ယူကေရောက် ရှမ်းတိုင်းရင်းသားညီအစ်ကိုမောင်နှမများရဲ့ ၂၁ဝ၄ နှစ်သစ်ကူးအခမ်းအနား နှင့် ယဉ်ကျေးမှုပွဲတော်ကို ယနေ့နေ့လည် ၂ နာရီခန့်မှ ၅ နာရီထိ SOAS University မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို Shan Cultural Association in the United Kingdom (SCA-UK) မှ ကြီးမှူးကျင်းပပြီး အဆိုပါအခမ်းအနားသို့ Oxford မှ ဆရာတော် ဒေါက်တာဓမ္မသာမိ နှင့် ဆရာတော်များ၊ လန်ဒန်မှ ရှမ်းရိုးရာယဉ်ကျေးမှု စိတ်ဝင်စားသူများ နှင့် နိုင်ငံခြားဧည့်သည်တော်များ စုံလင်စွာတက်ရောက်ကြတာကို တွေ့မြင်ခဲ့ရပါတယ်။ ကျွန်တော်သည်လည်း ရှမ်းရိုးရာယဉ်ကျေးမှုတွေ၊ ရှမ်းအက၊ ရှမ်းသီချင်းလေးတွေကို စိတ်ဝင်စားသူတစ်ယောက်ဖြစ်သည်မို့ အဆိုပါအခမ်းအနားပြီးသည်အထိ အားပေးခဲ့ပါတယ်။
ရှမ်းနှစ်သစ်ကူးပွဲတွေကို လန်ဒန်မှာ ၂ဝဝ၆ ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။ သို့ပေမယ့်လည်း ကျွန်တော့်အတွက်တော့ ပထမဆုံးတစ်ခေါက်အနေဖြင့် ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ဝင်ကြေး အခမဲ့အနေနှင့်ကျင်းပခဲ့သည့် ယင်းအခမ်းအနားတွင် ဆရာတော်များ၏ နှစ်သစ်ကူးဆုတောင်းခြင်း၊ ရှမ်းရိုးရာ အကများဖြင့်ဖျော်ဖြေခြင်း၊ ရှမ်းယဉ်ကျေးမှု့နှင့် စာပေအကြောင်း ဟောပြောခြင်း စသည့်စိတ်ဝင်စားစရာ အစီအစဉ်များဖြင့် တင်ဆက်ခဲ့ပြီး ဧည့်သည်ပရိသတ်များကိုလည်း ကော်ဖီ၊ မုန့်တို့ဖြင့် တည်ခင်းဧည့်ခံခဲ့ပါတယ်။ အခမ်းအနားပြီးဆုံးပြီး မိုးဖွဲဖွဲလေးနဲ့ အိမ်ပြန်ချိန်မှာတော့ ရှမ်းရိုးမက အိုးစည်သံတွေ ကျွန်တော့်နားထဲမှာ ပဲ့တင် ပျံ့လွင့်နေပါတော့တယ်။
Comments
Post a Comment
Thanks for your comment.