Skip to main content

Sharing: သူငယ်ချင်း

ဒီပို့စ်လေးက ကျွန်တော်ရေးတဲ့ စာသားတွေ မဟုတ်ပါဘူး။ ပြေခိုင်ဆိုတဲ့ သူငယ်ချင်းတစ်ယောက် မေးလ်ကနေ ပို့ပေးထားတာပါ။ လူတိုင်း လူတိုင်းမှာ သူငယ်ချင်း၊ မိတ်ဆွေဆိုတာ ရှိပါတယ်။ ဒါပေမဲ့ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းကတော့ လူတိုင်းမှာ မရှိပါဘူး။ ဒီပို့စ်လေးအတွက် ပြေခိုင်ကို အထူးကျေးဇူးတင်ပါတယ်။

ကိုယ့်ဘဝမှာ စိတ်တူကိုယ်တူ အမြဲပေါင်းသင်းတဲ့ သူငယ်ချင်း ဘယ်နှစ်ယောက်ရှိလဲလို့ လက်ချိုး ရေတွက်ကြည့်ဖူးပါသလား.. ? ကိုယ်နဲ့ အခုမှ ခင်မင်ရင်းနှီးပေမဲ့ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ ငယ်ပေါင်းလို ဘာမဆို ဖွင့်ပြော တိုင်ပင် မျှဝေလို့ ရနိုင်တဲ့ သူငယ်ချင်းကော ရှိဖူးလား …? ရှိတယ်ဆိုရင် တန်ဖိုးထား မြတ်နိုးပါ။

ကံတရားက ဆန်းကြယ်တယ်။ ကိုယ်မထင်မှတ်၊ မမျှော်လင့်တဲ့ အချိန်မှာ လူတစ်ယောက်ကို ကိုယ့်ဆီ အရောက်ပို့လိုက်တယ်။ အဲဒီလူက ကိုယ်မျှော်လင့်နေတဲ့ အချိန်မှာ ရောက်မလာတတ်ဘဲ ရောက်လာတဲ့အချိန်မှာတော့ ကိုယ်က တန်ဖိုးထားရ ကောင်းမှန်း မသိခဲ့ဘူး။ ဒါကြောင့် ကိုယ်ဘေးပတ်ဝန်းကျင်က လူတွေကို တန်ဖိုးထားပါ။ သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ ချစ်သူရီးစားပဲ ဖြစ်ဖြစ်၊ မိသားစုပဲဖြစ်ဖြစ် တွေ့တုန်း၊ ဆုံတုန်း သူတို့ကို တန်ဖိုးထား မြတ်နိုးတတ်ဖို့ လိုပါလိမ့်မယ်။

ကံပါလို့ ငါတို့ တွေ့ဆုံကြတယ်။
ကံပါလို့ ငါတို့ ခင်မင်ကြတယ်။
ကံပါလို့ ငါတို့ စိတ်ကို ဖလှယ်ကြတယ်။
အတူနေတဲ့ တစ်စက္ကန့်လေးကို ငါတို့ တန်ဖိုးထားသင့်တယ်။
အခုလက်ရှိ အခြေအနေကို ပိုမြတ်နိုးသင့်တယ်။
ဒါမှ ဘဝမှာ နောင်တဆိုတာ မရှိမှာ။
သူငယ်ချင်းဆိုတာ … ချီးကျူး အားပေးစကား ပြောနိုင်တဲ့သူ ဖြစ်တယ်။
ဝေဖန် နှစ်သိမ့်မှုကိုလည်း ပေးတတ်တဲ့သူ ဖြစ်တယ်။

လောကကြီးတွင် လူတစ်မျိုးရှိသည်။

တခြားလူ မသိသော ကိုယ်၏လျှို့ဝှက်ချက်များကို သူသိသည်။ ကိုယ်စာမရသောအချိန်တွင် ရှင်းပြတတ်ပြီး ကိုယ်အမှား လုပ်မိသောအချိန်တွင် ကိုယ့်ဘက်မှရပ်တည်ပြီး ဝန်ခံပေးတတ်သည်။ အားငယ်သောအချိန်တွင် အားပေးတတ်ပြီး ဝမ်းနည်းနေသည့် အချိန်များတွင် နှစ်သိမ့်တတ်သည်။ ကိုယ်အဆင်ပြေလျှင် သူ့ကိုမေ့နေတတ်ပြီး အဆင်မပြေသောအချိန်များတွင် ကိုယ့်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည်ဖြင့် နားထောင်ပေးတတ်သည်။ ကိုယ်နှင့်အတူ ရှိနေမည့် အချိန်များက ချစ်သူတစ်ယောက်ထက်ပင် ကြာရှည်ခိုင်မြဲတတ်သည်။ ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။

ဘဝရဲ့ ဇာတ်ဆရာ စေညွှန်ရာအတိုင်း ဝေးခဲ့ကြလဲ လူတိုင်းမှာ ဘဝမှာ မေ့လို့မရတဲ့ သူငယ်ချင်းတွေ ရှိခဲ့ကြမယ်ဆိုတာ ယုံကြည်ပါတယ်။ ကျေးဇူး အထူးတင်ပါတယ်။ သတိရချင်ရင် သတိရစရာလေးတွေ တမင်ရှာနေစရာမှ မလိုတာ … အမှတ်မထင်ပြောဆို ဆက်ဆံမှုလေးတွေက ဘဝတစ်လျောက် သက်ရှိထင်ရှားနေသရွေ့ သတိရစရာ တမ်းတစရာ တွယ်တာမှုလေးတွေ ဖြစ်နေတတ်ပါတယ်လေ။

Most people walk in and out of your life, but only true friends leave footprints in your heart.

ရာသီဥတုတွေ ပြောင်းလဲနေသလိုပါပဲ။ လူ့ဘဝဆိုတာလည်း ဟောင်းလိုက် သစ်လိုက်။ဖုန်းစာအုပ်ကို ဖွင့်ကြည့်လိုက်တော့ မရေမတွက်နိုင်အောင် ပလူပျံနေတဲ့ ဖုန်းနံပါတ်တွေ ... ဘယ် ဖုန်းနံပါတ်ကိုများ စိတ်အားထက်သန်ပြီးရေးမှတ်ခဲ့မိလဲ … ဒီနေ့ထိ ဘယ်ဖုန်းနံပါတ်နဲ့များ အဆက်အသွယ် အမြဲရှိခဲ့သလဲ . ကိုယ့်ကိုယ်ပြန် ဆန်းစစ်ကြည့်မိတယ်။

လူ့ဘဝဆိုတာ ရထားတစ်စီးလိုပဲ … သွားတဲ့ ခရီးတစ်လျောက်မှာ လူတွေက တက်လာကြတယ်။ ဆင်းသွားကြတယ်။ နေရာသစ်၊ ပတ်ဝန်းကျင်သစ်မှာ အိမ်သစ်၊ ရာသစ်တွေနဲ့ သူငယ်ချင်း မိတ်ဆွေအသစ်တွေနဲ့ ဆုံမယ်။ မိတ်ဆွေသစ်ဖွဲ့ဖို့အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ… မိတ်ဆွေဟောင်းတွေနဲ့ ဆက်သွယ်ဖို့ အတွက် အချိန်တွေ ဘယ်လောက် ပေးဆပ်ခဲ့ဖူးလဲ … အချိန်တွေရဲ့ အပြောင်းအလဲကြားမှာ ရှိရင်းစွဲ သူငယ်ချင်းဟောင်းတွေနဲ့ အဆက်အသွယ်ဟာ တဖြေးဖြေးကျဲလာခဲ့တယ်။ ညအခါ မိုးကောင်းကင်ကို မော့ကြည့်လိုက်ရင် ကြယ်လေးတွေဟာ တစ်စုတစ်စည်းထဲ ရှိနေသလိုပဲ ... တကယ်တမ်းတော့ ကြယ်တွေဟာ တစ်ပွင့်နဲ့ တစ်ပွင့် အရမ်းဝေးကွာကြတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူငယ်ချင်း မိတ်ဆွေတွေက အများကြီးပဲ။ ဒါပေမဲ့ စိတ်တူကိုယ်တူ ပေါင်းဖက်ကြတဲ့ သူငယ်ချင်း မိတ်ဆွေ ဘယ်နှစ်ယောက်ရှိလဲ… ဘယ်နှစ်ယောက်နဲ့များ အဆက်အသွယ် အမြဲရှိလဲ … နှစ်တွေကြာလာမှ အဆက်အသွယ် နည်းခဲ့တဲ့ မိတ်ဆွေ သူငယ်ချင်းဟောင်းတွေ လူလောကကနေ တဖြေးဖြေး ထွက်ခွာ သွားမှန်းသတိပြုမိတယ်။

လူတွေဟာ
အသက်(၂ဝ)မှာ အချစ်ကို မျှော်လင့်ကြတယ်။
အသက်(၃ဝ)မှာ လက်ထပ်ဖို့ကို မျှော်လင့်ကြတယ်။
အသက်(၄ဝ)မှာ အောင်မြင်မှုကို မျှော်လင့်ကြတယ်။
အသက်(၅ဝ)မှာ ကြွယ်ဝဖို့ကို မျှော်လင့်ကြတယ်။
အသက်(၆ဝ)မှာ ပြည့်စုံဖို့ကို မျှော်လင့်ကြတယ်။
အသက်(၇ဝ)မှာ ကျန်းမာဖို့ကို မျှော်လင့်ကြတယ်။
အသက်(၈ဝ)မှာ အိပ်လိုက်ပြီးရင် ပြန်နိုးလာဖို့ကို မျှော်လင့်ကြတယ်။
သူငယ်ချင်း မိတ်ဆွေတွေကို ဘယ်အချိန်မှာ မျှော်လင့်ကြသလဲ… အကူအညီလိုအပ်မှ မျှော်လင့်တတ်ကြတယ်။

သမုဒ္ဒရာ ဝမ်းတစ်ထွာလို့ ဆိုထားခဲ့ကြတယ် ။ ဟုတ်ကဲ့ … ဝမ်းတစ်ထွာအတွက် လာရောက်လုပ်ကိုင် ကြသူတွေလည်း ရှိကြတယ် ။ တစ်ထွာ ၊နှစ်ထွာ ၊သုံးထွာ မက တာဝန်ကြီးများနှင့် လာရောက်လုပ်ကိုင် ကြသူတွေလည်း ရှိကြပါတယ် ။ ဘဝဆိုတာ ရုန်းကန်ခြင်းလို့ ဆိုထားခဲ့တဲ့အတိုင်း တစ်မြေရပ်ခြားလာရောက် လုပ်ကိုင်ကြရပေမယ့် လူချင်းတူတူ သူချင်းမျှမျှ အဆင်ပြေစွာ လုပ်ကိုင်နေထိုင်စားသောက်လိုကြတာ လူ့သဘာဝပေပဲ မဟုတ်ပါလားဗျာ။

Comments

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။