ်လေ။ အဲဒီလိုနေ့မျိုးကတော့ ဘယ်အချိန်၊ ဘယ်နေရာကိုရောက်ရောက်၊ ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်နဲ့ Online မှာမိတ်ဆွေဖြစ်နေသူ တစ်ယောက်ဟာ ၁၆ ကျောင်းက ကျောင်းသူဟောင်း ဆိုတာဒီနေ့သိလိုက်ရတယ်။ သူကကျွန်တော့်ကို စိတ်အဟာရဆေးတွေလည်းတိုက်သွားသေးတယ်။ အရမ်းကျေးဇူးတင်ပါတယ်ဗျာ။