လူ ဆိုတာ ပတ်ဝန်းကျင်နဲ့နေတာကွ။ ပတ်ဝန်းကျင်ကြောင့် လူတွေ ဒုက်ခရောက်သလို။ ပတ်ဝန်းကျင်ကြောင့် လူတွေ တိုးတက်ပြောင်းလဲသွားတာလဲ ရှိတယ်။ ပတ်ဝန်းကျင်နဲ့ ကင်းအောင် နေပြန်ရင်လည်း သောက်ရူးလို့ အပြောခံရတတ်တယ်။ ဘယ်အရာမဆို လိုက်လျောညီထွေ (ရေလိုက် ငါးလိုက်) နေနိုင်ရင် အကောင်းဆုံးပဲ။
လူတွေဟာ ပတ်ဝန်းကျင်ရဲ့ တွန်းအားပေးမှု၊ ကဲ့ရဲ့မှု၊ ရှုံ့ချမှု၊ အပြစ်တင် ဝေဖန်မှုတွေကို မခံနိုင်ကြဘူး။ ကိုယ်ကောင်းနေရင်တော့ ခေါင်းဘယ်မှ မရွေ့ပါဘူးကွာ။ အဲဒီကြားကမှ ဆက်ပြောနေရင်လည်း "ခွေးဟောင်လို့ထကြည့်နေရင် အိပ်ရေးပျက်တယ်" ဆိုတာလေးကို သတိရလိုက်ကွာ။

ဘယ်နေရာမှ မဆို ကန့်သတ်ချက် (limitation) တွေရှိတယ်နော်။ အသက် ဆိုတာလည်း ကန့်သတ်ချက်ရှိတယ်။ တစ်နေ့ သေကိုသေရမှာပဲ။ မသေအောင်လုပ်ထားလို့လည်း မရဘူး။ မတည်မြဲတဲ့သဘောတွေကို မင်း နားလည်ထားဖို့လိုတယ်နော်။ အားကိုးရှိတိုင်း မိုက်နေလို့မရဘူး။ အားကိုးမရှိတော့ရင် မင်း ... ခွေး ဖြစ်သွားလိမ့်မယ်။ အဲလိုမဖြစ်အောင် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားရမယ်။ ကိုယ့်ပိုင်ရပ်တည်မှုနဲ့ လူပုံအလယ်မှာ ခေါင်းထောင်ပြီးနေနိုင်အောင် လုပ်စမ်းပါ။ ပတ်ဝန်းကျင် (သူများ) အပြောအဆို မခံချင်စမ်းပါနဲ့။
စကားကို လွယ်လွယ်မပြောရဘူးကွ။ နားနှစ်ဘက် ပါတာဟာ များများနားထောင်ဖို့။ ပါးစပ်တစ်ယောက်တည်း ပါတာဟာ စကားကို နည်းနည်းပဲ ပြောဆိုဖို့ပဲ။ စကားလွယ်လွယ်ပြောတဲ့သူကို သူနဲ့ အကျင့်တူ၊ ဘက်တူသူကလွဲလို့ ဘယ်သူမှ သောက်ရေးမလုပ်ချင်ကြဘူးကွ။ နောက်ဆုံးရလဒ်ကတော့ နာမည်ပျက် ဆိုတဲ့ မဟာဂုဏ်ပုဒ်ကြီးပေါ့ကွာ။
"အမျိုး"ဆိုတာ မခေါ်လို့သာ ရမယ်။ မတော်လို့ မရဘူးတဲ့။ မင်းအပေါ်မှာ ကောင်းတဲ့ ဆွေမျိုးသာချင်းတွေ ရှိသလို မကောင်း(မနာလိုဖြစ်)တဲ့ ဆွေမျိုးသားချင်းတွေလည်း ရှိမှာပဲ။ အဲဒီတော့ အထိုက်အလျောက် မင်း နေတတ်အောင် နေပါ။ အဲဒီလိုနေတဲ့ကြားကမှ ကန့်သတ်ထားတဲ့ဘောင်(စည်း) ကျော်လာရင်တော့ ပတ်ဝန်းကျင်က မင်းကို ဘာပဲ ပြောနေပြောနေ မင်း လုပ်ချင်သလိုသာ လုပ်ပစ်လိုက်တော့။
"စိတ်" ဆိုတာလေးကို သတိထားပြီး ထိန်းပါ။ စိတ်ကို အရမ်းအလိုလိုက်ရင် ဘာဖြစ်မယ်ဆိုတာ မင်းလည်း သိပြီးသားပါ။ တဖြည်းဖြည်းချင်း သတိလေးနဲ့ ယှဉ်ပြီးထိန်းပေါ့ကွာ။ လူက စိတ်ကို နိုင်ထားမှဖြစ်မှာနော် ... စိတ်ကလူကိုနိုင်ပြီး စိတ်ရဲ့စေရာ လျောက်လုပ်နေမယ်ဆိုရင်တော့ ဘ၀ပျက်ပြီလို့သာ မှတ်လိုက်တော့။

ကျွန်တော် လည်း သိဖို့ လိုတယ် ဗျ .. ပြန်ပြန်တော့ ဆန်းစစ် ဖြစ်ပါတယ် :D
ReplyDeleteဆန်းစစ်ဖြစ်တာ ကောင်းပါတယ် ကိုစိုးထက်။
ReplyDeleteကျွန်တော်က တစ်ခါတလေ သိသိကြီးနဲ့ မိုက်နေတတ်တယ်။