ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစပြီး Colindale ဘုန်းကြီးကျောင်းမှာ ရောက်နေခဲ့တာ ဒီနေ့မှပဲ ပြန်ရောက်တော့တယ်။ ။ တနင်္ဂနွေနေ့က အလုပ်ပြီးပြီးချင်း ဘုန်းဘုန်းဆီရောက်တော့ အန်တီစုမွေးနေ့ ကျင်းပမယ်လို့ သိရတယ်။ အဲဒါနဲ့ လိုက်သွားပြီး လုပ်အားပေးလိုက်တယ်။ အန်တီစုကိုချစ်သူများ နှင့် လေးစားကြသူများ တော်တော်များများ တက်ရောက်ကြပါတယ်။ အဲဒီနေ့က သံရုံးမှာလည်း ခင်မောင်တိုးတို့အဖွဲ့ ဖျော်ဖြေတဲ့ပွဲ လုပ်ကြပါတယ်။ ပထမဆုံးအနေနဲ့ ဘုန်းဘုန်းက အခမ်းအနားမှာ နမောတသ သုံးကြိမ်ရွတ်ဆိုပြီး အန်တီစုအတွက် ဆုတောင်းတွေကိုရှေ့ကနေ တိုင်ပေးတယ်။ စိတ်ထဲမှာတော့ တစ်မျိုးပဲဗျာ။ ၀မ်းနည်းသလိုလို စိတ်မကောင်းဖြစ်မိသလိုလိုတော့ ခံစားရတယ်။ နောက် ... ကျန်တဲ့ ဘာသာဝင်များကလည်း သူတို့ ဘာသာအလိုက် အန်တီစုအတွက် ဆုတောင်းပေးကြတယ်။ ဆုတောင်းပေးတဲ့ စကားတွေဟာ ရင်ထဲမှာ အရမ်းထိတယ်။ အရိုးသားဆုံး ၀န်ခံရရင် ကျွန်တော်စိတ်မကောင်းဖြစ်မိပြီး မျက်ရည်တောင် ၀ဲမိတယ်။ ၁၉ နှစ်လုံးလုံးဗျာ ... ။
အဲဒီနောက်မှာတော့ တီးဝိုင်းနဲ့အတူ အန်တီစုအတွက် အမှတ်တရတေးများ ဂုဏ်ပြုတေးတွေကိုသီဆိုကြတယ်။ တစ်ချို့သီချင်းတွေကို နားစဉ်မိတဲ့အခါ ကြက်သီးထပြီး စိတ်တွေကြွလာသလို စိတ်မကောင်းလည်း ဖြစ်မိတယ်။ လှောင်ချိုင့်ထဲက ငှက်ကလေး၊ ငြိမ်းချမ်းရေး နတ်သမီး စတဲ့သီချင်းတွေကို သီဆိုခဲ့ကြတယ်။ ကိုပါစကဲ ဆိုတဲ့သူကလည်း သူ့ကိုယ်တိုင်ရေးတဲ့ ရေဒီယို ဇာတ်လမ်းလေးတစ်ပုဒ်နဲ့လည်း ပရိသတ်ကို ဖျော်ဖြေခဲ့ပါတယ်။ ဟာသဥာဏ်ရွှင်လန်းပြီး ထိထိမိမိရှိလှတဲ့ စကားလုံးတွေပဲပြောတဲ့ ပြဇာတ်လေးကလည်း ဒီပွဲမှာ အမှတ်တရဖြစ်စေခဲ့ပါတယ်။
ပွဲလာပရိသတ်များအတွက်လည်း မြန်မာ အစားအစာတွေနဲ့လည်း တည်ခင်းဧည့်ခံခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ အဖွဲ့လိုက် သီချင်းတစ်ပုဒ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပါတယ်။ အဲဒီသီချင်းလေးကလည်း ခံစားမှု ရှိလွန်းလှပါတယ်။ ပွဲပြီးသွားတော့ ကျွန်တော်မရမက လိုက်ရှာပြီး ခဏခဏ နားထောင်မိတယ်။ တစ်ချို့စာသားတွေက ရင်ထဲမှာ စွဲနေတယ်
ဒီကမ္ဘာမှာ စစ် စစ် စစ်မဖြစ်ရာမြေ
တစ်နေရာ ရှိ ရှိ ရှိရမယ်လေ
နက်ရှိုင်းတဲ့တောရဲ့ ရင်ခွင်မှာပျော်နေ ... သဘာဝရဲ့ ရင်သွေးငယ်တွေ
ကျွန်တော်လည်း အခမ်းအနားပြီး အားလုံးသိမ်းဆည်းပြီးတော့မှပဲ ဘုန်းဘုန်းရဲ့ကျောင်းကို ပြန်လာခဲ့တယ်။ နောက် ... သုံးလေး ငါးရက်လောက်လည်း ဘုန်းဘုန်းကျောင်းမှာပဲနေနေခဲ့တယ်။ စိတ်ထဲမှာ တစ်ခုခုအတွက်ရည်စူးပြီး ကျောင်းရဲ့ ဝေယျာဝစ္စတွေကို အတတ်နိုင်ဆုံး လုပ်ပေးခဲ့တယ်။ အခုတလော စိတ်ထဲမှာ တစ်ခုခုအတွက် စိုးရိမ်ပူပန်မှုတွေ များနေတာလည်း ပါပါတယ်။ အဲဒီအတွက် ဘုရားရိပ် တရားရိပ်မှာနေပြီး စိတ်ဖြေနေတဲ့သဘောလည်း ဖြစ်ပါတယ်။ အဲလို အချိန်မှာ တစ်ယောက်တည်း နေနေရင်လည်း ပိုပြီး ဆိုးမယ်ထင်လို့ပါ။ စိတ်ကို အလေ့အကျင့်လုပ်ဖို့ ရင့်ကျက်ဖို့ လိုသေးတယ်။
ကျွန်တော် သုံးလေးရက် နေခဲ့စဉ်အတွင်း အစီအစဉ်လေးတစ်ခု အကောင်အထည်ဖော်ဖို့အတွက်လည်း Oxford က အစ်ကို တစ်ယောက်နဲ့လည်း တိုင်ပင်ဖြစ်ခဲ့တယ်။ တစ်ချို့ အသိဥာဏ် အတွေ့အကြုံ ဗဟုသုတတွေကိုလည်း ရခဲ့ပါတယ်။ ဘလော့တွေကိုတော့ ၀င်ပဲဖတ်ဖြစ်တယ်။ Reply တော့ ပြန်မလုပ်နိုင်ခဲ့ဘူး။ ဘလော့စာအုပ်အတွက် ဒီဇိုင်းကိုလည်း အခုတစ်ရက်နှစ်ရက်မှပဲ လတ်စသတ်ရမယ်။ တစ်ခါတလေမှာ အီးမေးလ်ပို့ဖို့ အရမ်းပျင်းတဲ့ ငါ ... ငါ့ကိုငါလည်း နားမလည်နိုင်တော့ဘူး။ နားလည်ပေးတဲ့သူကိုပဲ ကျေးဇူးတင်ရတော့မယ်။ ငါ ... ။
------------------
သူများတွေ အောင်မြင်တာ ချမ်းသာတာ ကြီးပွားတာကိုပဲ မြင်ကြတယ်။
သူတို့တွေ ဘယ်လို ဘယ်နည်း ကြိုးစားအားထုတ်ခဲ့ကြတယ်ဆိုတာကိုတော့ လိုက်မေးပြီး ကျင့်ကြံလုပ်ဆောင်တဲ့သူကတော့ ရှားပါတယ်။
အချိန်တွေဟာ အကန့်အသတ်ရှိတယ်။ လူ့ဘ၀ဆိုတာလည်း အကန့်အသတ်ရှိတယ်။ ဥစ္စာဓန ဆိုတာလည်း အကန့်အသတ်ရှိတယ်။
သူများကို ဘယ်လို ဘယ်ပုံ တည်ဆောက်ရမလဲဆိုတာ မပြောနိုင်သေးခင် ကိုယ့်ကိုကိုယ်အရင်ဆုံး အကောင်းဆုံးဖြစ်အောင် တည်ဆောက်ပါအုံးလေ။
နာမည်မရချင်ရင်နေပါ နာမည်ပျက်တာကတော့ တော်တော်ဆိုးတယ်။
နေ့တစ်နေ့ရဲ့အိပ်ရာမ၀င်ခင်မှာ နဖူးပေါ်မေးတင်ပြီး စဉ်းစားပါ ... ဒီနေ့ဟာ ငါ့အတွက် ပညာ၊ ဥစ္စာ၊ ဗဟုသုတ ထဲက တစ်ခုခု ဘာရခဲ့လဲ။ အဲလိုမှ မရခဲ့ရင်တော့ အဲဒီနေ့အတွက် ငါ လူဖြစ်ရတာ ရှုံးတယ်။
အစားထိုးမရတဲ့ ဆုံးရှုံးမှုမျိုးတွေ ဖြစ်သွားရင် ငါ ခံနိုင်ရည်ရှိပါ့မလား။ ဘ၀မှာ မဖြစ်စေချင်ဆုံးကလည်း အဲလို ကိစ္စတွေပဲ။
ငါ့ အတွေးနဲ့ငါ ရူးနေပြီထင်တယ်။ အင်း ... သေချာတယ်။
------------------
ဒီပို့စ်ဆုံးခါနီးမှာပါတဲ့ စာသားတွေဟာ ကိုယ့်ကိုကိုယ် ဆုံးမနေတဲ့သဘော အနေနဲ့ရော သတိပေးတဲ့အနေနဲ့ရော ကြားဖူးထားတာတွေ စိတ်ထဲရှိတာတွေကို ရေးလိုက်တာပါ။ ဒါ့ကြောင့် ခွင့်လွှတ်သီးခံပေးပါ။

Hi Dude, Cheers!
ReplyDeleteဒီသီချင်းလေးအတွက်ရော၊ ရေးသားပေးထားတဲ့ အတွေးစာစုလေးတွေအတွက်ရော ကျေးဇူးကမ္ဘာပါ ကိုဖိုးချမ်းရေ..
ReplyDeleteအားလုံးအဆင်ပြေချောမွေ့ပါစေဗျာ.
ခင်မင်လေးစားလျက်
ရန်အောင်