Skip to main content

ကော်ဖီကြိုက်သူ

Coffee Lover 

ကော်ဖီတစ်ခွက် မုန့်တစ်ဘက်နှင့်၊ တစ်ခဏတာ အမောဖြေဖျောက်၊ ဒီလူတစ်ယောက်မှာ မနက်ဖြန်များစွာ ဆက်ခါသာ ခရီးဆက်ရဦးမည်ပါတကား။ [CMS] :P
ပြီးခဲ့သည့်တစ်ပတ်က ကင်မရာဖြင့် လက်ဆော့နေတုန်း ဒီလူကြီး ကင်မရာရှေ့ရောက်လာတာနဲ့ ခလုတ်နှိပ်ထည့်လိုက်တာ :D သူ့ကိုကြည့်ရတာ ကော်ဖီကြိုက်တဲ့ ပုံစံမျိုးပဲ။

သူသောက်နေတဲ့ တံဆိပ်ကိုတော့ ကျွန်တော်မကြိုက်။ သို့သော်လည်း Starbucks သည် Apple လိုပဲ။ ဘာမှန်းမသိ နာမည်နဲ့ပဲ စားစားသွားသည်။ အရသာကိုတော့ ကျွန်တော်လုံးဝမကြိုက်။  ကျွန်တော်ကြိုက်သည်က ခပ်ပြင်းပြင်းကော်ဖီမျိုး ဥပမာ .. Costa, Nero and Pret A Manger 

ရတနာပုံ မြို့တော်ကြီးမှာ နေတုန်းကတော့ ကော်ဖီထက်စာလျှင် လဘက်ရည်ကို ပိုသောက်ဖြစ်သည်။ ကော်ဖီသောက်လျှင်လည်း အမူးပြေ ဘလက်ကော်ဖီသာ သောက်ဖြစ်သည် :P ကော်ဖီ လဘက်ရည်အကြောင်းပြောရင်း ငယ်ငယ်တုန်းက လူကြီးတွေ လဘက်ရည်သောက်တဲ့ ပုံစံကိုလည်း မြင်ယောင်မိသည်။ လဘက်ရည်သောက်ပြီဆိုလျှင် ခွက်ဖြင့်မသောက် ခွက်အောက်ခံ ပုဂံပြားထဲသို့ အရင်ထည့်ပြီး တဂွတ်ဂွတ်သောက်သုံးကြသည်။ ထိုအလေ့အထမှာ မည်သူစပြီး ထွင်လိုက်သည်မသိ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ကျွန်တော်တွေ့ဖူး ဆုံဖူးသော ကျေးလက်နေ သက်ကြီးရွယ်အိုများဆိုလျှင် နေ့တစ်နေ့အဖို့ လဘက်ရည်တစ်ခွက်နှင့် ဖက်ကြမ်းတစ်လိပ် ခဲလိုက်ရမှ ထိုနေ့သည် သူတို့အတွက် ပြီးပြည့်စုံသောနေ့ဖြစ်မည်။ သို့မဟုတ်ကား ထိုနေ့သည် တစ်ခုခု လိုနေသလိုလိုပင်။

 မြန်မာပြည်တွင် ရပ်ကွက်တိုင်း လမ်းတိုင်းလိုလိုတွင် ကွမ်းယာဆိုင် ရှိသကဲ့သို့ လန်ဒန်မြို့ မြို့ထဲတွင်လည်း ကော်ဖီဆိုင်တွေက ပေါချင်းသောချင်းပင်။ တစ်ချို့ဆိုင်တွေဆိုလျှင် တဘလောက် (ရန်ကုန်အခေါ်) သို့မဟုတ် တစ်ပြ(မန်းလေးအခေါ်) ထဲမှာပင် နာမည်တူဆိုင် နှစ်ဆိုင် သုံးဆိုင် ရှိကြသည်။ အနောက်နိုင်ငံသားများသည် ကော်ဖီ နှင့် ဘီယာကို ရေကဲ့သို့ သောက်သုံးကြသည်။ ထူးဆန်းပေစွ။ ဒါ့ကြောင့်လည်း save water, drink beer ဆိုတဲ့စကားပေါ်ပေါက်လာတာဖြစ်မယ် =)

ကော်ဖီကို သို့မဟုတ် လဘက်ရည်ကို တစ်နေ့တစ်ခွက်လောက် ပုံမှန်သောက်သုံးရင် ကျန်းမာရေးကောင်းပြီး ရောဂါတစ်ချို့ကို ကာကွယ်နိုင်တယ်ပါတယ်။ ဒါပေမဲ့ တန်ရင်ဆေး လွန်ရင်ဘေးဖြစ်တတ်တယ်ဆိုတာကိုလည်း သတိမူစေချင်ပါတယ်။ ကော်ဖီနှင့် လဘက်ရည်တို့ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။

စကားမစပ် ... cappuccino တစ်ခွက်လောက် သွားသောက်ဦးမယ်ဗျာ။ see you later ;)

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။