Skip to main content

မန္တလေးဆောင်း နှင့် အတွေးများ



ကျွန်တော် အရမ်းမြင်ချင်နေတဲ့ မန္တလေးဆောင်းရဲ့ ဓာတ်ပုံတွေ ကိုဇော်မိုးအောင်ရဲ့ ကျေးဇူးကြောင့် ကြည့်ခွင့်ရသွားတယ်။ ကျေးဇူး အရမ်းတင်ပါတယ် ကိုဇော်မိုးအောင်။

ဒီပုံလေးတွေဟာ အဝေးရောက် မန္တလေးသားတွေအတွက်တော့ အရမ်းကို တန်ဖိုးရှိလှပါတယ်ဗျာ။ မနက်စောစော ကျုံးကြီးထဲမှာ ရေငွေ့လေးတွေ အထက်ကို ပျံ့လွင့်နေတဲ့ မြင်ကွင်းမျိုး ... ။ ပုံတွေကြည့်ပြီးတော့ ပြန်ချင်စိတ်တောင်ပေါက်တယ်။ ခက်တာကလည်း အတောင်မစုံသေးပဲ ပြန်ရင် ဒုက္ခလှလှတွေ့မှာ ကြောက်တယ်။ (ဟူး ... မတွေးရဲဘူး)

မနှစ်က ဒီလိုအချိန်ကိုလည်း သတိရမိတယ်။ ညပိုင်းတော်တော်များများမှာ MCC - 72 (၂၈ လမ်း မင်းသီဟ ကဖေးအနီး) မှာပဲ ရှိနေတယ်။ အိပ်တော့လည်း အဲဒီမှာပဲ အိပ်ဖြစ်တယ်။ အပေါင်းအသင်းမက်တော့ အိပ်မှာထက် အပြင်မှာ အိပ်တာက ပိုများနေတယ်။ MCC မှာကလည်း ပျော်စရာကောင်းတယ်လေ။ ကျွန်တော့ရဲ့ဆရာ ကိုစစ်ကိုင်း၊ ကိုမိုး၊ ကိုတုံ (မောင်လှ)၊ ကိုဇော်ဇော်အောင် တို့အပြင် ကျွန်တော့်ရဲ သူငယ်ချင်းတွေ ကျောင်းသားတွေပါ ညဆိုရင် ရောက်ရောက်လာတတ်တယ်။

ညဘက် အလုပ်ပြီးလို့ လဘက်ရည်ဆိုင်သွားကြပြီဆိုရင် မဟာနွယ်ဆိုတဲ့ ဆိုင်လေးက ကျွန်တော်တို့ရဲ့ ပုံမှန်နေရာလေးလိုဖြစ်နေတယ်။ တစ်ခါတစ်ခါတော့လည်း ၂၆ လမ်းပေါ်က Date၊ ဒါမှမဟုတ် အောင်တော်မူ ဘုရားနားက Cafe ChitChit မှာလည်း ထိုင်ဖြစ်တယ်။ တစ်ခါတလေတော့လည်း သတ်သတ်လွတ် မုယောစပါး ဖျော်ရည်လေးတွေလည်း သွားသောက်ဖြစ်ကြတယ် :P အဲဒီအခါ ထိုင်ဖြစ်ကြတဲ့နေရာတွေက ၀င်းဝင်း (၂၈လမ်း) ဒါမှမဟုတ် JJ Cafe တို့လို နေရာမျိုးတွေကို သွားဖြစ်တယ်။

အင်း ... အိမ်နဲ့ဝေးမှ အိမ်ရဲ့တန်ဖိုးကို ပိုပြီးသိလာတယ် ဆိုသလိုပဲ အဲဒီအချိန်တုန်းကတော့ အိပ်ဆိုတာ ရေချိုး ထမင်းစားချိန်လောက်ပဲ ပြန်ဖြစ်ခဲ့တာကိုး။ အခု အိမ်ကို တော်တော်သတိရတယ်။ အမေနဲ့ အဒေါ်တွေရဲ့ ထမင်း၊ ဟင်း လက်ရာတွေကိုလည်း သရေကျမိတယ်။ အထူးသဖြင့် ဒီအချိန်ဆိုရင် အိမ်မှာ ကောက်ညှင်းနဲ့လုပ်တဲ့ ခေါပုတ်ကို လုပ်စားကြတဲ့ ကာလပေါ့။ အခုတော့ နေနှင့်ဦးပေါ့ ခေါပုတ်ရာ။ ပြန်လာမှ အ၀စားပြစ်မယ်။ နောက်ကျန်တာတွေ ရှိသေးတယ်။ စိတ်ထဲမှာပဲ ထားလိုက်တော့မယ်။ တော်ကြာ အစားသောင်းကျန်းတယ် ဖြစ်နေမှာစိုးလို့ :P

နောက်တစ်ပတ်ကစပြီး စနေ၊ တနင်္ဂနွေတွေကတော့ လုံးဝဥသုံ ပျိုင်းမဲ့နေ့တွေပဲ။ အလုပ်က မနက် ၇ နာရီကနေ ည ၇နာရီလောက်ထိဆိုတော့ တော်တော်ပျိုင်းတယ်။ တော်သေးတာ ဒါတောင် တစ်ပတ် ၂ ရက်မို့လို့။ ပြန်လာတာနဲ့ ခုတင်က လာပါ အိပ်လှဲ့ပါလို့ ခေါ်နေသလားအောင်းမေ့ရတယ်။ ဘာမှမလုပ်ချင်တော့ပဲ အိပ်ပဲ အိပ်ချင်နေတယ်။ အဲဒါကလည်း မဟုတ်သေး။ စာတွေက ရှိသေးတယ်။ စာ ... စာ ... ဟန် ... မူကြိုကနေ စပြီး သင်လာလိုက်တာ အခုထိကို မပြီးသေးဘူး။ နောက်လည်း ပြီးမှာမဟုတ်ပါဘူးလေ။

နောက်ပြီး ဒီမှာ မကြိုက်တာက ဆောင်းတွင်း မိုးရွာတာပဲ။ တော်တော် ဒုက္ခရောက်တယ်။ အဲဒီလို ရာသီဥတုမျိုးကို အမြင်ကတ်ဆုံးပဲ။ တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလိုပဲ။ ဘယ့်နှယ့် ... ချမ်းပါတယ်ဆိုမှ မိုးကရွာတယ်။ တော်တော် ချစ်ဖို့ကောင်းတဲ့ ရာသီဥတု။

ကျွန်တော်တို့ မန္တလေး ရာသီဥတုပဲကောင်းတယ်။ သူရာသီနဲ့သူကတော့ ပီပြင်အောင်လုပ်ပြသွားတာပဲ။ ဆောင်း ... ချမ်းပြလိုက်တယ်။ ဘာမိုးမှ မပါဘူး .. နေခဲ့။ မိုး ... ဟိုး ... ရွာလိုက်တာ ... ဒီနှစ်ဆို ရေတောင်ကြီးတဲ့ အဆင့်အထိပဲ။ နွေ .. အန်း .. မပြောနဲ့ ရန်ကုန်ကလူတွေ မနေနိုင်ဘူး။ ပူတယ်ကြီး အော်နေတော့တာပဲ။ အဲဒီလောက်ထိ မန္တလေး ရာသီဥတုက ပီပြင်တာ။ ဒီက ရသီဥတုနဲ့ကတော့ ဆီနဲ့ရေ ပဲ။

မန္တလေးအကြောင်း တွေးရင်းရေးရင်းနဲ့ တစ်ခု သတိရမိသွားတယ်။ ၁၆ ကျောင်း ဆရာကန်တော့ပွဲတော့ ဒီနှစ် မတက်နိုင်တော့ဘူး။ ဆရာမတွေကိုတော့ ရည်မှန်း ကန်တော့ရုံပဲ ရှိတော့တယ်။ ကျောင်းမှာလည်း တချို့ဆရာ၊ ဆရာမတွေလည်း ပင်စင်သွားကုန်ကြပြီ။ ၁၀ တန်းတုန်းက အတန်းပိုင် ဒေါ်အေးအေးသန်းဆိုရင် ပင်စင်ယူသွားပြီလို့ကြားတယ်။ ဆရာ ဆရာမတွေကတော့ ၁၆ ရဲ့ဂုဏ်နဲ့လိုက်အောင်ကို တော်ကြတယ်။ ငယ်ငယ်တုန်းကတည်းက ကျွန်တော့်ကိုအရမ်းချစ်တဲ့ ဆရာမ ဒေါ်လှိုင်လှိုင်မြင့်ကတော့ ကျောင်းမှာရှိသေးတယ်။ ဆရာမတော အခုထိ အပျိုကြီးပဲ :P ကြားရင်တော့ သတ်မှာသေချာတယ် :P ဒေါ်ဖြူဖြူတင်၊ ဒေါ်သန်းသန်းဦးတို့ ဒေါ်တင်မူဝင်းတို့လည်း ရှိကြဦးမယ် ထင်ပါတယ်။ နောက်ပြီး တိုက်ကွမ်ဒို ဦးမန်ဇာဟောက်လည်း ရှိမှာသေချာတယ် :P အဲဒီဆရာကတော့ သွားပြီး မနှုတ်ဆက်ရဲအောင်ပဲ။ ဟေ့ကောင် နေကောင်းလားလို့မေးပြီးရင် လက်သီးတစ်ချက်က ကျွေးပြီးသားပဲ။ Bio နဲ့ပက်သက်လို့ကတော့ ဘယ်ဘက်ကစမ်းစမ်း ညာဘက်ကစမ်းစမ်း ... ဆိုသလိုပဲ။ Bio နှင့်ပက်သက်လို့ကတော့ သူမှသူ။ နောက်ပြီး သင်္ချာဆရာကြီး ဦးတင်သိန်း ... ဆရာကြီးလဲ ကျောင်းမှာ ရှိဦးမှာပါလေ။ ဆရာကြီးဆိုရင် ကျွန်တော့ အဒေါ်တွေ အစ်မတွေ ၁၆မှာ တက်ကတည်းက လုပ်လာတာ။ ၀ါအရဆိုရင်တော့ တော်တော်ရနေပါပြီ။ ဆရာ၊ ဆရာမတွေအားလုံး ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းပါတယ်။

မန္တလေးနဲ့ပက်သက်ပြီး တွေးမယ် ရေးမယ်ဆိုရင် ရေးစရာတွေကတော့ အများကြီးပဲဗျာ။ ဒီနေ့တော့ တော်ပြီ ... အလုပ်ကြောင့် အကြောတွေ သိပ်အလုပ်မလုပ်ချင်ဘူး။ နောက်မှ ဆက်ရေးမယ်။ သီချင်းလေးတွေ နားထောင်ရင်း သမိုင်းပေး တာဝန်လေးတွေ ဆက်လက် ထမ်းဆောင်လိုက်ဦးမယ်။

ထပ်ပြီးပြောချင်တယ်ဗျာ ... ကိုဇော်မိုးအောင် ကျေးဇူးပါ။

သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်ဖွယ် ဒီဇင်ဘာ ဖြစ်ပါစေ။

မန်းလေးဆောင်း ဓာတ်ပုံတွေ ရှိတဲ့သူများလည်း ကျွန်တော့်ကို ပို့ပေးကြပါဦးခင်ဗျာ။ လောဘကြီးတယ်ပဲ ပြောပြော၊ အဖြစ်သဲတယ်ပဲပြောပြော ပြောကြဗျာ။ စိတ်ထဲမှာ ဖြစ်နေတာတွေကတော့ ကျွန်တော်ကိုယ်တိုင်ပဲ သိတယ်။ သောက်လေသောက်လေ ငတ်မပြေ ဆိုသလိုပဲ ... ကျွန်တော်လည်း ကြည့်လေကြည့်လေ အလွမ်းမပြေပါပဲဗျာ။ မယုံရင်လဲ ပုံပြင်လို့သာ မှတ်လိုက်ပါ။

အခုတလောတော့ ကျွန်တော့ရဲ့ နားထဲမှာ ဒီသီချင်းလေးတွေ နေရာယူထားကြပါတယ်။

အမေ

ကြယ်တွေစုံတဲ့ည

မန္တလေးညများတမ်းခြင်း

ဟေမာန်ဆောင်း

ဆောင်းအိမ်မက်

Rel: Post [ ဆောင်း၊ သီချင်းနှင့် နံနက်ခင်း, ဆောင်း ... ]

Comments

  1. အစ်ကိုရေ...အစွဲအလမ်းကြီးတယ်ပဲ ပြောပြော၊ ဘာပဲပြောနေ မန္တလေးကို လွမ်းတာကတော့ အမှန်ပဲ။ အတောင်စုံတဲ့ တစ်ရက်ရက်တော့ ပြန်မှာပါ။ အဲ့ဒီ့ကြတော့မှပဲ အတိုးချ လွမ်းတော့မယ်။ ပုံတွေရိုက်ပေးတဲ့ ကိုဇော်မိုးအောင်ကိုလည်း ကျေးဇူးအထူးပဲတင်ပါတယ်ဗျာ။ မန္တလေးဆောင်းကိုတော့ သတိရမိတာအမှန်ပဲ။ နွေ..ကော.. မိုး..ကော ပါပဲ။ ဟူး... ပြောရရင် ပြီးမှာမဟုတ်ဘူး.။

    ReplyDelete
  2. ဖိုးချမ်းရေ၊ ကျေးဇူးတင်စရာမလိုပါဘူးကွာ၊ အချင်းချင်းတွေပဲ၊
    မန္တလေးဆောင်းကို အဝေးရောက်နေသူ တစ်ယောက်အနေနဲ့ ဘယ်လောက်ထိ လွမ်းဆွတ်နေမယ်ဆိုတာ ကိုယ်ချင်းစာပါတယ်။ စိတ်မကောင်းတာတစ်ခုက အချိန်မရလို့ ကျုံးဘေးနဲ့ အိမ်နားပါတ်ဝန်းကျင် ရှုခင်းတွေပဲ ရိုက်ပေးနိုင်ခဲ့တာကိုပါ။ တကယ်တမ်းစဉ်းစားတာက မင်းသီဟတို့၊ မန္တလေးတောင်တို့ကိုပါ ရိုက်ဖို့ရည်ရွယ်ခဲ့တာပါ။ နောက်တစ်ခေါက်ပေါ့ :)

    ReplyDelete
  3. မျိုးကျော်ထွန်း ... ခံစားချက်ခြင်းတူတယ်ကွာ။ မန်းလေးဆောင်း ...။

    ကိုဇော်မိုးအောင် ... ကိုယ်ချင်းစာပေးတဲ့အတွက်ရော ဓာတ်ပုံတွေ အတွက်ပါ ကျေးဇူးတင်ပါတယ်ဗျာ။ မင်းသီဟတို့ မန်းလေးတောင်တို့ ပါတဲ့ ပုံတွေကိုလည်း မျှော်နေမယ်ဗျာ

    ReplyDelete
  4. ငါလည်း ရိုက်ပေးချင်ပါသော်လည်း
    လောလောဆယ် ကင်မရာက အဆင်မပြေလို့ပါ
    ငါလည်း ၀ယ်နိုင်သေးဘူးဟ
    အဆင်ပြေတဲ့တစ်နေ့ အလွမ်းရယ် မပြေသော်လည်း
    နဲနဲတော့ ဖြေသိမ့်နိုင်အောင် ငါလည်း ကူညီပါ့မယ်

    ReplyDelete
  5. လင်းလင်းရေ နင့်ရဲ့အကူအညီတွေအတွက် ငါ အရမ်းပဲကျေးဇူးတင်ပါတယ် နင်လည်း အစစအရာရာ အဆင်ပြေပါစေလို့ ငါဆုတောင်းပါတယ်

    ReplyDelete
  6. Hi,

    Just letting u know that the 4th song title is wrong.It is not Hay Mhan Saung. It is Pyi Mhar Saung. I like all of ur songs. Thanks..

    ReplyDelete
  7. I already edited it. Cheers! Bro :)

    ReplyDelete
  8. Anonymous6:31 am

    ကိုချမ်းမြစိုးရဲ့ မန်းတလေးဆောင်းပုံလေးတွေပါတဲ့ ဒီပို့စ်ကို နေးတစ်ဖိုရမ် http://forums.nativemyanmar.net/~myanmar1/forums/viewtopic.php?t=2111
    မှာ လင့် လုပ်ထားပါတယ်ရှင်။ ခွင့်ပြုပါနော်။ ကျေးဇူးတင်ပါတယ်။
    (J3w3l)

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။