Skip to main content

ဒါနဲ့ စကားမစပ် ...

စကားမစပ် ...
မနက်ဖြန် East London မှာ IC show ပွဲရှိတယ်။ မျိုးကြီး၊ အငဲ၊ ၀ိုင်ဝိုင်း၊ တင်ဇာမော်နှင့် IC အဖွဲ့သားများ ဖျော်ဖြေတင်ဆက်ကြမှာ ဖြစ်ပါတယ်။ IC show က ပြည်ပမှာတင်မဟုတ် ပြည်တွင်းမှာပါ ကြည့်ရခဲတဲ့ ပွဲတစ်ခုပါ။ ဒါပေမဲ့ အလုပ်ရှိနေတာရယ် စိတ်မပါတာရယ်ကြောင့် မသွားဖြစ်တော့ပါဘူး။ သူငယ်ချင်းတို့ရေ ... ဆောရီးပါကွာ။

စကားမစပ် ...
လွန်ခဲ့တဲ့လက မန္တလေး ၁၆ အထက ကျောင်းတုန်းက တစ်ခန်းတည်း အတူတူတက်ခဲ့တဲ့ ငယ်သူငယ်ချင်း တစ်ယောက်နဲ့ အပြင်မှာ (Holborn) ပြန်ဆုံခဲ့တယ်။ စကားတွေပြောရင်း အသက်ပြန်ငယ်သွားသလို ၁၆ကျောင်းကြီးကိုလည်း သတိရမိတယ်။ သူငယ်ချင်းကတော့ အရင်အတိုင်းပဲ ဘာမှ မပြောင်းလဲဘူး။ ငယ်ငယ်ကလို စာတော်မြဲပဲ။ အခုလဲ LSE မှာ Economic and Economic History ကို Master ဖတ်နေတယ်။ သူတင်မဟုတ်ဘဲ သူ့ညီကလဲ ဒီနှစ်ထဲမှာပဲ King College ကို ၀င်ခွင့်ရတယ်။ သူအစ်မကတော့ Imperial ကနေ ကျောင်းပြီးထားပါတယ်တဲ့။ ကျွန်တော် သူတို့ မောင်နှမသုံးယောက်လုံးကို အရမ်းလေးစား အားကျသွားတယ်။ သူကတော့ Master မှာ စာတွေ ဖတ်ရလွန်းလို့ ငြီးနေလေရဲ့။

စကားမစပ် ...
စင်ကာပူမှာ Electronic နဲ့ အလုပ်လုပ်နေတဲ့ ၁၆ ကျောင်းက သူငယ်ချင်းတစ်ယောက်နဲ့လည်း အွန်လိုင်းမှာ အကြာကြီး ဆုံဖြစ်ခဲ့တယ်။ တစ်ခန်းတည်း မဟုတ်ပေမဲ့ အခန်းချင်းက ကပ်ရပ် ပညာသင်ခဲ့ကြတယ်။ ဆယ်တန်းပြီးကတည်းက စလုံးကိုရောက်နေခဲ့တဲ့ သူ့ရဲ့အတွေ့အကြုံတွေကို အခြေခံပြီးပြောပြတဲ့ စလုံးရဲ့ အခြေအနေအရပ်ရပ်ကို သိခွင့်ရခဲ့တယ်။ ငယ်သူငယ်ချင်းတစ်ချို့ရဲ့ ဓာတ်ပုံတွေကိုလည်း ကြည့်ခွင့်ရခဲ့တယ်။ အရာအားလုံးအတွက် ကျေးဇူးပါ သူငယ်ချင်း။

စကားမစပ် ...
Europe တ၀ိုက်မှာရှိတဲ့ ရံသီ အမည်ပါတဲ့ ဘုန်းတော်ကြီးကျောင်းများအတွက် ၂၀၀၉ ခုနှစ် ပြက္ခဒိန်ကို စပြီး လုပ်ဆောင်နေပါပြီ။ မြန်မာပြက္ခဒိန်တွေကို တကူးတက scan ဖတ်ပြီးပို့ပေးတဲ့ သူငယ်ချင်း မြတ်စိုးငြိမ်းကို အထူးကျေးဇူးတင်ပါတယ်။ လန်ဒန် Colindale မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း၏ အမည်ကတော့ သာသနာ့ရံသီ ၀ိဟာရ ဖြစ်ပြီး ကျောင်းထိုင်ဆရာတော်ကတော့ ဦးဥတ္တရဖြစ်ပါတယ်။ အခုလက်ရှိ ဆရာတော်အပါအ၀င် ဘုန်းဘုန်း လေးပါး သတင်းသုံးနေထိုင်လျှက်ရှိပြီး Europe တစ်ခွင် သာသနာတော် ပြန့်ပွားရေးနှင့် မြန်မာဘုန်းတော်ကြီးကျောင်းများ ပေါ်ပေါက်လာရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။

စကားမစပ် ...
ကျွန်တော့်ဘလော့ရဲ့ side bar မှာ ဒီဇင်ဘာ သို့မဟုတ် ဆောင်းရာသီနှင့် ပက်သက်တဲ့ သီချင်းတွေကို လက်လှမ်းမှီသလောက် စုစည်းပေးထားပါတယ်။ နားဆင်နိုင်သလို Download လည်း လုပ်ယူနိုင်ပါတယ်။ ဒီဇင်ဘာနှင့် ပက်သက်သော သီချင်းများ သို့မဟုတ် List ထဲတွင် မပါဝင်သေးသည့် သီချင်းများရှိခဲ့ရင်လည်း Cbox မှာ လက်တို့ပြီး ပြောထားခဲ့နိုင်ပါတယ်။

စကားမစပ် ...
အခုတလော ဖုန်း၊ အီးမေးလ်၊ အွန်လိုင်းမတ်စိ၊ အော့ဖ်လိုင်းမတ်စိများ မပြန်ဖြစ်ပါက သီးခံခွင့်လွှတ်ပေးကြပါ။ အချိန်တစ်ခုကိုရောက်မှ တောင်းပန်စာနှင့်တကွ ပြန်လည်ဆက်သွယ်ပါမည်။ အခြားတစ်ဘက်မှာလည်း စိတ်ထွက်ပေါက်ဖြစ်တဲ့ ဒီဘလော့လေးမှာတော့ ပို့စ်တွေနှင့် ပုံမှန်လှုပ်ရှား အသက်ဝင်နေပါလိမ့်ဦးမည်။

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ...

ချစ်ခြင်းရင်ခုန် ယုံကြည်စွာဖြင့်

မန္တလေးမှာ ရိုက်ထားတဲ့ ဇာတ်လမ်းလေး၊ အရမ်းကြိုက်တယ်။ ရန်ကင်တောင်နားက နည်းပညာတက္ကသိုလ်ထဲမှာ နောက်ခံထားပြီးရိုက်ထားတယ်။ နောက်ခံသီချင်းလေးလည်း အရမ်းမိုက်တယ်။ ဒွေး ဆိုထားတာ။ ဒီဇာတ်ကားလေးကြည့်ပြီး နည်းပညာတက္ကသိုလ်မှာ Evening Class တက်တုန်းက သွားခဲ့တဲ့အချိန်တွေကို သတိရမိတယ်။ တကယ်တော့နည်းပညာတက္ကသိုလ်ဟာ ကျွန်တော်အရင်တုန်းက နေခဲ့တဲ့အိမ်နဲ့ နီးနီးလေး။ အရင်တုန်းက ရန်ကင်းတောင်ခြေက မန္တလေး သမ၀ါယမကောလိပ်မှာ နေခဲ့တယ်။ ငယ်ငယ်လေးကတည်းကပေါ့။ ရန်ကင်းတောင်တ၀ိုက်ဟာ အရမ်းသာယာတဲ့နေရာလေးပါပဲ။ ရေတံခွန်တောင်နဲ့လည်း နီးနီးလေး။ မေမြို့ကိုလည်း ဆက်သွားလို့ရသေးတယ်။ ပြီးတော့ ရန်ကင်းတောင်ခြေနားလေးမှာ မြကျောက်စေတီဆိုတာရှိတယ်။ အဲဒီမှာ သဘာဝအတိုင်း ရေသန့်တွေထွက်နေတယ်။ မြကျောက်ဆရာတော် ဆိုတာလည်းရှိတယ်။ နာမည်ကြီးပေါ့။ လူကြီးပိုင်းတွေ တော်တော်ကိုးကွယ်ကြတယ်။ အထူးသဖြင့် နန်းတွင်းထဲက လုလင်တွေပေါ့။ ဒီဇာတ်ကားလေးတင်ပေးတဲ့ ခရမ်းပြာအိမ်မက် မှ ကိုကို မမ များကို ကျေးဇူးတင်ပါ၏။ [ အပိုင်း ၁ ] [ အပိုင်း ၂ ]

၁၀ တန်းအောင်စာရင်းများ ထွက်

မနေ့က ၁၀ တန်း အောင်စာရင်းများ ထွက်တယ်လို့သိရပါတယ်။ ရန်ကုန်မှာတော့ အောင်ချက် တော်တော် ကောင်းပြီး ဂုဏ်ထူးထွက်သူတွေလည်း များတယ်လို့သိရပါတယ်။ အဲဒီလို အောင်စာရင်းထွက်တဲ့နေ့ဆိုရင် မန္တလေးကို သတိရမိတယ်၊ ပြီးတော့ (၁၆) အ.ထ.က။ ကျွန်တော်တို့ ၁၀ တန်းအောင်စာရင်းထွက်တဲ့နှစ် (၂၀၀၀)တုန်းက ဆိုရင် မိုးတွေရွာလိုက်တာ အမုန်းပဲ။ မိုးရွာထဲမှာပေါ့ ပျော်တဲ့သူကပျော်၊ ၀မ်းနည်းသူက ၀မ်းနည်း။ ဂုဏ်ထူးမပါလို့ စိတ်ညစ်တဲ့သူက ညစ်နဲ့၊ စုံနေတာပဲ။ အောင်စာရင်းကြည့်ကြည့် ပြီးချင်း အဖေနဲ့ အမေကို သွားပြောတယ်။ တစ်မိသားစုလုံးပျော်လို့ပေါ့။ ပြီးတော့ ၁၆ ကျောင်းက ဆရာမတွေဆီကိုသွားတယ်။ ကျောင်းကိုရောက်တော့လည်း ပျော်စရာကြီး၊ ဆရာ/ဆရာမတွေက သူတို့တပည့်တွေအတွက် အရမ်းကို ပျော် နေကြတယ်လေ။ အဲဒီလိုနေ့မျိုးကတော့ ဘယ်အချိန်၊ ဘယ်နေရာကိုရောက်ရောက်၊ ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်နဲ့ Online မှာမိတ်ဆွေဖြစ်နေသူ တစ်ယောက်ဟာ ၁၆ ကျောင်းက ကျောင်းသူဟောင်း ဆိုတာဒီနေ့သိလိုက်ရတယ်။ သူကကျွန်တော့်ကို စိတ်အဟာရဆေးတွေလည်းတိုက်သွားသေးတယ်။ အရမ်းကျေးဇူးတင်ပါတယ်ဗျာ။