Skip to main content

Sharing: သတင်းစာဆရာနှင့် နိုင်ငံရေး - မောင်ဝံသ

(၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့ထုတ်၊ Popular News ဂျာနယ်မှာဖော်ပြထားတဲ့ ဆရာမောင်ဝံသရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ စာနယ်ဇင်း သမားနဲ့နိုင်ငံရေး ဆက်စပ်နေပုံလေးနဲ့ သတင်းစာ ဆရာများဟာ နိုင်ငံရေးနဲ့ပတ်သက်ပြီး ရေးတဲ့အခါ ဘက်လိုက်သင့် မသင့် ဆိုတာကို စဉ်းစားနိုင်ဖို့မျှဝေပေးလိုက် ပါတယ်။ )

နိုင်ငံတကာ နိုင်ငံရေး ခေါင်းဆောင်များနဲ့ နိုင်ငံရေး ပညာရှင်များရဲ့အဆိုအမိန့်များထဲက ကောင်းနိုးရာရာ လေးတွေကို ရွေးချယ် ရေးသားပြီးအပတ်စဉ်ထုတ် သတင်းဂျာနယ် တစ်စောင်မှာ ဖော်ပြနေပါတယ်။ တစ်နေ့ကတော့ အဆိုအမိန့် တစ်ခုကို ဘာသာပြန်ရင်း ကျွန်တော် အတော်လေး သဘောကျပြီး ပြုံးမိပါတယ်။

"Becoming a politician is the only step down I could take from being a journalist." ~ Jim Hightower

နိုင်ငံရေးသမား ဖြစ်လာတာဟာ ကျွန်တော့်အနေနဲ့ သတင်းစာဆရာ ဖြစ်ဖို့ကနေ အောက်တစ်ဆင့်ပဲ လျှော့ထားတာ။ (ဂျင် ဟိုင်းတာဝါ)

သူ ဆိုလိုတာက တကယ်ဖြစ်ချင်တာ သတင်းစာဆရာ။ သတင်းစာဆရာ ဘဝကို မရောက်ခင် တစ်ထစ်ပဲ လျှော့ပြီး ခံယူမယ့် ဘဝကတော့ နိုင်ငံရေးသမား ဘဝကတော့ နိုင်ငံရေးသမား ဘဝပါပဲတဲ့။

ဟိုင်းတာဝါ (၁၉၄၃ ဖွား) ဟာ ဆင်ဒီကိတ် ကော်လံ ဆောင်းပါးရှင်၊ လစ်ဘရယ် ဝေဖန်ရေးဆရာ၊ ပေါ်ပြူလစ် တက်ကြွ လှုပ်ရှားသူ၊ အမေရိကန်နိုင်ငံမှာ ထင်ပေါ်ကျော်ကြားတဲ့ နိုင်ငံရေး သတင်းစာဆရာ တစ်ယောက်ပါ။ သူဟာ အောက်ခြေသိမ်း နိုင်ငံရေးသမား ဘဝက စလုပ်ခဲ့ပြီး နောက်ဆုံးတော့ သူရည်မှန်းတဲ့အတိုင်း အောင်မြင်တဲ့ သတင်းစာဆရာ ဘဝကို ရောက်သွားပါတယ်။

နိုင်ငံရေးသမား ဘဝထက် သတင်းစာဆရာ ဘဝကို ပို၍ တန်ဖိုးထား ဂုဏ်ယူတဲ့ ဇာတ်လိုက်တွေကို ဆရာ ဗန်းမော် တင်အောင်ရဲ့ ဘုန်းမောင်တစ်ယောက်တည်းရယ်တို့၊ လွမ်းရစ်တော့ သက်လယ်ရယ်တို့၊ မြိုင်တို့မှာ ကျွန်တော်တို့ တွေ့ခဲ့ အားကျခဲ့ရ ဖူးတယ်ဗျာ။

ကျွန်တော်တို့ရဲ့ ရှေ့မျိုးဆက်များက သတင်းစာ ဆရာကြီးတွေထဲမှာလည်း နိုင်ငံရေးကို အစဉ်အလာ နိုင်ငံရေး သမားတွေထက် ပို၍ တတ်သိ နားလည်တဲ့ သတင်းစာ ဆရာကြီးတွေ အများကြီး ပေါ်ထွန်းခဲ့တယ်ဗျ။ တစ်ထိုင်တည်း မှတ်မိသလောက် ပြောရရင် ဘကြီးဘဘေ၊ ဒီးဒုတ် ဦးဘချို၊ ဂျာနယ်ကျော် ဦးချစ်မောင်တို့ဟာ နိုင်ငံရေး သမားတွေထက် နိုင်ငံရေး ကျွမ်းသူတွေလို့ အသိအမှတ် ပြုခံခဲ့ရပါတယ်။

ဗမာ့ခေတ် ဦးအုန်းခင်

လွတ်လပ်ရေး ရပြီးတဲ့နောက် ပါလီမန် ခေတ်မှာလည်း တန်ခိုးထက်နေတဲ့ နိုင်ငံရေး ခေါင်းဆောင် တစ်ယောက်ကို "ငါ့ညီ မင်း ငယ်ပါသေးတယ်" လို့ ပြောရဲ ရေးရဲတဲ့ သတင်းစာ ဆရာကြီး ဗမာ့ခတ် (နောက်တော့ မိုးကြိုး) ဦးအုန်းခင်လို သတင်းစာ ဆရာတွေ ပေါ်လာခဲ့တယ်။ ထက်မြက်တဲ့ သတင်းစာ ဆရာတွေကို တော်ရုံ နိုင်ငံရေး သမားတွေက ဖြုံကြရပါတယ်။

ပါလီမန် ဒီမိုကရေစီ ခေတ်မှာ သတင်းစာနဲ့ နိုင်ငံရေး သမားဆိုတာ မကင်းရာ မကင်းကြောင်းတွေ ဖြစ်ခဲ့ပါတယ်။ သတင်းစာ ဆရာတွေ ထဲမှာလည်း ပါတီ နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေး ဘက်လိုက်မှုကတော့ အနည်းနဲ့ အများ ရှိခဲ့ကြတာပါပဲ။

အထက်မှာ ပြောခဲ့တဲ့ ဗမာ့ခေတ် ဦးအုန်းခင်ဟာ ဦးနုမှ ဦးနုဆိုပြီး ထောက်ခံခဲ့သူ ဖြစ်တယ်။ ဦးကျော်ငြိမ်း ကိုတော့ အလွန် မုန်းတီးသတဲ့။ မိုးကြိုးကလောင် အမည်နဲ့ ရေးတဲ့ ဦးအုန်းခင်ရဲ့ ဆောင်းပါးတွေကို ကျွန်တော်တို့ စေ့စေ့စပ်စပ် ပြန်ဖတ် ကြည့်တဲ့အခါ "ချစ်သူကို သာစေ၊ မုန်းသူကို နာစေ" အရေးအသားတွေ အများကြီး တွေ့ရတယ်ဗျာ။ ဘယ်လိုပဲ ဖြစ်ဖြစ် မိုးကြိုးကြီးတို့ ခေတ်မှာ အဲသလို ပုတ်ဟယ် ခတ်ဟယ်၊ တို့ဟယ် ဆိတ်ဟယ် ရေးခွင့် ရှိတာကပဲ တစ်နည်း အားဖြင့်လည်း ပျော်စရာကြီး လို့ ဆိုနိုင်တယ်ဗျ။

ထွန်းနေ့စဉ်ဦးထွန်းဖေ

ဗမာ့ခေတ် ဦးအုန်းခင်က ဦးနုကို အပြတ် ထောက်ခံသလို ဦးနုကို ခါးခါးသီးသီး တိုက်ခိုက်ခဲ့တဲ့ သတင်းစာ ဆရာကြီး တစ်ယောက်လည်း ရှိခဲ့တယ်ဗျာ။ သူကတော့ သူရိယ ဦးထွန်းဖေ၊ ခေါင်းကြီး ဦးထွန်းဖေ၊ ထွန်းနေ့စဉ် ဦးထွန်းဖေ စတဲ့ နာမည်တွေနဲ့ ထင်ရှားခဲ့သူပါ။

ဦးထွန်းဖေဟာ ခေသူတော့ မဟုတ်ပေဘူး။ ၁၉၂၀ တက္ကသိုလ် သပိတ်ကြီးမှာ ကျောင်းသားခေါင်ဆောင် တစ်ယောက် ဖြစ်ခဲ့တယ်။ နောက် သူရိယ သတင်းစာမှာ သတင်းထောက်၊ အယ်ဒီတာ ဖြစ်တယ်။ ၁၉၄၇ ခု ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှား အချိန် တိုင်းပြုပြည်ပြု လွှတ်တော်မှာ လေးမျက်နှာ မဲဆန္ဒနယ်က ဖဆပလ အမတ် ဖြစ်ခဲ့ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေး ၇၅ ဦး ကော်မတီ အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်တယ်။

တိုင်းပြုပြည်ပြု လွှတ်တော်ကနေ ပါလီမန် အဆင့် ပြောင်းလဲတဲ့ ၁၉၅၂ ခု အထွေထွေ ရွေးကောက်ပွဲကျတော့ ဝက်လက် မဲဆန္ဒ နယ်ကနေ ပါလီမန် အမတ် ဖြစ်ခဲ့ပြန်ပါတယ်။ အဲသည် ကာလအတွင်း ၁၉၄၈ စက်တင်ဘာလမှ ၁၉၅၃ ခု သြဂုတ်လ အထိ ဦးနုရဲ့ ကက်ဘိနက် (အစိုးရ) အဖွဲ့မှာ ဝန်ကြီးတစ်ဦး ဖြစ်ခဲ့ပါတယ်။
ဘဝရှင် မင်းတရားကြီး

ဦးနုအပေါ် မကျေနပ်တာတွေ များလာလို့ ၁၉၅၃ ခု သြဂုတ်လမှာ ဦးထွန်းဖေဟာ ဝန်ကြီးရာထူးက နုတ်ထွက်လိုက်တယ်။ ပြီးတော့ "ပါလီမန် ဒီမိုကရေစီကို ရိုသေလေးစားရိုး မှန်လျှင် ဦးနုရာထူးက နုတ်ထွက်ဖို့ သင့်ပြီ" ဆိုတဲ့ စာစောင်တစ်ခု မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ရေးသား ထုတ်ဝေခဲ့တယ်ဗျာ။ ဦးနုကို ဘဝရှင် မင်းတရားကြီးလို့ ဦးထွန်းဖေက နာမည်ပေး ခဲ့တာ ရာဇဝင်တွင်ရောဗျ။ (ဘဝရှင် မင်းတရားကြီးလို့ ပြောတာက ရှင်ဘုရင်စိတ် ပေါက်ပြီး အာဏာရှင် ဆန်လာတယ် လို့ ဆိုလိုတာပါ။)

ဝန်ကြီးရာထူးကို စွန့်ပြီးခဲ့တဲ့နောက် ဦးထွန်းဖေဟာ နေ့စဉ် သတင်းစာ တစ်စောင် ထုတ်ဝေတယ်။ မိမိနာမည်ထဲက 'ထွန်း' ကိုယူပြီး 'ထွန်းနေ့စဉ်' သတင်းစာလို့ နာမည်ပေးတာဗျ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိသူ ဆိုတာ သတင်းစာ နာမည် ယူပုံကပဲ ပေါ်လွင် နေတယ်ဗျာ။

ထွန်းနေ့စဉ် သတင်းစာကနေ ပမညတခေါ် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု ဆိုတဲ့ နိုင်ငံရေး တပ်ဦးထူထောင်ဖို့အားပေးလှုံ့ဆော်ခဲ့တယ်။ ပမညတ ပေါ်လာတော့လည်း အင်တိုက်အားတိုက် အားပေးတယ်။ ဒီမိုကရေစီ နိုင်ငံရဲ့ အင်္ဂါရပ် တစ်ခု ဖြစ်တဲ့ အတိုက်အခံ နိုင်ငံရေး အင်အားစု ပေါ်ထွန်းလာခြင်းကို ဦးထွန်းဖေက ကြိုဆို ထောက်ခံ ခဲ့တယ်ဗျ။

သို့ပေမယ့် တည်မြဲနဲ့ သန့်ရှင်းဆိုပြီး ဖဆပလ အဖွဲ့ကြီး နှစ်ခြမ်းကွဲတော့ ပမညတက သန့်ရှင်း(ဦးနု)ကို ထောက်ခံ လိုက်တဲ့ အခါ ဦးထွန်းဖေဟာ ပမညတကိုပါ ဝေဖန် တိုက်ခိုက် တော့တယ်ဗျာ။ (သူအလွန် မကျေနပ်တဲ့ ဦးနုကို ထောက်ခံရ မလား ဆိုတဲ့ အစွဲနဲ့ ပမညတကိုပါ ရန်သူစာရင်း သွင်းလိုက်တာလို့ ကျွန်တော် ကောက်ချက် ချခဲ့ဖူးတယ်။ ကျွန်တော့် ကောက်ချက် မှားတယ်)။ အဲသည်နောက် ဦးနုရဲ့ ၃ လ ၁၇ ရက်သာ သက်တမ်းရှည်တဲ့ သန့်ရှင်း ဖဆပလ အစိုးရက ဗိုလ်ချုပ်နေဝင်းကို အာဏာ လွှဲပေးရတယ်။ အိမ့်စောင့်အစိုးရ ဆိုတာ ပေါ်ပေါက်လာတယ်။ ၁၉၆၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပ တော့ ဦးထွန်းဖေဟာ ဦးနုအဖွဲ့ကို ဆန့်ကျင်၊ တည်မြဲ ဖဆပလကိုလည်း လက်မခံ၊ ပမညတ နဲ့လည်း သဘော ကွဲလွဲတဲ့ အလျောက် အားလုံးကို တိုက်ခိုက် ထိုးနှက်ဝေဖန်တော့တာပဲဗျ။

တတိယ အင်အားစု ပေါ်လာဖို့တဲ့

တည်ရှိနေဆဲ နိုင်ငံရေး သမားတွေကို စိတ်တိုင်းမကျ ဖြစ်ရာက တတိယ အင်အားစု ပေါ်လာဖို့ လိုပြီဆိုတဲ့ လှုံ့ဆော်ချက်ကို ထွန်းနေ့စဉ် သတင်းစာကနေ ရေးသားတယ်။ ရွေးကောက်ပွဲမှာ ဦးနု အဖွဲ့နိုင်ပြီး အစိုးရ ဖြစ်လာတော့ သဘောကွဲလွဲတဲ့ အတိုက်အခံ (တည်မြဲ) တွေနဲ့ အာဃာတ မထားရေး၊ သင်ပုန်းချေရေး ကြိုးစားတာကိုလည်း သူတို့တစ်တွေ ဝေမစားကြရမှာ စိုးလို့ တိုင်းပြည်ကို စော်ကား နေတာလို့ စွပ်စွဲပြန်တယ်ဗျ။

ဦးထွန်းဖေရဲ့ အရေးအသားတွေ လွန်ကျွံလာလို့ ဦးနု အစိုးရက ပုဒ်မ ၅နဲ့ ဦးထွန်းဖေကို ဖမ်းတယ်။ ထွန်းနေ့စဉ် သတင်းစာ ကိုလည်း အာမခံငွေ တစ်သောင်းတောင်းတယ်။ အာမခံငွေ မပေးနိုင်လို့ သတင်းစာတိုက်ကို ပိတ်လိုက်ရတယ်ဗျာ။ သို့ပေမယ့် ထောင်ထဲ နှစ်လတောင် မကြာပါဘူး ပြန်လွတ်ခဲ့ပါတယ်။ ဦးထွန်းဖေ ပြန်လွတ်ပြီး သုံးလအကြာ ၁၉၆၂ခု မတ်လ ၂ ရက်နေ့မှာ ဗိုလ်ချုပ် နေ၀င်းက အာဏာသိမ်းကာ တော်လှန်ရေး ကောင်စီ ဆိုတာ ပေါ်လာပါတယ်။ ဦးထွန်းဖေ တောင့်တတဲ့ တတိယ အင်အားစု ဆိုတာ ဒါပဲလားလို့ ပြောစရာ ဖြစ်ခဲ့တယ်ဗျာ။

ဦးထွန်းဖေက ထောင်က လွတ်တော့ သတင်းစာ ပြန်ထုတ်တယ်။ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီး ရက်ပိုင်း အကြာမှာ ထွန်းနေ့စဉ် သတင်းစာမှာ "အဘယ်ကြောင့် ပါလီမန် ဒီမိုကရေစီ ကျဆုံးရသလဲ" ခေါင်းစဉ်နဲ့ အခန်းဆက် ဆောင်းပါး တွေရေးတယ်။ ၁၉၆၂ မတ်လ ၁၅ ရက်ကနေ မေလ ၁၁ ရက်အထိ ရေးခဲ့တဲ့ ဆောင်းပါးတွေကို ပေါင်းချုပ်စာအုပ် ထုတ်ခဲ့ပါ တယ်။
ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ အဖြစ်သို့

တော်လှန်ရေးကောင်စီ အစိုးရခေတ်မှာ ဆရာကြီး ထွန်းနေ့စဉ် ဦးထွန်းဖေဟာ ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌကြီး ဖြစ်သွားတယ်ဗျ။ (ဒီနေ့ ခေတ်မှာတော့ ၀န်ထမ်းရွေးချယ် လေ့ကျင့်ရေး အဖွဲ့လို့ ခေါ်ပါလိမ့်မယ်) ဗိုလ်ချုပ်နေ၀င်းဟာ ပထစဟောင်း၊ တည်မြဲဟောင်း နိုင်ငံရေး သမားတွေထဲက မိမိကို ထောက်ခံလာသူ တွေနဲ့ တစ်ချိန် တစ်ခါက နိုင်ငံရေး ဘက်လိုက်မှုနဲ့ အရေးယူ ခံခဲ့ရတဲ့ တပ်မတော် အရာရှိဟောင်းကြီး တွေကို သံအမတ်ကြီး ရာထူးတွေ ပေးတယ်။ ပမညတ ဟောင်းတွေ အပါအ၀င် လက်ဝဲဟောင်းတွေ ကိုလည်း သင့်ရာတော်ရာ ဒုတိယတန်းစား ရာထူးတွေ ပေးတယ်။

လုပ်သားပြည်သူ့နေ့စဉ်သတင်းစာမှာ ကျွန်တော်နဲ့ ဆုံစည်းခဲ့ကြတဲ့ သတင်းထောက်ဈာန်ရခေါ် ပီဂျီစိုးမင်းနဲ့ သတင်းထောက်ချုပ် ဦးစိန်အေးတို့ဟာ ထွန်းနေ့စဉ် ကျောင်းထွက်တွေ ဖြစ်လို့ သူတို့နဲ့ ပတ်သက်ပြီး ဆရာကြီး ဦးထွန်းဖေဆီကို ကျွန်တော် ရောက်ဖူး၊ တွေ့ဖူး၊ စကားပြောဖူးတယ်။ အင်မတန် ခင်မင်ချင်စရာ ကောင်းပါတယ်။ အသိပညာ၊ ဗဟုသုတလည်း အလွန် ပြည့်စုံပါတယ်။ ကျွန်တော်တို့ မှတ်သားစရာ ဆုံးမစကား တွေလည်း ပြောလေ့ ရှိပါတယ်။ သို့ပေမယ့် ဆရာကြီး အပေါ်မှာ ကျွန်တော် နွေးထွေးတဲ့ ခံစားချက် မဖြစ်ပေါ်
ခဲ့ပါဘူး။ ကျွန်တော့် ရင်ထဲ တစ်ခုခု တင်းခံနေ သလိုကြီး ဖြစ်နေတယ်။

အဲသည် ကာလတစ်ဝိုက်မှာပဲ ဆရာအိုးဝေ ဦးညိုမြနဲ့ ကျွန်တော် ဆုံမိတယ်။ အသက်အရွယ်လည်း ကွာ၊ ၀ါလည်း ကွာခြား လှပေမယ့် ငယ်ဆရာ တစ်ယောက်လို ကျွန်တော် ခံစား လိုက်ရတယ်။ ရင်းရင်းနှီးနှီး ဖြစ်သွားတယ်။ ဆိပ်ကမ်းသာလမ်းက ဆရာ့ အိမ်ကို ကျွန်တော် ခဏခဏ သွားလည်တယ်။ ဆရာ တုံးလုံးလှဲနေတဲ့ ခုတင်ဘေးမှာ ထိုင်ပြီး ရောက်တတ်ရာရာ စကားတွေ ပြောတယ်။ ဆရာ သောက်နေတဲ့ ထမင်းရည်ခွက် ကိုတောင် တောင်း သောက်ရဲတယ်။ ဆရာ့ကို ခေါ်ပြီး ပဲခူးကနတ်ပွဲတွေကို လေ့လာရေး ခရီးထွက်ကြတယ်။ ဆရာဦးညိုမြ ယမကာ မှီဝဲရင် ဘေးက ထိုင်ပြီး ၀တ်ဖြည့်ပေးတယ်။ ဆရာကြီး ဦးထွန်းဖေအပေါ် ဆက်ဆံရေးဟာ အဲသလို နွေးထွေးမှု မရှိခဲ့ပါဘူး။
တကယ်ဖတ်ဖြစ်ခဲ့ပါပြီ

ဆရာကြီး ဦးထွန်းဖေ ကတော့ အဲဒီတုန်းက အသက် ၂၀ ကျော်ရုံပဲ ရှိသေးတဲ့ ကျွန်တော့်ကို ဖော်ဖော်ရွေရွေ ဆက်ဆံပြီး လှိုက်လှိုက်လှဲလှဲ အားပေးတယ်။ သတင်းစာ လောကမှာ တက္ကသိုလ် ကျောင်းထွက် ပညာတတ်က လေးတွေ ဝင်လာတာကို ကြိုဆိုတဲ့ အကြောင်း၊ သူတို့ခေတ် တုန်းကတော့ သတင်းစာ ပညာဆိုတာ တုံးပေကတ်သတ် တက္ကသိုလ်လို့ သူခေါ်ခဲ့သ လို သတင်းစာ စက္ကူပုံပေါ်မှာ အိပ်ပြီး ဆင်းရဲ ပင်ပန်းခံ သင်ယူခဲ့ရတဲ့ အကြောင်းတွေ ပြေပြပါတယ်။

ကျွန်တော်ကတော့ ၁၉၆၂ ခုနှစ်က ဆရာကြီးရေးခဲ့တဲ့ "အဘယ်ကြောင့် ပါလီမန်ဒီမိုကရေစီ ကျဆုံးရသလဲ" ဆောင်းပါး တွေကို အစပိုင်း ကလေးလောက်ဖတ်ပြီး အရပ်သား နိုင်ငံရေး သမားတွေရဲ့ အားနည်းချက်တွေကို တစ်ဖတ်သတ်ဖော်ထုတ် နေတာ၊ သူ့အတွက် စားပေါက်ချောင်အောင် ရေးနေတာတွေ ဆိုတဲ့ အစွဲဟောင်းနဲ့ပဲ ဆရာကြီး ဦးထွန်းဖေကို ကန်တန်တန် သဘောထားမိ ခဲ့တယ်ဗျာ။

ဝန်ခံရမယ် ဆိုရင် ဆရာကြီး ဦးထွန်းဖေရဲ့ "အဘယ်ကြောင့် ပါလီမန် ဒီမိုကရေစီ ကျဆုံးရသလဲ" စာအုပ်ကို နှစ်ပေါင်း ၄၀ ကျော် ကြာမှ (တကယ်) ဖတ်ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၄ စက်တင်ဘာ ၂၀၀၉ နေ့က နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှာ ဆရာမောင်စူးစမ်း ၈၂ နှစ် ပြည့် မွေးနေ့ပွဲကို သွားတော့ တော်ဝင်နှင်းဆီ ဦးစိုးညွှန့်နဲ့ တွေ့တယ်။ သူက ကျွန်တော့်ကို အဲဒီစာအုပ် ပေးလိုက်ပါတယ်။ သည်ပွဲမှာ ကျွန်တော်နဲ့ တွေ့မယ်ဆိုတာ သိလို့ အသင့်ယူလာခဲ့တာပါတဲ့။ ကျွန်တော် မြန်မာ့ နိုင်ငံရေး လေ့လာချက်တွေ ရေးနေတာမှာ အထောက်အကူ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ တော်ဝင် နှင်းဆီကြီးကို ကျေးဇူးတင်ကြောင်း အထပ်ထပ် ပြောပြီး စာအုပ်ကို ယူလာခဲ့ပါတယ်။ သည်အချိန်မှာတော့ ဆရာကြီး ဦးထွန်းဖေ အပေါ် ကျွန်တော် အရင်က သဘောထားမျိုး မရှိတော့ပါ။ ဒါကြောင့် ကြည်လင်တဲ့ စိတ်နဲ့ ဖတ်ဖြစ်ပါတယ်။

"အဘယ်ကြောင့် ပါလီမန် ဒီမိုကရေစီ ကျဆုံးရသလဲ" စာအုပ်ကို တကယ် ဖတ်ပြီးချိန်မှာ ပထမဆုံး စဉ်းစားမိတာ ကတော့ ကျွန်တော်တို့ခေတ်၊ ပြီးတော့ ကျွန်တော်တို့ရဲ့ နောက်မျိုးဆက် ခေတ်မှာ ဆရာကြီး ဦးထွန်းဖေတို့လို နိုင်ငံရေး ဝေဖန်ချက်များ ပီပီ ပြင်ပြင် ရေးနိုင်တဲ့ စာနယ်ဇင်း သမားတွေ ပေါ်လာနိုင်ပါ့ မလား ဆိုတာပါပဲဗျာ။ သည်လို ဝေဖန် သုံးသပ် ချက် မျိုးတွေဟာ နိုင်ငံရေးကို ထဲထဲဝင်ဝင် သိမှ၊ ပြီးတော့ စူးရှတဲ့ ဝေဖန်ရေး အမြင်လည်း ရှိမှ ရေးလို့ ရနိုင်တာ ကလား။ နောင် ကြုံတဲ့အခါ ဆက်ရေးပါဦးမယ်။

~ မောင်ဝံသ

Comments

Popular posts from this blog

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။

Buddhapadipa Temple

Camera: Nikon D7000 | 35mm, F8 @ 1/200s, ISO 200 Software : Adobe Lightroom, Photoshop © Chan Mya Soe

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက်

ငါသာလျှင်တော် သူမတော်ရ
လူတော်ထင်မှာ တို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့်
နစ်လျှက်နေပါတို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့်
အထင်လွဲပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

သူ့ကိုငါညှိုး ငါ့သူညှိုးနှင့်
အညှိုးကြီးပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

ငြီး၍မပြီး ညူမပြီးဘူး
အပြီးတကာ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့
နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့

ဆရာကြီး မင်းသုဝဏ်